Print

၆ လမှ ၉လ အရွယ် ဘေဘီလေးတို့အတွက် ဖြည့်စွက်စာလေးများ

  16-Aug-2020
Preview Image

          ဘေဘီလေးတို့ အသက် ၆ လကျော်လာတဲ့အခါ ဘေဘီလေးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ သိသိသာသာ မြန်ဆန်လာပါပြီ။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေ ထပ်ဖြည့်ကျွေးဖို့ လိုလာပါပြီ။ ဒီအတွက် မေမေတို့အနေနဲ့ ဘယ်လိုဖြည့်စွက်အစားအစာတွေကို ကျွေးသင့်လဲ၊ ကျွေးရမလဲဆိုတာ စဉ်းစားရပါတော့မယ်။ ဒီအတွက် Lovely Mom က မေမေတို့ ခေါင်းမခဲရဘဲ လွယ်လွယ်ကူကူပြင်ဆင်ကျွေးနိုင်စေဖို့ ဘေဘီလေးတို့ ကြီးထွားဖွဲ့ဖြိုးမှုတွေကို အားကောင်းစေမယ့် ဖြည့်စွက်စာလုပ်နည်းလေးတွေကို ဝေမျှပါရစေရှင်။


Potato + Carrot + Pumpkin Puree

          ဘေဘီလေးတို့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်အပြင် ဗီတာမင်စီ ကြွယ်ဝတဲ့ အာလူး၊ ဗီတာမင်အေနဲ့ အင်တီအောက်ဆီးဒင့်အစွမ်းမြင့်တဲ့ မုန်လာဦနီနဲ့ အမြင်အာရုံအတွက် အားကောင်းစေမယ့် ရွှေဖရုံသီးတို့ကို ရောစပ်ပြုလုပ်ထားတဲ့ ဖြည့်စွက်စာ ပြုလုပ်နည်းလေးကို အရင်ဆုံး ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေက . . .

အာလူး အလုံးကြီး        - ၁ လုံး

မုန်လာဥနီ အနေတော်   - ၂ ဥ

ရွှေဖရုံသီး အစိတ်ငယ်    - ၁ စိတ်

ရေသန့်                              - ၁ လီတာ

ဆား၊ သကြား၊

ငရုပ်ကောင်းမှုန့်           - အနည်းငယ်


ပြုလုပ်နည်း

-       ပထမဆုံး အာလူး၊ မုန်လာဥနီနဲ့ ရွှေဖရုံသီးတို့ကို အခွံနွှာ၊ အတုံးငယ်လေးတွေ တုံးကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြုတ်အိုးတစ်လုံးထဲမှာ ထည့်ပြီး ရေတစ်လီတာ ထပ်ထည့်ကာ နာရီဝက်ခန့် ပြုတ်ပေးပါ။ အချိန်စေ့ရင် အိုးချပြီး ပြုတ်ရည်ကို စစ်ထုတ်ပါ။ ပြုတ်ရည်ကို ပန်းကန်တစ်လုံးနဲ့ ခံယူထားနော်။ ရေစစ်ထားတဲ့ အသီးပြုတ်တွေကို Blender ထဲ ပြုတ်ရည် တစ်ခွက်ထည့်ပြီး ကြိတ်ခြေပေးပါ။ ရလာတဲ့ အနှစ်ကို အိုးထဲထည့်ပြီး ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်ကို ထည့်ကာ ဆယ်မိနစ်ခန့် ထပ်ထည့်ပေးပြီးရင် အိုးကိုချ၊ အအေးခံပြီး ဘေဘီလေးကို ကျွေးလို့ ရပြီနော်။


Rice + Radish + Cauliflower Puree

          ဘေဘီလေးတို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်တဲ့ ကစီဓာတ်ကို ဆန်က ရနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ များစွာပါဝင်တဲ့ မုန်လာဥနဲ့ ပန်းဂေါ်ဖီတို့ကို ရောစပ်ထားတဲ့ ဖြည့်စွက်စာ လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေက

ဆန် စားပွဲတင်ဇွန်း                 - ၁ ဇွန်း

မုန်လာဥ အနေတော်              - ၁ ဥ

ပန်းဂေါ်ဖီပန်းကန်လုံးငယ်         - ၁ လုံးစာ

ဆား၊ သကြား                      - အနည်းငယ်


ပြုလုပ်နည်း

          ဆန် (၁) ဇွန်း၊ အခွံနွှာရေဆေးပြီး အတုံးငယ်လေးတွေ တုံးထားတဲ့ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီတို့ကို အိုးတစ်လုံးထဲ ထည့်ကာ နာရီဝက်ခန့်ပြုတ်ပါ။ ပြီးရင် ရေစစ်ပြီးကြိတ်ခြေပါ။ ပျစ်နေပါက စစ်ထားတဲ့ ပြုတ်ရည်အနည်းငယ်ထည့်ရောကာ ခြေပေးပြီး အရသာရှိအောင် ဆား၊ သကြား အနည်းငယ်ရောမွှေပြီး ဘေဘီလေးကို ကျွေးလို့ရပြီနော်။


Moong dal bean + Brocoli + Fish Puree

          ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲဝါလေး၊ ဗီတာမင်ကေ၊ ပိုတက်ဆီယမ်နဲ့ သံဓာတ်တွေ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ အိုမီဂါအက်ဆစ်တွေ ကြွယ်ဝပြီး အသားဓာတ်လည်း ပေးနိုင်တဲ့ ငါးတို့ကို ရောစပ်ပြီး ဖြည့်စွက်စာ လုပ်နည်းလေးပါ။

ပါဝင်ပစ္စည်းတွေက

ပဲဝါလေး စားပွဲတင်ဇွန်း            - ၁ ဇွန်း

ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံးငယ်    - ၁ လုံးစာ

ငါးအသားလွှာ                      - ၅ ကျပ်သား

ဆား၊ သကြား၊ ငရုတ်ကောင်း     - အနည်းငယ်


ပြုလုပ်နည်း

          ပဲဝါလေးကို ရေဆေးပြီး ရေစိမ်ထားပါ။ ပန်းဂေါ်ဖီစိမ်းကို ရေဆေးပြီး အတုံးငယ်လေးတွေက လှီးထားပါ။ ငါးအသားလွှာကို ရေဆေးပြီး ဆားအနည်းငယ်နယ်ပြီးလျှင် အားလုံးကို အိုးတစ်လုံးထဲ ရေမြုပ်အောင်ထည့်ကာ နာရီဝက်ခန့် ပြုတ်ပါ။ အချိန်စေ့လျှင် မီးပိတ်၊ အိုးချပြီး ပြုတ်ရည်ကို စစ်ထားပါ။ ငါးအသားလွှာကို အရိုးစင်အောင် နွှင်ပြီး ပဲဝါလေး၊ ပန်းဂေါ်ဖီစိမ်းတို့ရဲ့အတူ ပြုတ်ရည်အနည်းငယ်ရောထည့်ပြီး Blender နဲ့ ကြိတ်ခြေပေးပါ။ အရသာရှိအောင် ဆား၊ သကြားနဲ့ ငရုပ်ကောင်းအနည်းငယ်ထည့်ပြီး ဘေဘီလေးကို ကျွေးလို့ ရပြီနော်။


Avocado + Egg yolk + Sweet Potato + Milk

          ဒီဖြည့်စွက်စာလေးကတော့ ဘေဘီလေးတို့ရဲ့ ဦးနှောက်မှတ်ဉာဏ်အားကောင်းစေဖို့ အကောင်းဆုံးအာဟာရဖြစ်တဲ့ အိုမီဂါ ၃ ကြွယ်ဝသော ထောပတ်သီး၊ ကြက်ဥအနှစ်တို့ကို ဗီတာမင်အေ၊ စီအပြင် ဖောလိတ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ ကန်စွန်းဥ၊ နို့တို့နဲ့ ပေါင်းစပ်ထားတာပါ။

ပါဝင်ပစ္စည်းတွေက

ထောပတ်သီး အနေတော်         - ၁ ခြမ်း

ကြက်ဥ                                       - ၁ လုံး

(ပြုတ်ပြီး အနှစ်ကိုသာ ထုတ်ယူထားပါ)

ကန်စွန်းဥ                           - ၁ လုံး

(ပြုတ်ပြီး အခွံနွှာကာ အတုံးငယ်လေးတွေ တုံးထားပါ)

နို့ (မိခင်နို့ သို့မဟုတ် နွားနို့)       - စားပွဲတင်ဇွန်း ၅ ဇွန်း


ပြုလုပ်နည်း

          ထောပတ်သီးကို အသားခပ်ထုတ်ပြီး Blender ထဲထည့်၊ ကြက်ဥအနှစ်၊ ကန်စွန်းဥပြုတ်အတုံးလေးတွေနဲ့ နို့ရောထည့်ကာ ကြိတ်ခြေပြီး ဘေဘီလေးတို့ကို ဖြည့်စွက်စာအနေနဲ့ ကျွေးလို့ရပြီနော်။

Credit : Lovely Mom

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18