Print

မိုးပေါ်ကအပ်တစ်စင်းနှင့် မြေပေါ်က အပ်တစ်စင်း ဆုံချင်တယ်

  08-Dec-2019
Preview Image

          အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပေါင်းဖက်ကာ အကြင်လင်မယားအဖြစ်ရောက်ရှိသွားလျှင် သံယောဇဉ် အမျှင်ကြိုးလေးတစ်ချောင်း ထပ်ချည်ချင်ကြသည်။ သားသမီးဆိုသည့် သံယောဇဉ်အမျှင်ကလေး မရသည့်အခါ စိတ်ဆင်းရဲရသည်။လက်မလျှော့ဘဲ ကြိုးစားပါတယ် ဆရာရယ် . . . ဒါပေမယ့်အရာမထင်ပါဘူးဆိုသူတွေလည်း ရှိကြသည်။ အရာထင်အောင် ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ . . .


          စိတ်ဖိစီးခြင်း Stress များကို အတတ်နိုင်ဆုံး လျှော့ချသင့်ပါတယ်။ အမျိုးသားများအတွက်ဆိုရင် (Testosterone ဟော်မုန်း) နှင့် အမျိုးသမီးအတွက် မမျိုးဥထွက်လာစေရန် ထိန်းချုပ်ထားသော ဦးနှောက်အစိတ်အပိုင်းကို Stress သည်အနှောက်အယှက်ပေးသည်။ ဓမ္မတာစက်ဝန်းအတွင်း မမျိုးဥ လုံးဝမကြွေခြင်း၊ မမျိုးဥကြွေချိန် နောက်ကျခြင်းများ ဖြစ်စေနိုင်သည်။


          ကလေးအမှန်တကယ်လိုချင်သော ဇနီးမောင်နှံနှစ်ဦးသည် ကျန်းမာသန်စွမ်းအောင် နေထိုင်ရပါမည်။ အစားအုပ်စုသုံးခုလုံးပါအောင်စားသုံးကာ အစားအသောက် အနေအထိုင် ဆင်ခြင်သင့်ပါသည်။ ဥပမာ - အရက်၊ ဆေးလိပ်များရှောင်ကြဉ်ခြင်း၊ ဆိုးဆေး၊ ဆေးသကြား ပြန်ကြော်ဆီများ ရှောင်ကြဉ်သင့်သည်။ ကြက်ဥ၊ နွားနို့ ပုံမှန် သုံးဆောင်ပေးခြင်းဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်ကာ အာဟာရဓာတ် ပြည့်ဝစေနိုင်ပါသည်။


          သည့်အပြင် အမျိုးသမီးတွင် မမျိုးဥနှင့် အမျိုးသားတွင် ဖိုသားကောင်ကလေးများ အရေအတွက်နှင့် အရည်အချင်းကောင်းမွန်ပြည့်စုံပါရဲ့လား ဆိုသည်ကို ဆန်းစစ်သင့်သည်။ ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ ငယ်ရွယ်စဉ် ပါးချိတ်ရောင်ရောဂါရှိခဲ့ဖူးခြင်း၊ ကပ်ပယ်အိတ် ရောင်ခြင်း၊ အမျိုးသမီးများတွင် မီးယပ်ရောဂါများရှိခြင်းဆိုသည်ကိုလည်း ဆရာဝန်များနှင့် တိုင်ပင်ပြသသင့်ပါသည်။


          နှစ်ဦးအတူနေချိန် မှန်ရဲ့လား၊ မမျိုးဥ ကြွေသောအချိန်နှင့် ဓမ္မတာစက်ဝန်းအကြောင်း ရင်သွေးရလိုသော အမျိုးသမီးသည် မသိ၍မရပေ။ ပုံမှန်အားဖြင့် ဓမ္မတာစတင်ပေါ်လာသော ပထမရက် Day 1 မှ ရေတွက်ပါက ၁၄ ရက်မြောက်နေ့ဖြစ်သည်။ ဓမ္မတာစတင်ဖြစ်ပေါ်လာသော နေ့မှ ၁၂ နေ့မှ ၁၅ ရက်နေ့ကြားတွင် အမျိုးသားနှင့် လိင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ပါသည်။ အမျိုးသမီးအနေနှင့် မမျိုးဥကြွေချိန်ကို သိရှိနိုင်ရန် ပြက္ခဒိန်သုံးသင့်ပါသည်။ ဓမ္မတာစလာပြီးသောနေ့ကို ပြက္ခဒိန်ပေါ်တွင် Day 1 ဟုသတ်မှတ်ကာ မိမိသည် ရက် ၃၀ တစ်ခါပေါ်သူဖြစ်ပါက စမှတ်ထားသော Day 1 မှ Day 30 အထိ မှတ်ထားပါ။ အမျိုးသမီးရဲ့သားအိမ်က မမျိုးဥ Ovum သည် One Cycle ၏ အလယ်ခေါင်တည့်တည့် Day 15 အလယ်ခေါင်တွင် ထွက်လေ့ရှိသဖြင့် မှတ်ထားသင့်ပါသည်။ Day 15 အရှေ့နှစ်ရက်၊ သုံးရက် ကြိုထွက်နိုင်သကဲ့သို့ Day 15 အနောက် နှစ်ရက်၊ သုံးရက် နောက်ကျထွက်နိုင်ပါသည်။ Day 15 အရှေ့အနောက်စုစုပေါင်း ခုနှစ်ရက်လောက် အတူတူနေကာ ကြိုးစားကြမည်ဆိုလျှင် ကိုယ်ဝန်ရရန်အခွင့်အရေးများပါသည်။ မမျိုးဥကြွေသော လက္ခဏာများအနေဖြင့် ရင်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လေပွခြင်း၊ ဝမ်းဗိုက်တွင် စူးပြီးအောင့်ခြင်း၊ အောက်ခံဘောင်းဘီတွင် သွေးအနည်းငယ် စွန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ မမျိုးဥကြွေချိန်တွင် အကြည်ရောင် အဖြူရည်များ ဆင်းတတ်ခြင်း၊ ပုံမှန်ထက် အဖြူပိုဆင်းနိုင်ခြင်း၊ သားအိမ်ခေါင်းသည် ပုံမှန်ထက် ပိုမိုပျော့ပျောင်းပြီး ကျယ်နေတတ်ခြင်းတို့ကို အမျိုးသမီးသည် စမ်းသပ်တွေ့ရှိနိုင်ပါသည်။


          ထို့ပြင် အမျိုးသားနှင့် အမျိုးသမီးသည် လိင်ဆက်ဆံပြီးနောက် သားအိမ်ထဲရောက်နှင့်ပြီးသော သုက်ပိုးများအပြင်ပြန်မထွက်စေရန် ခန္ဓာကိုယ်အနေအထား မှန်ကန်အောင် နေထိုင်သင့်ပါသည်။ လိင်ဆက်ဆံမှု ပြီးပြီးချင်း ဆေးကြောပစ်ခြင်းသည် ကိုယ်ဝန်ရရှိမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည်။


          လိင်ဆက်ဆံရာတွင်လည်း တင်ပါးအောက်တွင် ခေါင်းအုံးခုထားပါက သုက်ပိုးများ ကူးလူးဝင်ရောက်ရန် အကောင်းဆုံး အနေအထားပုံစံ ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံး အပေးအယူမျှကာ စိတ်ကျေနပ်မှုရှိသော လိင်ဆက်ဆံမှု ဖြစ်စေခြင်းသည်လည်း ကိုယ်ဝန်ရရန် အထောက်အပံ့ပေးနိုင်ပါသည်။


          နောက်ဆုံးဘယ်လိုမှ ကြိုးစားလို့ မရတော့ဘူးဆိုလျှင်တောင် ဖန်ပြွန်ထဲသန္ဓေဆောင်ပြီးမှ အမေ့သားအိမ်ထဲ ပြန်ထည့်သည့်နည်းများကို ကြိုးစားကြည့်၍ ရပါသေးသည်။ စိတ်ဓာတ်ကျရန် မလိုပါ။ အကောင်းဆုံးအနေနှင့် မီးယပ်နှင့် သားဖွားအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသသင့်ပါသည်။

          အိမ်၏ ဆည်းလည်းသံလေးများ တချွင်ချွင်မြည်ကာ စိတ်ချမ်းသာကြည်နူးဖွယ်ကောင်းသော မိသားစုဘဝလေးများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။


Credit : မှူးဉာဏ်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18