Print

အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်

  24-Oct-2019
Preview Image

          အမျိုးသမီးများ မီးယပ်သွေးဆုံးခြင်းမှာ ရောဂါတစ်ခုမဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်သဘာဝ အကြောင်းတရားတစ်ခုသာဖြစ်သည်။ ကောင်းသော သွေးဆုံးခြင်း သို့မဟုတ် မှန်ကန်သော သွေးဆုံးခြင်းနှင့် မူမမှန်သော သွေးဆုံးခြင်းများရှိသည်။ မှန်ကန်သော သွေးဆုံးခြင်းမှာ ရောဂါဝေဒနာ မခံစားရသော်လည်း မူမမှန် သွေးဆုံးခြင်းမှာ ဆင့်ပွားရောဂါ အမျိုးမျိုးခံစားရတတ်သည်။ အမျိုးသမီးများ မီးယပ်သွေးဆုံးချိန် တစ်ယောက်နှင့်တစ်ယောက် အသက်မတူညီကြပေ။ အချို့ အသက် ၄၀ နှစ်မှ အသက် ၄၅ နှစ်အတွင်း သွေးဆုံးကြပြီး အချို့ အသက် ၅၀ နှစ်မှ ၅၅ နှစ်ကြား သွေးဆုံးကြသူများလည်း ရှိကြသည်။ ယေဘုယျအားဖြင့် အသက် ၅၀ နှစ်နှင့် အသက် ၅၁ နှစ်ကို သွေးဆုံးချိန်ဟု သတ်မှတ်ကြသည်။


          အသက် ၄၅ နှစ်မှ အသက် ၅၀ နှစ်အတွင်း ဓမ္မတာအရ ပုံမှန်သွေးဆင်းကာ ပြီးဆုံးသွားခြင်းကို ကောင်းမွန်သော သွေးဆုံးခြင်း သို့မဟုတ် မှန်ကန်သော သွေးဆုံးခြင်းဟု ခေါ်သည်။


          အမျိုးသမီးများ သွေးဆုံးခါနီး၊ သွေးဆုံးတော့မည့် ပုဗ္ဗရုပ်ရှေ့ပြေးလက္ခဏာများမှာ မျိုးရိုးအသက်အရွယ်အလိုက်သွေးဆုံးရမည့် အချိန်ရောက်လာလျှင် တစ်လတစ်ကြိမ် ဓမ္မတာပုံမှန် သွေးဆင်းရာမှ တစ်လ နှစ်လ ရပ်ဆိုင်းသွားခြင်း၊ တစ်လတည်းမှာ ဓမ္မတာသွေးနှစ်ကြိမ်သုံးကြိမ်ဆင်းခြင်း၊ သွေးအနည်းငယ်ရက်ရှည်ဆင်းခြင်း စသည်ဖြင့် သွေးကစား ဖောက်ပြန်လာတတ်သည်။ ထိုအကြောင်းအချက်များမှာ အမျိုးသမီးများ သွေးဆုံးခါနီး ရှေ့ပြေး ပုဗ္ဗရုပ်လက္ခဏာများ ဖြစ်သည်။

 

         မီးယပ်သွေးဆုံးချိန်တွင် ပထမဦးဆုံး သိသာထင်ရှားသည့် လက္ခဏာမှာ ချွေးစေးများ ရုတ်တရက် ထွက်လာတတ်သည်။ ဖြစ်စမှာ ၁၀ မိနစ် ၁၅ မိနစ်ချွေးစေးပြန်ပြီး ချွေးများ ရွှဲနေတတ်သည်။ အသေးအဖွဲကိစ္စကိုပင် စိတ်တိုလွယ်ခြင်း၊ စိတ်ဆိုးလွန်းခြင်း၊ တီဗွီ၊ ဗွီဒီယိုကြည့်ရင်း စိတ်မထိန်းနိုင်ဘဲ ငိုခြင်း၊ ရှိုက်ကြီးတငင် ငိုကြွေးခြင်း၊ မိသားစုနှင့် မသင့်မြတ်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းမူးပြီး လေးလံထိုင်းမှိုင်းလာခြင်း၊ အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်လာခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ လက်ဖျားများအေးစက်လာခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ လိင်စိတ်အမျိုးမျိုးဖြစ်ခြင်း၊ (အချို့အမျိုးသမီးများ လိင်စိတ်တက်ကြွပြီး အချို့အမျိုးသမီးများ လိင်စိတ်ကုန်ခမ်းခြင်း)၊ နှလုံးတုန်ရင်ခုန်မောပန်းခြင်း စသည့် လက္ခဏာများ မီးယပ်သွေးဆုံးချိန်တွင် ကြုံတွေ့ရတတ်ပေသည်။


          မီးယပ်သွေးဆုံးချိန်တွင် အစားအသောက် အနေအထိုင် မဆင်ခြင်ခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရတတ်သည်။

၁။ အသားအရေ ယားယံခြင်း

၂။ တင်းတိပ် မှဲ့ခြောက်နှင့် အဖြူကွက်များထွက်ခြင်း

၃။ နှလုံးတုန်၊ ရင်ခုန်၊ မူးဝေခြင်း

၄။ အကြောများတက်ခြင်း

၆။ စိတ်ထားမမှန်ခြင်း (ရူးသွပ်ခြင်း)

၇။ လည်ပင်း၊ သားမြတ်၊ သားအိမ်တို့တွင် အဖုအကျိတ်ထွက်ခြင်း

၈။ အားအင်ကုန်ခမ်းချည့်နဲ့ခြင်း

၉။ ထုံကျင်ကိုက်ခဲခြင်း

၁၁။ အရွယ်လွန်မှ မီးယပ်ဖြူနီဆင်းခြင်း

၁၂။ သားအိမ်လျှောကျခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရတတ်ပေသည်။


          မီးယပ်သွေးဆုံးချိန်တွင် သွေးဆုံးကိုင်ရောဂါ မခံစားရစေရန် ကြိုတင်ကာကွယ်နိုင်သည့် အချက်အလက်များမှာ အရွယ်ရောက်သည့် အမျိုးသမီးတိုင်း သွေးဆုံးချိန်တွင် အရိုးပါး၊ အရိုးပွရောဂါမဖြစ်ပွားစေဖို့နှင့် အရိုးသန်မာဖို့ လိုအပ်ပေသည်။ နေ့စဉ် ကယ်လ်ဆီယမ်ဓာတ် ၁၂၀၀ မှ ၁၅၀၀ မီလီဂရမ် စားသုံးရန်လိုအပ်ပေသည်။ ဗီတာမင် ၄၀၀ IUS လိုအပ်ပါသည်။ ဗီတာမင် ဒီဓာတ် ကြွယ်ဝစွာပါဝင်သော ငါးကြီးဆီ၊ ထောပတ်၊ နွားနို့၊ ကြက်ဥအနှစ်များ စားသုံးဖို့လိုအပ်ပါသည်။ နံနက်စောစော ကိုးနာရီမထိုးမီ နေပူစာလှုံလျှင် ဗီတာမင်ဒီဓာတ် ရရှိစေပါသည်။ သွပ်ဓာတ်သည် ထုံးဓာတ် (ကယ်လ်ဆီယမ်ဓာတ်) စုပ်ယူမှုအားကောင်းစေသည့်အတွက် သွပ်ဓာတ်ပါဝင်သော ရွှေဖရုံသီး၊ ရွှေဖရုံစေ့တို့ကို စားသုံးရပါမည်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်းတို့ကို ပြုလုပ်သင့်ပါသည်။


          သွေးဆုံးချိန် သွေးဆုံးကိုင်ရောဂါဝေဒနာပြင်းစွာ မခံစားစေရန် ငယ်စဉ်ကပင် သင့်လျော်သော အစားအစာ စားသောက်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးများ ရှောင်ကြဉ်ခြင်း၊ အချိုဓာတ်၊ အငန်ဓာတ် လွန်ကဲစွာ စားသောက်ခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ဦးစားပေးစားသောက်ရပါမည်။ (ဥပမာ - ဟင်းနုနယ်၊ ပဲသီး၊ ကန်စွန်းရွက်၊ ဂေါ်ရခါးသီး စသည့် အသီးအရွက်များ) လုံးတီး အစေ့အဆန်များ၊ အဆီနည်းသည့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ အိုမီဂါ ၃ များစွာပါသော ငါး(ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး (ငါးသေတ္တာငါး)၊ အရိုးပါစား၍ရသည့် ငါးကလေးများ တစ်ပတ်လျှင် နှစ်ရက် သုံးရက်စားပေးသင့်ပါသည်။ အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးအတွက် အမျှင်ဓာတ်များများပါဝင်ပြီး ကင်ဆာရောဂါကာကွယ်သည့် ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ စပျစ်သီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ ထောပတ်သီး၊ သင်္ဘောသီးများ အလျဉ်းသင့်သလို စားသုံးရပါမည်။


          ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး စသည့်ပဲများတွင် ပရိုတင်းဓာတ်များများပါဝင်ပြီး ခန္ဓကိုယ်တွင်း ဟော်မုန်းပမာဏကို ထိန်းညှိပေးခြင်းကြောင့် အရည်ဟင်းတစ်ခွက်အဖြစ် နေ့စဉ်စားသုံးသင့်ပါသည်။

          မီးယပ်သွေးဆုံးချိန်တွင် နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ အရိုးအဆစ်နာကျင်ကိုက်ခဲသည့်ရောဂါ စသည့် ရောဂါတစ်မျိုးမဟုတ်တစ်မျိုးဖြစ်တတ်သောကြောင့် ဆားများများစားသုံးခြင်းမှ ဆင်ခြင်ပြီးပြည့်ဝဆီ၊ အသွင်ပြောင်းဆီများ စားသုံးခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပေသည်။


          အထက်မှာတင်ပြခဲ့သည့်အတိုင်း ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ကြိုးခုန်ခြင်း၊ အားကစားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ သင့်လျော်သည့်အစားအစာများ စားသောက်ခြင်း၊ ရှော်ကြဉ်ရမည့် အချက်အလက်အစားအစာကို ရှောင်ကြဉ်ခြင်းများကို လိုက်နာပြီးစနစ်တကျ နေထိုင်စားသောက်သွားမည်ဆိုလျှင် အမျိုးသမီးများသွေးဆုံးချိန် သွေးဆုံးကိုင် ရောဂါဝေဒနာခံစားရခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း မြန်မာ့တိုင်းရင်းဆေးပညာအမြင်နှင့် သိပ္ပံဆေးပညာရှင် ဆရာဝန် အမြင်တို့အား ပေါင်းစပ်ကာ ရေးသားတင်ပြလိုက်ပါသည်။

Credit : ဝင်း(အင်ကြင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18