Print

ချဉ်ပေါင်ပင်

  22-Jun-2018
Preview Image


ချဉ်ပေါင်ပင်ကို လေ့လာရာတွင် နှစ်မျိုးနှစ်စားတွေ့ရှိရ၏။ တစ်မျိုးက ရိုးရိုးချဉ်ပေါင် ၎င်းကို ဘိလပ်ချဉ်ပေါင်ခေါ်၏။ တစ်မျိုးက ဆေးချဉ်ပေါင်ပင် အချို့က ချဉ်ပေါင်လက်ကြားခေါ်၏။ အညာဒေသတွင် ရွှေဘိုရွှေပေါင်ပင်ဟု ခေါ်ကြ၏။ ရိုးရိုးချဉ်ပေါင်ပင်သည် ၃ ပေမှ ၄ ပေထိ မြင့်သောပင်မျိုးဖြစ်၏။ ဆေးချဉ်ပေါင် (ခေါ်) ရွှေဘိုချဉ်ပေါင်ပင်သည် (၂၁) ပေ ၇ တောင်ခန့်ထိ မြင့်၏။ ရွှေဘိုကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထဲတွင် ရွှေဘိုမြို့၌ စိုက်ပျိုး၍ အများဆုံးစားသုံးကြသဖြင့် ရွှေဘိုချဉ်ပေါင်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။ ဆေးဖက်ဝင်၏။ ချဉ်ရည်ဟင်းချက်စားပါက ချဉ်ခါးရသာရှိသဖြင့် လေကိုကြေစေ၏။ ဝမ်းမီးကို တောက်၏။ နှုတ်ကိုမြိန်စေ၏။ ဆီး၊ ဝမ်း၊ သွေး၊ လေ မှန်ကန်စေသည်ဟု တိုင်းရင်းဆေးကျမ်းများအလိုအားဖြင့် သိရှိရ၏။ ကုန်းဘောင်းရွှေဘိုခေတ် သီချင်းတစ်ပုဒ်ရှိခဲ့ဖူး၏။ “ရွှေဘိုချဉ်ပေါင်ခုနှစ်တောင် ဖူးခေင်ဝေလို့ဖြိုး.. ကုန်းဘောင်ရှင် ကုန်းဘောင်ရှင့် နေနွယ်ရိုး … ” ရွှေဘိုချဉ်ပေါင်သည် (၇) တောင်ထိ ရှည်ကြောင်း အလောင်းမင်းတရားကြီးနှင့်တကွ ဆွေတော်မျိုးတော်များလည်း အရပ်ရှည်ကြကြောင်း နေမျိုးနတ်နွယ်များဖြစ်သဖြင့် ရွှေဘိုချဉ်ပေါင်ကဲ့သို့ ရှည်ကြောင်းစပ်ဆိုထားခြင်းဖြစ်၏။

 

          ၎င်းအပြင် ဦးအောင်ဇေယျသည် မိဘုရားများကိုလည်း အရပ်ရှည်မှ မိဘုရားမြှောက်သည်ဟု ကျွန်တော်တို့ ငယ်စဉ်က မင်းမှုထမ်းခဲ့ဖူးသည့် အဘိုးများ ပြောပြသဖြင့် သိရှိရဖူးပါ၏။ ကျွန်တော်တို့ ကျောင်းသားဘဝတွင် အရပ်ရှည်သော မိန်းကလေးတွေ့လျှင် ရွှေဘိုမင်းကြိုက်ဟု နောက်ပြောင်ပြောဆိုခဲ့ဖူး၏။ ရွှေဘိုခရိုင်အတွင်းရှိ အညာဒေသတောရော မြို့ပါ ရိုးရိုးချဉ်ပေါင်ကို ဘိလပ်ရွက်ဟုခေါ်ပြီး ချဉ်ပေါင်လက်ကြားကိုသာ ရွှေဘိုချဉ်ပေါင်ဟု ခေါ်ကြ၏။ တိုင်းရင်းဆေးကျမ်းများ အလိုအားဖြင့် ရိုးရိုးချဉ်ပေါင် (ဘိလပ်) သည် ချဉ်၏။ ဖန်၏။ အနည်းငယ်ခါး၏။ လေကို ကြေစေ၏။ နှုတ်ကိုမြိန်စေ၏။ သည်းခြေကိုနိုင်၏။ ဝမ်းကိုသက်စေ၏။ ဆီးကိုအထောက်အကူပြု၏။ ချဉ်ပေါင်ဟင်းရည်အဖြစ် ချက်၍စားသုံးကြ၏။ ပုစွန်ဆိတ်ဖြင့်ကြော်၍လည်း စားကြ၏။ ငါးကလေးများဖြင့် ရော၍လည်းချက်၁င စားကြ၏။ ချဉ်ပေါင်ဟင်းစားသုံးခြင်းဖြင့် လေထိုးလေအောင့် ရောဂါများ ပျောက်ကင်းစေပြီး ဆီးဝမ်းကို မှန်ကန်စေပါသည်။

 

          ရွှေဘိုချဉ်ပေါင် (သို့) ဆေးချဉ်ပေါင်၏ ရသာအကျိုးသွားများမှာ ချဉ်၏။ ခါး၏။ ဝိပါက၌ ဖန်၏။ အစာကို ကြေညက်စေ၏။ ဝမ်းမီးကိုတောက်၏။ နှလုံးကို အထောက်အကူပြုသဖြင့် အမောအပန်းခံနိုင်၏။ အားကိုဖြစ်စေ၏။ သုက်ကိုပွားစေ၏။ လေထိုး၊ လေအောင့်၊ လေနာရောဂါများ ပျောက်ကင်း၏။ ဆီးပူ၊ ဆီးဝါ၊ ဆီးနီ၊ ဆီးကျန်၊ ဆီးနည်းရောဂါများကိုလည်း ပျောက်ကင်းစေ၏။ ချောင်းဆိုးရင်ကျပ်၊ သလိပ်ကပ်ဝေဒနာများ သက်သာစေ၏။ ထုံကျဉ်ကိုက်ခဲသော ဝေဒနာများလည်း ပျောက်နိုင်၏။ ဆီး၊ ဝမ်း၊ သွေးလေ မှန်ကန်စေသောကြောင့် ကျန်းမာရေးကို များစွာအကျိုးပြု၏။ ရွှေဘိုချဉ်ပေါင်ကို ငါးပိစိမ်းစား၊ ပုစွန်ခြောက်တို့ဖြင့်လည်း ချဉ်ရည်ချက်စားကြ၏။ အချို့က ဝက်သားဖြင့် သွေးတိုးသမားများစားပါက သွေးမတိုးနိုင်ပါ။ ဝသောပုဂ္ဂိုလ်များစားလျှင် ကိုလက်စထရောဓာတ်များ ပျက်သွား၍ အဝမလွန်နိုင်ပါ။ အညာဒေသတွင် သုတ်၍လည်း စားကြ၏။ သနပ်လုပ်၍လည်း စားကြ၏။ ချဉ်ပေါင်ကို စားသုံးခြင်းဖြင့် ကျန်းမာရေးများစွာ အထောက်အကူပေးမည်ဖြစ်ပေသည်။

 

Credit: သမားတော်ကြီး ဒေါက်တာသက်ဆွေ

 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18