Print

လက်ပ်တော့ပ်များကြောင့် လျော့နည်း ကျဆင်းသွားနိုင်သော အမျိုးသားမျိုးပွား...

  30-Oct-2016
Preview Image

လက်ပ်တော့ပ် (Laptop) လို့ခေါ်တဲ့ ပေါင်ပေါ်တင်ပြီး သုံးလို့ရတဲ့၊ ဖိုင်တွဲတစ်ခုစာသာ အရွယ်ရှိတဲ့၊ ယနေ့ခေတ်မှာ အထူးကို ရေပန်းစားလာနေတဲ့၊ အလွယ်တကူ သယ်ဆောင်သွားလို့ ရလောက်အောင် ပေါ့ပါးတဲ့ ကွန်ပျူတာလေးဟာ အမျိုးသားတွေအတွက် စိတ်ပူစရာ ကျန်းမာရေး အန္တရာယ်တစ်ခုကို ပေးလိမ့်မယ်ဆိုတာ Laptop တီထွင်သူတွေနဲ့ သန်းပေါင်းများစွာသော ကမ္ဘာတစ်ဝှမ်း သုံးစွဲသူတွေ သိကြမယ် မထင်ပါဘူး။ ဒီအချက်ကို Fertility and Sterility Journal (မျိုးပွားနိုင်စွမ်းနှင့် မျိုးမပွားနိုင်စွမ်း ဂျာနယ်) က သုတေသနရလဒ်များနဲ့တကွ ဖော်ပြပေးခဲ့ပါတယ်။

ပေါင်ပေါ်မှာ Laptop ကို တင်ပြီး ကြာကြာသုံးရင် သင့်ခန္ဓာကိုယ် အောက်ပိုင်း ပေါင်ရင်းတစ်ဝိုက်ရဲ့ လေထုအပူချိန်ကို တက်စေကာ Sperm အဖိုမျိုးပွားဆဲလ်လေးများ ဖြစ်တဲ့ သုက်ကောင်လေးများရဲ့ အရေအတွက်နဲ့ အရည်အချင်းကို ထိခိုက်စေကြောင်းကျန်းမာရေး ပညာရှင်များက လေ့လာ တွေ့ရှိ ခဲ့ရပါတယ်။ Laptop (ပေါင်ပေါ်သုံး)ဖြစ်ပေမယ့် Desktop (စားပွဲပေါ်သုံး) လိုမျိုး စားပွဲပေါ်ထားသုံးရင်တော့ ဒီအန္တရာယ်မျိုး မရှိစေတာလည်း တွေ့ရပါတယ်။

 

Laptop သုံးတဲ့ အမျိုးသမီးတွေမှာတော့ ဒါကြောင့် သားသမီး မရတာမျိုးတွေ မဖြစ်လောက်ပါဘူး။ မ မျိုးပွားဆဲလ် ဖြစ်တဲ့ သားဥ (Egg)ဟာ ရာသီစက်ဝန်းနဲ့အတူဟော်မုန်းကို မှီခိုကာ ကြွေကျတာ ဖြစ်လို့ ဒီလို အပူချိန်ကြောင့် ဆုတ်ယုတ်မှု မရှိနိုင်တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ ငယ်ရွယ်တဲ့ အမျိုးသား ၂၉ ဦးရဲ့ ကပ္ပာယ်အိတ်တွေမှာ အပူချိန်တိုင်းကိရိယာ သာမိုမီတာတွေ တပ်ဆင်ထားရှိပြီး သူတို့ကို Laptop ပေါင်ပေါ်တင် အသုံးပြုစေပါတယ်။ Laptop တွေအောက်က အအေးပေးတဲ့ Cooling Pad တွေ ထားပြီး အသုံးပြုတာတောင် အမျိုးသားတွေ အားလုံးရဲ့ ကပ္ပာယ်အိတ် တွေရဲ့ အပူချိန်ဟာ ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် တက်လာခဲ့တာ တွေ့ရပါတယ်။ ဘာအမျိုးအစား Cooling Pad ကို သုံးသုံး၊ ခေါင်းအုံးခံသုံးရင်တောင် အပူချိန်တက်တာကို သိသိသာသာ မကာကွယ်နိုင်ဘူးလို့ စမ်းသပ်တွေ့ရှိ ထားရပါတယ်။ “ယနေ့ကမ္ဘာပေါ်မှာ သန်းပေါင်းများ

စွာသော အမျိုးသားတွေဟာ Laptop အမျိုးမျိုးကို အသုံးပြုနေကြပါတယ်။ အထူးသဖြင့် သားသမီး ရယူမယ့် လူလတ်ပိုင်းတွေ အများဆုံးပေါ့။ ဒါကြောင့် ဒီကိစ္စဟာ လျစ်လျူရှု ထားလို့ရတဲ့ အတိုင်းအတာ မဟုတ်တော့ပါဘူး” လို့ ယခု လေ့လာမှုအသစ်ကို ဦးဆောင်ခဲ့သူ နယူးယော့ခ် ပြည်နယ်တက္ကသိုလ်က ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ အထူးကု Dr. Yefim Sheynkin က ပြောပြခဲ့ပါတယ်။

 

“စအသုံးပြုပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် အတွင်းကို သူတို့တွေ့ရဲ့ ဝှေးစေ့အပူချိန်ဟာ ဘေးအန္တရာယ် ကင်းပါတယ်လို့ ကျန်းမာရေးပညာရှင်တွေ သတ်မှတ်ထားတဲ့ အပူချိန်ထက်် အများကြီး မြင့်တက်လာတာ တွေ့ရပါတယ်။ အရင်က Laptop ဟာ အမျိုးသားတွေရဲ့ သားသမီးရနိုင်စွမ်းကို ထိခိုက်စေတယ် ဆိုတဲ့ စမ်းသပ်မှုတွေ မရှိခဲ့ဖူးပဲ ဒါက ပထမဆုံး စမ်းသပ်တွေ့ရှိချက် ဖြစ်လို့ ဘယ်လောက် အတိုင်းအတာ အထိ ထိခိုက်စေသလဲ ဆိုတာ အတိအကျ သိရအောင် လေ့လာမှုတွေ ဆက်လုပ်သွားမှာပါ” လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။ အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ မထိခိုက်မပျက်စီးဘဲ ဖိုမျိုးပွားဆဲလ် သုက်ကောင် (Sperm) တွေ ထုတ်လုပ်ခြင်း၊ သိုမှီးထားခြင်းနဲ့ အမျိုးသားတွေရဲ့ ဘဝမှာ အသက်ရှင်ရပ်တည် ကျန်းမာဖို့ အရေးပါလှတဲ့ ဟော်မုန်းတွေဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) နဲ့ အဲန်ဒရိုဂျင် (Anderogen) ထုတ်လုပ်ခြင်းစတဲ့ အရေးကြီးလှတဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးအပူချိန် (Optimal Temperature) မှာပဲ လုပ်ဆောင်နိုင်ပါတယ်။ သန္ဓေအောင်ရန် မမျိုးဥထဲသို့ဖောက်ဝင်ရန် ကြိုးပမ်းနေသော သုက်ကောင်လေးများကို အီလက်ထရွန် မိုက်ခရိုစကုပ်အောက်တွင် တွေ့ရပုံ အဲဒီလို အကောင်းဆုံး အပူချိန်ဆိုတာ ပုံမှန် ခန္ဓာကိုယ်အပူချိန် ဖြစ်တဲ့ 96.4’F သို့မဟုတ် 37’C ထက်ကို အတော်လေး ကွာခြား နည်းပါးနေရပါတယ်။ သဘာဝကပေးတဲ့ ကပ္ပာယ်အိတ်ရဲ့ ပါးလွှာတဲ့ အရေပြားတွေနဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာ ရောက်နေစေတဲ့ တည်ရှိပုံဟာ ဝှေးစေ့တွေအတွက် သဘာဝက ဖန်တီးပေးထားတဲ့ အကောင်းဆုံးအခြေအနေ (Optimal Condition) ပဲ ဖြစ်ပါတယ်။ ဒီလို ပုံမှန်အေးမြတဲ့ အပူချိန် အနေအထားကနေ 1.8’F သို့မဟုတ် 1’C တက်ရင်ပဲ ဖိုမျိုးပွားဆဲလ်သုက်တွေ ထုတ်လုပ်မှုကို ပျက်စီးစေကာ သားသမီးရစေတဲ့ သုက်ကောင်အရေအတွက် နဲ့ စွမ်းရည် (Quantity & Quality of Sperms) ကို လျော့နည်း ကျဆင်းစေတယ်လို့ ရှေးယခင်ကတည်းက တွေ့ရှိ အတည်ပြုထားပြီး ဖြစ်ပါတယ်။(ဒါပေမဲ့ဘောင်းဘီအကျပ်တွေနဲ့ အတွင်းခံတွေ ကြောင့်တော့ ဒီလို သက်ရောက်မှုမျိုး မရှိပါဘူးလို့ Dr. Yefim Sheynkin က ပြောပြခဲ့ပါတယ်) ဒီစမ်းသပ်မှုကနေ Laptop ပေါင်ပေါ်တင်ပြီး သုံးရင် အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် အပူချိန်ကို ပုံမှန်ထက် 2.5’C အထိ သိသာစွာ တက်စေတယ် ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီတော့ Laptop ပေါင်ပေါ်တင်ပြီး သုံးရင် အမျိုးသားတွေရဲ့ မျိုးပွားစွမ်းရည်ကို ကျဆင်းစေတယ် ဆိုတာ တကယ်သေချာတဲ့ အချက်ဖြစ်လို့ အမျိုးသားများ ဆင်ခြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။“အမျိုးသားတစ်ယောက်ဟာ Laptop သုံးတာနဲ့ မြုံသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်တိုက်သုံးသူတွေရဲ့ ကပ္ပာယ်အိတ်ဟာ မျိုးပွားဟော်မုန်းတွေနဲ့ သုက်ထုတ်လုပ်မှု လုပ်ရန် ပြန်ပြန် အအေးခံဖို့ အချိန်နည်းသွားခဲ့လို့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ လိင်မှုဆိုင်ရာအားနည်းမှု ပြဿနာတွေ ကြံုတွေ့နိုင်ဖို့ နီးစပ်လာတာတော့ သေချာပါတယ်” လို့ Dr. Yefim Sheynkin က ရိုက်တာသတင်းဌာနကို ဆက်လက်ရှင်းပြ ခဲ့ပါတယ်။ လူဦးရေ များပြားသလို တစ်ဦးချင်း Laptop သုံးစွဲမှု အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ စုံတွဲ ၆ တွဲမှာ ၁ တွဲဟာ ကလေးရဖို့ အခက်အခဲ ရှိနေတတ်ကြပြီး အကြောင်းရင်းကို သေချာစစ်ဆေး ကြည့်တဲ့ အခါ အမျိုးသားဖက်က ချို့ယွင်းချက် (သုက်ပိုးချို့ယွင်းချက်) တစ်ခုတည်းကပဲ ဒီလို ပြဿနာတွေ အားလုံးရဲ့ တစ်ဝက်လောက် ဖြစ်နေတာကို တွေ့ရှိရတယ်လို့ အမေရိကန် ဆီးလမ်းကြောင်းနှင့်ကျောက်ကပ် အထူးကုများအဖွဲ့ (American Urological Association) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ဒီလို သားသမီးရရေးမှာပြဿနာတွေ ကြံုလာရင် အဲဒီစုံတွဲရဲ့ ယေဘုယျကျန်းမာရေး အခြေအနေနဲ့ စားသောက်နေထိုင်ပုံ (Lifestyle) တို့ကို ထည့်သွင်း စဉ်းစားဖို့တော့ လိုပါတယ်။ ဒါကြောင့် Laptopသုံးမယ်ဆိုရင် တတ်နိုင်သမျှ (လေယာဉ်ပေါ် ကားပေါ်မှာ ကလွဲလို့) စားပွဲပေါ်ပဲ တင်သုံးပါလို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားကြပါသည်။

 

Healthcare.com.mm

 

Ref: သတင်းချစ်သူ(ဝေဟင်)

Source: ငနောင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18