Print

“ကျား” မဟုတ် “မ” မဟုတ်

  03-Apr-2019
Preview Image

သမီးလေး “ပန်းဖြူဖွေး” . . .

အပေါက်မပါတဲ့ အပျိုပေါက်မ ကလေး “မိစံ” . . . ကလေးဘဝတစ်လျှောက်လုံး မိန်းကလေးတစ်ယောက်လိုပဲ သူ့မိသားစုကရော ၊ သူ့သူငယ်ချင်း အပေါင်းအသင်းတွေရော ၊ သူတို့ကျောင်းက ဆရာ၊ ဆရာမတွေကရော ၊ တစ်ရပ်လုံး တစ်ရွာလုံးကရော “မိစံ. . . မိစံ” နဲ့ခေါ်ပြီး အသိအမှတ်ပြုထားကြတာ။ အခုတော့ “မိစံ” ဆိုတဲ့ ကောင်မလေးဟာ တကယ်ရော ကောင်မလေးစစ်စစ်ဟုတ်ရဲ့လား။ ကောင်မလေးမဟုတ်ရင်ရော သူကဘာလဲ. . . ကောင်ကလေးလား။ ကောင်ကလေးဆိုရင်ရော ကောင်ကလေးစစ်စစ် ဟုတ်ရဲ့လား။


သမီးရေ . . . ဦးဦးအိုဂျီရဲ့ “မိစံ” ဆိုတဲ့ ယောကျ်ားမဟုတ် ၊ မိန်းမမဟုတ် ဟိုမရောက်ဒီမရောက် မလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အပြင်က မျက်စိနှစ်လုံး နဲ့တွေ့မြင်သမျှ နေရာအားလုံးကို စေ့စေ့စပ်စပ် သေသေချာချာ နေရာလပ်ဆိုလို့ တစ်လက်မလေးတောင် မကျန်စေရအောင် စမ်းသပ်စစ်ဆေးပြီး သွားပြီကော။


 ကိုင်း. . . မိစံလေးကို ကျေးဇူးတင်စကားပြော (အခုလို ကြည်ကြည်သာသာ စမ်းသပ်စစ်ဆေးမှုကို ခံယူတဲ့အတွက်) ပြီးတာနဲ့ “မိစံ” ဆိုတဲ့ ငတိမလေးကို ဘယ်ပုံဘယ်နည်း ဆေးကုပေးရမယ်ဆိုတာ စဉ်းစားခန်းဝင်ရပြီပေါ့ကွယ်။


ဦးဦးတို့ ဆရာဝန်တွေဟာ နေ့စဉ် နေ့တိုင်း လူနာပေါင်းများစွာ များစွာကြည့်ကြရတယ်။ အခုလို နှစ်ပေါင်းများစွာဆရာဝန်လုပ်ခဲ့ပြီး မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ လူနာတွေကို ကြည့်ပြီးသွားတဲ့အခါ လူနာတစ်ယောက်ကိုကြည့်တယ်ဆိုတဲ့ ကိစ္စဟာ ထမင်းစားသလို ရေသောက်သလို အင်မတိအင်မတန် ရိုးရှင်းလွယ်ကူသွားသလို ခံစားလာခဲ့ရတယ်။


ဦးဦးတို့ဆီ လာပြကြတဲ့ လူနာအများစုဟာ ဗိုက်ကြီးသည် ကိုယ်ဝန်ဆောင်တွေ သွေးပေါ်လွန်းတဲ့ ၊ သွေးမပေါ်တဲ့ ၊ ဗိုက်ထဲအလုံးရှိတဲ့ ကလေးလိုချင်တဲ့ ၊ အဖြူဆင်းတဲ့ လူနာတွေချည်း။ နေ့စဉ်နေ့တိုင်း ထပ်ခါထပ်ခါ ဒီလိုလူနာမျိုးတွေချည်း ကြည့်ရတာ များလွန်းလာတဲ့အခါ ဘယ်လိုလူနာမျိုးလာရင် ဘာလုပ်ရမယ်၊ ဘယ်လို ဆေးကုရမယ်ဆိုတဲ့ ကိစ္စတွေဟာ ထွေထွေထူးထူးစဉ်းစားစရာတောင်မှ မလိုတော့ဘဲ သံပတ်ပေးထားတဲ့ အရုပ်ကလေးတွေလိုပဲ သူ့အလိုလို အော်တိုမစ်တစ် လှုပ်ရှားနေကြတော့ တာပေါ့။


အဲ. . . ဒါပေမယ့် အခု “မိစံ”ဆိုတဲ့ငတိမလေးနဲ့ ရင်ဆိုင်တွေ့ပြီး ဆေးကုသပေးရမယ့် ဆရာဝန်အတွက်ကျတော့ ခါတိုင်းလို ထမင်းစားရေသောက်သလိုမျိုး အော်တိုမစ်တစ် လှုပ်ရှားလို့ မရတော့ဘူး သမီးရေ။ ဒီရောဂါတွေ့ပြီ ဒီလိုမျိုး ဆေးပေးလိုက်၊ ဒီလိုမျိုး ခွဲစိတ်လိုက်ဆိုတာမျိုး “၂” နဲ့ “၃” ပေါင်းရင် “၅” ရတယ်ဆိုတာမျိုး ရိုးရိုးရှင်းရှင်းကလေး မဟုတ်ပေဘူး။


ဘာဖြစ်လို့လဲ ဆိုရင်တော့ ဒီလို လူနာမျိုးဟာ နေ့စဉ်နဲအမျှ တွေ့နေကျ မြင်နေကျ သမရိုးကျ လူနာမျိုးမှ မဟုတ်တာ။ တစ်နှစ်လုံးနေလို့လည်း တစ်ယောက်တွေ့ရဖို့ဆိုတာက မလွယ်လောက်အောင် ရှားရှားပါးပါး ဆန်းဆန်းပြားပြား တစ်ခါတစ်ရံလေးကျမှ ကံကောင်းထောက်မတာလား ၊ ကံဆိုးမိုးမှောင်ကျတာလားမသိ . . . ကံကြုံမှ ဆုံတွေ့ရတတ်တဲ့ လူနာမျိုး ဖြစ်လို့ပါပဲ သမီးရာ။


ဘယ်လိုဘယ်လောက် ထူးခြားဆန်းပြားပြီး ရှားပါးတဲ့ လူနာမျိုးပဲဖြစ်ဖြစ် ဆရာဝန်တစ်ယောက်ဟာ လူနာတစ်ယောက်ကို ဆေးကုသတဲ့အခါတိုင်း မဖြစ်မနေလုပ်ရတဲ့ လက်တွေ့ကျတဲ့အဆင့်ကလေးတွေကို လိုက်နာကြရတာ ပဲဖြစ်တယ်။ ပြဿနာဖြေရှင်းနည်း “Problem Solving Approach” လို့ခေါ်တယ်။ ဘယ်လိုပြဿနာမျိုးမဆို ဒီနည်းနဲ့ဖြေရှင်းကြရတယ်။ ပြဿနာတစ်ခုတွေ့တာနဲ့ ဒုန်းခနဲ ဒိုင်းခနဲ ဖြေရှင်းလို့မရဘူး။


“ OTA Approach” လို့ခေါ်တဲ့ နည်းအတိုင်းအဆင့်ဆင့် ဖြေရှင်းရတာဖြစ်တယ်။ ပထမဆုံးစာလုံး “O” ဆိုတာ Observe ၊ ပြဿနာရဲ့ တကယ့်အစစ်အမှန် သူ့ရဲ့တရားခံကို စနစ်တကျ သေသေချာချာ စိစစ်ရှာဖွေ ဖော်ထုတ်ခြင်းဖြစ်တယ်။ ဒီအဆင့်မှာ ဆရာဝန်တစ်ယောက် လူနာကိုတွေ့ရင် လုပ်ရမယ့်အဆင့် သုံးဆင့်ရှိတယ်။ ပထမဆုံးအဆင့်က ရောဂါရာဇဝင်မေးမြန်းတာ ၊ ဒုတိယအဆင့်က လက်တွေ့စမ်းသပ်စစ်ဆေးတာ၊ တတိယအဆင့်ကတော့ အာထရာဆောင်းရိုက်သွေးစစ် ၊ဆီးစစ်၊ ဓာတ်မှန်ရိုက် . . . စတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ စစ်ဆေးစမ်းသပ်ခြင်းဖြစ်တယ်။ ဒီသုံးဆင့်ပြီးလို့ အဖြေတွေကနေ ရောဂါကို တိတိကျကျ သိရပြီဆိုပါတော့ . . . အဲဒီအခါ ဒုတိယစာလုံး “T” ဖြစ်တဲ့ “Think” စဉ်းစားဖို့ပဲဖြစ်တယ်။ ဒီရောဂါနဲ့ ပက်သက်လို့ ကုထုံးတွေ ဘယ်နှခုရှိသလဲ။ အဲဒီကုထုံးဆေးနည်းတွေထဲက ဘယ်နည်းနဲ့ လူနာအတွက် အကောင်းဆုံးအသင့်တော်ဆုံး ဖြစ်မလဲဆိုတာ စဉ်းစားစရတာဖြစ်တယ်။ တတိယစာလုံးက “A” ကတော့ “Action” ခုနက ရွေးချယ်ထားတဲ့ နည်းအတိုင်း လက်တွေ့ ဆေးကုတဲ့ အဆင့်ပဲဖြစ်တယ်။


ဒီ “OTA” နည်းလမ်းနဲ့ ဒီငတိမလေး “မိစံ” ရဲ့ ပြဿနာကို ဖြေရှင်းကြမယ်။ ဦးဦးဘယ်အဆင့်ကို ရောက်နေပါလိမ့်။ ပထမ “Observe” မှာ ရာဇဝင် မေးပြီး ပြီ။ လက်တွေ့စစ်ဆေးပြီးပြီ။ အဲဒီတော့ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ရတော့မှာပါလား။

ကိုင်း. . . စစ်ကြပါစို့လား။

Credit : ဒေါက်တာ စိုးလွင်( တွဲဘက်ပါမောက္ခ)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18