Print

အမျိုးသား လိင်မှုဘဝ စွမ်းဆောင်ရည်အပေါ် အကြီးမားဆုံး ထိုးနှက်ချက် ၁၀ ခု

  30-Oct-2016
Preview Image

အမျိုးသား သဘာဝ ဆုတ်ယုတ်ကျဆင်းလာခြင်း ဖြစ်တဲ့ ပန်းသေပန်းညှိုး ရောဂါဟာ လူမှုကျန်းမာရေး ပြဿနာ (Social Health Problem) အကြီးစားတစ်ခု ဖြစ်တယ် ဆိုတာ အားလုံး အသိပါ။ အမျိုးသားတစ်ယောက်ဟာ ဒီအနေအထားကို အိုမင်းမစွမ်း ဖြစ်လာတဲ့ တစ်နေ့မှာ ရောက်ရှိမှာ ဖြစ်ပေမယ့် အရွယ်ကောင်းတုန်းမှာ ခံစားရရင် အရမ်းဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု ဖြစ်လာမယ် ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေတဲ့ အဓိက အချက်က ဆယ်ချက် ရှိတယ်လို့ ကျန်းမာရေးသုတေသီများက စမ်းသပ်လေ့လာ တွေ့ရှိထားပါတယ်။ ဒီအချက်တွေကိုရှောင်ကြဉ် ပြုပြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။

 

(၁) စိတ်ဓာတ်ကျဆင်းခြင်း

သဘာဝအရ ဦးနှောက်ဟာ လိင်မှုကိစ္စမှာ စိတ်ပါ၀င်စားမှု ဖြစ်ပေါ်စေတဲ့ နေရာဖြစ်ပါတယ်။ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဓာတုပစ္စည်းတွေဟာ လိင်မှုဆန္ဒ နိုးကြွမှုကို ပိတ်ပင်ပြီး ပန်းညှိုးရောဂါ ဖြစ်စေပါတယ်။ ရေရှည် စိတ်ဓာတ်ကျရောဂါမှာသာမက ခဏတဖြုတ် စိတ်ဓာတ်ကျရင်တောင် ဒီလို အာနိသင်မျိုး ရှိပါတယ်။ ပိုဆိုးတဲ့ အချက်က စိတ်ကျရောဂါကို ကုသတဲ့ ဆေးဝါးတွေထဲ အများစုကလည်း ပန်းသေပန်းညှိုးရောဂါဖြစ်ဖို့ အားပေးပါတယ်။ ဒါကြောင့် အမျိုးသားသဘာဝကို ကျဆင်းစေတဲ့အထဲမှာ အကြီးဆုံး အချက်က စိတ်ဓာတ်ကျဆင်းခြင်း ပါပဲ။ စိတ်ဓာတ်ကျဆင်းနေတဲ့ အမျိုးသား တစ်ယောက်ဟာ ကျန်းမာရေးရှုထောင့်တစ်ခုတည်းက ကြည့်ရင်တောင် ပန်းသေပန်းညှိုး၊ နှလုံးသွေးကြောပိတ်၊ အဝလွန် စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေလို့ စိတ်ဓာတ် အလွန်အမင်း ကျဆင်းတတ်တဲ့ အကျင့်၊ ရေရှည်ဖြစ်နေတတ်တဲ့ အကျင့်တွေ

ကို ပြုပြင်သင့်ပါတယ်။

 

(၂) အရက်

အနည်းအကျဉ်းလောက် သောက်ရင် စွမ်းဆောင်ရည် ကြာမြင့်စေတယ် ဆိုပေမယ့် အမူးအရမ်းလွန်အောင် သောက်ရင် စိတ်ကျေနပ်မှု အပြည့်အဝ မရတတ်သလို ယာယီ ပန်းညှိုးသွားတတ်ပါတယ်။ ဒါ့အပြင် အရက်ဟာ ရေရှည်မှာ သွေးကြောတွေကို ထိခိုက်ခြင်း၊အသည်းကို ထိခိုက်ကာ ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏ ကျဆင်းစေခြင်း စတဲ့ အချက်တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်ဖို့ ဦးတည်သွားစေပါတယ်။ လေ့လာမှု တစ်ခုအရ အရက်အလွန်အကျွံ သောက်သူတွေဟာ ပန်းသေပန်းညှိုး ဖြစ်ကြပြီး တစ်နေ့ကို နှစ်ပက်ပဲသောက်တဲ့ အမျိုးသားတွေကျတော့ ဒီရောဂါနဲ့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေပါသတဲ့။ (အရက်တွေထက် ၀ိုင်နီတွေက ဒီအာနိသင် ပိုရှိပါတယ်။ ၀ိုင်နီဟာ အမျိုးသားရော အမျိုးသမီးပါ နှလုံးသွေးကြောပိတ်ရောဂါတွေကို ကာကွယ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ အရက်သောက်ကြပါလို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ သောက်ကြမယ်ဆိုရင်တော့ ၀ိုင်နီသောက်ပါလို့ ဆိုလိုတာပါ။ ကျန်းမာရေးအတွက် အကျိုးရှိဖို့ အမျိုးသား နှစ်ပက်၊ အမျိုးသမီး တစ်ပက်ထက် မကျော်လွန်ရပါဘူး)

 

(၃) ဆေးဝါးများ ပုံမှန်စွဲသောက် နေရခြင်း

သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဖက်နာရောဂါ တို့လို နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါများ၊ စိတ်ကျရောဂါ စတဲ့ ရောဂါတွေမှာ သောက်ရတဲ့ ဆေးတွေက ရေရှည် စွဲသောက်ရင် ပန်းသေပန်းညှိုး ဖြစ်စေတဲ့ အာနိသင် ရှိကြပါတယ်။ ဒါကြောင့် ဒီဆေးတွေ စွဲသောက်နေရင်း အမျိုးသားတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ထိခိုက်မှု ရှိလာရင်ဆေးအမျိိုးအစား ပြောင်းဖို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။အထက်ပါဆေးတွေ အပြင် အမ်ဖက်တမင်း ကဲ့သို့ စိတ်ကြွရူးသွပ်ဆေးများဟာ ပန်းသေပန်းညှိုး နဲ့ အခြား မျိုးဆက်ပွား ကျန်းမာရေး ပြဿနာတွေ ၊ အခက်အခဲတွေ တွေ့ရတတ်လေ့ ရှိပါတယ်။ ခဏတာလက်တည့်စမ်း သုံးစွဲသူတွေဟာ စွမ်းဆောင်ရည် မြင့်မားလာသလိုလို ခံစားရလေ့ ရှိလို့ ဒီဆေးတွေဟာ အန္တရာယ်မရှိဘူးလို့ လူငယ်အချို့က အမှတ်မှားနေကြပါတယ်။ ရေရှည်မှာ ပြဿနာမျိုးစုံ ကြုံရမှာမို့ စိတ်ကြွရူးသွပ်ဆေးပြားများကို ကိုယ့်အသိနဲ့ကိုယ် ရှောင်ကြသင့်ပါတယ်။

 

(၄) စိတ်ဖိစီးမှု

မိသားစုအရေးနဲ့ အလုပ်ကိစ္စတွေ ကြားမှာ ဗျာများနေသူဟာ လိင်မှုကိစ္စမှာ အနည်းနဲ့အများ ကျဆင်းပါတယ်။ အလုပ်ပိသူတွေဟာ အိပ်ရေးမဝကြတဲ့ရက် များမယ်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း၊ အားကစားတွေ လုပ်ဖို့ အချိန် မပေးနိုင်ဘူး၊ တွေ့ကရာ အဆင်သင့်အစာတွေ စားမယ်ဆိုရင် ကြာလာတာနဲ့အမျှ လိင်မှုဘဝ နိမ့်ပါးခြင်းနဲ့ ကြံုလာရတတ်တာ များပါတယ်လို့ ပညာရှင်များက တွေ့ရှိထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု အာရုံတွေ များတဲ့သူဟာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ရအောင်ယူပြီး အိပ်ရေး တတ်နိုင်သမျှ ၀အောင်အိပ်မယ် ဆိုရင် ဒီပြဿနာမျိုးတွေ နည်းသွားမှာပါ။

 

(၅) ဒေါသ

ဒေါသဖြစ်ရင် မျက်နှာတွေ နီလာကာ သွေးဖိအားတက်လာပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေတဲ့ အာနိသင်တော့ မရှိပါဘူး။ ဒေါသကြောင့် ထွက်တဲ့ ဟော်မုန်းများဟာ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို လွှမ်းမိုးတားဆီးတဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ဒေါသစိတ်က ရင်ထဲမှာ ကိန်းအောင်းနေရင် သင့်ရဲ့အဖော်နဲ့ နေတဲ့အခါမှာ ဒီဒေါသဟာ သူမနဲ့ မဆိုင်သော်ငြားလည်း ကြီးစွာ အနှောင့်အယှက် ဖြစ်စေပါတယ်။ မျိုသိပ်ထားတဲ့ဒေါသတွေက ဒီလို အာနိသင် ပိုရှိလို့ ပွင့်ပွင့်လင်းလင်း သမားတွေက ပန်းသေပန်းညှိုးဖြစ်တာ ပိုနည်းတယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။

 

(၆) သောက

ငါတော့ အိပ်ရာထဲမှာ စွမ်းဆောင်နိုင်ပါ့မလား၊ အရင်တခါလိုပဲ တလွဲတချော်တွေဖြစ်ဦးမလား ဆိုတဲ့ စိတ်က အတော်လေး ဆိုးပါတယ်။ အဲလို စိုးရိမ်နေလို့ကို အာရုံစူးစိုက်နိုင်စွမ်း ထပ်ကျပြီး ထပ်စိတ်ညစ်ရဦးမှာပါ။ ဒီလို သောကအပြင် လူမှုဘဝထဲက သောကတွေကလည်း အိမ်ထောင်ရေး သုခကို ကြီးစွာသော ထိုးနှက်တိုက်ခိုက်ချက် ဖြစ်စေပါတယ်။

 

(၇) သက်လတ်ပိုင်း အဝလွန်လာခြင်း

အချို့အမျိုးသားတွေဟာ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက် စတာတွေကြောင့် အသက် ၃၅ နှစ် နောက်ပိုင်းမှာ ကိုယ်အလေးချိန် မြန်မြန်ဆန်ဆန် တိုးလာတတ်ကြပါတယ်။ အဲလိုဖြစ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည် ကျေနပ်မှု (self-esteem) နဲ့ လိင်မှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ အဝလွန်တဲ့ အမျိုးသားတွေဟာ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း ကျလာလို့ ကျားသဘာဝတောင့်တင်းမှုရော ဆန္ဒပါ ကျဆင်းလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က အဝလွန်ရင် သွေးတိုးရောဂါ နောက်ကလိုက်လာပါတယ်။ သွေးတိုးရောဂါကြောင့် သွေးကြောနံရုံတွေ ထိခိုက်ပြီး မာခဲလာမယ်၊ လိင်အင်္ဂါကို သွားတဲ့ သွေးကြောတွေ ကျဉ်းပြီး ပန်းသေပန်းညှိုး ဖြစ်စေပါတယ်။

 

(၈) မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ခံယူထင်မြင်မှု

သင့်ကိုယ်သင် မှန်ထဲမှာ ပြန်ကြည့်တိုင်း မြင်ရတဲ့ သင့်ရဲ့ ရုပ်ရည်၊ အဝတ်အစားဆံပင်စတဲ့ စတိုင်တွေကို သင်ကိုယ်တိုင်ကတောင် သဘောမကျဘူး ဖြစ်နေရင် သင့်ရဲ့ ပါတနာကလည်း ဒီလိုပဲ မြင်ဖို့ သေချာသလောက်ရှိပါတယ်။ ကိုယ့်ရဲ့ အသွင်အပြင်ဟာ ဆွဲဆောင်မှု မရှိဘူးလို့ သင်တွေ့မြင်နေရရင် ယုံကြည်မှုတွေ လျော့ပါးကာ အမှတ်(၆)မှာပြောခဲ့တဲ့ သောကမျိုးနဲ့ ကြံုတွေ့ရမှာ သေချာပါတယ်။ ဒါ့အပြင် အချစ်နဲ့ စပ်လျဉ်းတဲ့ အိမ်ထောင်ရေးမျိုးမှာတောင် သင်က ဆွဲဆောင်မှု မရှိရင် တစ်ဖက်သားရဲ့ စိတ်ပါလက်ပါ ရှိမှုကို လျော့စေပြီး ဒါကို သင်က တဖန်ပြန်ခံစားမိပြန်တော့ သောက သံသရာလည်ကာ နောက်ဆုံး အာရုံစူးစိုက်လို့ မရတော့ဘဲ ပန်းညှိုးရောဂါ ဖြစ်လာတတ်တဲ့အထိ ဒီကိစ္စဟာ ကြီးကျယ်ပါတယ်။မွေးရာပါ ရုပ်ရည်ဟာ ပြင်ရခက်ပေမယ့် ဆံပင်ပုံစံကနေ စလို့ မျက်နှာ၊ အဝတ်အစား၊ ကိုယ်နံ့ စတာတွေက ဆွဲဆောင်မှုရှိအောင် ပြင်ဖို့ အရမ်းမခဲယဉ်းပါဘူး။ ငွေကုန်ကြေးကျ မများဘဲနဲ့ ဖက်ရှင်ကျအောင် ယောကျ်ားပီပီသသ ဆွဲဆောင်မှုရှိအောင် (sexy ဖြစ်အောင်) လုပ်ယူလို့ ရပါတယ်။ ဒါဆိုရင် အထက်ပါ ပြဿနာတွေကိုဖြေရှင်းကျော်လွှားနိုင်လာမှာပါ။

 

(၉) ကာမစိတ်နည်းပါးကျဆင်းခြင်း

ဒါဟာ ပန်းသေပန်းညှိုးရောဂါနဲ့ မတူဘူးလားလို့ မေးရင် မတူပါဘူးလို့ပဲ ဖြေရပါမယ်။ တစ်ခါတစ်လေ ဘာအကြောင်းမှု မရှိဘဲ ဒီစိတ်တွေ ကျနေတာကို လူတိုင်း ခံစားဖူးကြမှာပါ။ စိတ်ကျရည် စွမ်းဆောင်ရည်ပါ ကျပါတယ်။ တစ်ခါတစ်လေကျ တက်လာပေမယ့် ကြာကြာမခံဘဲ ပြန်ကျသွားတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ့်ကိုယ်ကို ယုံကြည် ကျေနပ်မှု (self-esteem) ကျဆင်းလာခြင်း၊ ကြီးမားတဲ့ စိတ်ဖိစီးမှု၊ ရောဂါအချို့မှာ သောက်ရတဲ့ ဆေးဝါး တွေဟာ စိတ်ပါ၀င်စားမှုကို တားဆီးထားလို့ ဖြစ်ရတာ များပါတယ်။ ဗိုက်တာမင်နဲ့ သတ္တုဓာတ်အချို့ ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာဗိုက်တာမင် B အုပ်စု၊ ဗိုက်တာမင် E နဲ့ ဇင့်ချို့တဲ့မှုတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကို အစားအစာနဲ့ ပြုပြင်ချင်ရင် ငါးများ၊ ထောပတ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး စတဲ့ အသီးများ၊ ဥများ၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီးအဆန်များ စတာတွေ စားပြီးပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

 

(၁၀) ကျန်းမာရေး

ဆီးချိုနဲ့ သွေးတိုးရောဂါများဟာ သွေးလှည့်ပတ်မှု ထိခိုက်ခြင်း၊ အာရုံကြောများရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းတွေနဲ့ ဆက်စပ်လို့ ဒီရောဂါ ရှိသူများဟာ ပန်းသေပန်းညှိုးရောဂါ ခံစားရလေ့ ရှိပါတယ်။ ခါးရိုးဆစ် ဒဏ်ရာ ရဖူးသူတွေဟာလည်း ကျားအင်္ဂါတောင့်တင်းစေဖို့ လိုအပ်တဲ့ လှံု့ဆော်မှုတွေ ကျောရိုး အာရုံကြောမကြီး ကနေ မရတော့တဲ့ အတွက် လုံးဝ ပန်းသေသွားတတ်ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါတစ်ခုခုရှိလို့ ခွဲစိတ်မှု လုပ်ရရင် သက်ဆိုင်ရာ အာရုံကြောတွေ ထိတတ်ပြီး ခွဲစိတ်မှု အပြီးမှာပြဿနာ တက်ပါတယ်။ ဒီလို ကျန်းမာရေး အခြေအနေတွေကို ပျောက်ကင်း သက်သာအောင် ကုသဖို့ ဆရာဝန်ပြသရမှာပဲ ဖြစ်ပါတယ်။ ဒီနောက်ဆုံးအချက် နံပါတ်(၁၀) ကတော့ ကျွန်တော်တို့ဘက်က လုပ်နိုင်တာ နည်းပါမယ်။ ဒါပေမဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအတွက်ကော သွေးလှည့်ပတ်မှု အတွက်ပါ ကိုယ်လက်လှုပ်ရှားမှု စနစ်တကျ မှန်မှန်ပြုလုပ်ခြင်းဟာ ဒီရောဂါတွေကို ငြိမ်သက်နေအောင် ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်ကို ဝေးဝေး ရှောင်ကြဉ်မယ်၊ စွဲနေရင် ဖြတ်မယ်ဆိုရင် တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည်မြင့် အမျိုးသားဘဝကို တန်ဖိုးထားရာ ရောက်မှာ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ စောစော ကုရင် နောက်ဆက်တွဲ ပြဿနာတွေ မများတော့ဘဲ မြန်မြန် သက်သာတတ်သလို အချိန်တွေ ဆွဲနေရင် ဒါမှမဟုတ် မိမိသဘောနဲ့ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ ကြိတ်ကုနေလို့ ကြာလာရင် ကုရခက်တဲ့ အနေအထား ရှိတာမို့ လက်တွေ့ကြံုရရင် ရှက်ရွံ့မနေဘဲ၊ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ ကုသပါလို့ အကြံပြုလိုက်ပါတယ်။

 

Healthcare.com.mm

 

Ref: မိုးကောင်းသား

Thursday, July 28, 2011

Source: mm dailynews

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18