Print

အမျိုးသမီးကွန်ဒုံးက အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်စရာ နည်းလမ်းတခု

  30-Oct-2016
Preview Image

မျိုးဆက်ပွား ကျန်းမာရေးအတွက် ကွန်ဒုံးသုံးပါလို့ ဆိုလိုက်ရင် အမျိုးသားကွန်ဒုံးကိုပဲ မြန်မာလူမှုပတ်ဝန်းကျင်မှာ ယဉ်ပါး ကြပြီး အမျိုးသမီးကွန်ဒုံး ရှိသလားဆိုတာတောင် မသိတဲ့ မြန်မာအမျိုးသမီးတွေ ဒုနဲ့ဒေးရှိပါတယ်။ လိင်ဆက်ဆံမှုကို မပြောဆို သင့်တဲ့ ရှက်ဖွက် အကြောင်းအရာအဖြစ် ရေငုံနှုတ်ပိတ်နေလေ့ရှိတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီး ကွန် ဒုံး တွေက တွင်ကျယ်မှု နည်းပါးနေပါတယ်။ အမျိုးသမီးကွန်ဒုံးကို တွင်ကျယ်အောင် ကြိုးပမ်းနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်း တွေ ရှိနေပေမယ့်လည်း ဒီအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းချက်က သိပ်ပြီးတော့ အရာမထင်သေးပါဘူး။ အမျိုးသမီး ကွန်ဒုံးဆိုတာ သားဆက်ခြားချင်တဲ့ မြန်မာအမျိုးသမီးတွေ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်ရွေးချယ်စရာ နည်းလမ်း တခု ဖြစ်ပါ တယ်။ အမျိုးသမီးကွန်ဒုံးတွေက အမျိုးသား ကွန်ဒုံးတွေထက်တော့ စျေးပိုကြီးပါတယ်။ အမျိုးသမီးကွန်ဒုံးအကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးတခုအဖြစ် ဖော်ပြလိုက်ပါတယ်။

 

အမျိုးသမီး ကွန်ဒုံးဆိုတာဘာလဲ

အမျိုးသမီး ကွန်ဒုံးဆိုတာ ပဋိသန္ဓေတားဆီးဖို့နဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ အိတ်ငယ်တခုဖြစ်ပါတယ်။ ထိပ်နှစ်ဘက်မှာ ဆန့်နိုင်ကျုံ့နိုင်တဲ့ ကွင်းတွေရှိပါတယ်။ လိင်ဆက်ဆံမှု မပြုလုပ်ခင် အမျိုးသမီးရဲ့ လိင်အင်္ဂါထဲကို ထည့်သွင်းရပါတယ်။ ပိတ်ထားတဲ့ ကွင်းကို အတွင်းဖက်ကိုထည့်သွင်းရမှာ ဖြစ်ပြီးတော့ ပွင့်နေတဲ့ ဘက်ကွင်းကတော့ အပြင်မှာ ရှိနေရပါမယ်။

 

အမျိုးသမီး ကွန်ဒုံးက ဘယ်လိုအလုပ်လုပ်သလဲ

အမျိုးသမီး အင်္ဂါအတွင်းဘက်ကို အမျိုးသား သုက်ရည်မဝင်အောင် ကာကွယ်ပေးခြင်းအားဖြင့် အမျိုးသမီး ကွန်ဒုံးက ပဋိသန္ဓေတားဆီးပေးပါတယ်။ လိင်ဆက်ဆံမှုကနေတဆင့် ရောဂါကူးစက်မှုကိုလည်း လျော့ကျစေပါတယ်။

 

အမျိုးသမီး ကွန်ဒုံးက ဘယ်လောက်ထိရောက်မှုရှိစေသလဲ

အမျိုးသမီး ကွန်ဒုံးက အခြားသားဆက်ခြားနည်းလမ်းတွေလိုပဲ နည်းလမ်းမှန်ကန်စွာ အသုံးပြုမယ်ဆိုရင် ပိုမိုထိရောက် စေနိုင်ပါတယ်။ တကယ်လို့ အမျိုးသမီးတွေက အမြဲတမ်း နည်းလမ်းမှန်ကန်စွာ အသုံးပြုမယ်ဆိုရင် အမျိုးသမီး ၁၀၀ မှာ ၅ ဦးသာ ကိုယ်ဝန်ရှိနိုင်တဲ့အတွက် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ HIV အပါအဝင် လိင်ဆက်ဆံမှုကနေ တဆင့် ရောဂါကူးစက်မှုကိုလည်း လျှော့ချပေးပါတယ်။

 

အမျိုးသမီး ကွန်ဒုံးက ဘယ်လောက်စိတ်ချရသလဲ

အမျိုးသမီးတိုင်းနီးပါး စိတ်ချလုံခြံုစွာ အသုံးပြုနိုင်ပါတယ်။

 

အသုံးပြုခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာလဲ

အမျိုးသမီး ကွန်ဒုံးကို အသုံးပြုခြင်းက ရိုးရှင်းလွယ်ကူပြီး လုံခြံုစိတ်ချရပါတယ်။ အသုံးပြုသူတွေက ဘာကြောင့် နှစ်သက် ကြသလဲဆိုတော့ ဘေးအန္တရာယ်ကာကွယ်မှုမှာ အမျိုးသမီးတွေကလည်း ခွဲဝေတာဝန်ယူခြင်းဖြစ်စေပါတယ်။ ရော်ဘာနဲ့ ဓာတ်မတည့်သူတွေလဲ အသုံးပြုနိုင်ပါတယ်။ ရေကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်စေ၊ ဆီနဲ့ပြုလုပ်တာဖြစ်စေ ချောဆီများနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ သဘာဝဟော်မုန်းကိုလည်း ထိခိုက်မှု မဖြစ်စေပါဘူး။ ဆရာဝန်ရဲ့ ဆေးစာလည်းမလိုပါဘူး။ ပြင်ပကွင်းက လိင်ဆက်ဆံတဲ့ အချိန်မှာ အမျိုးသမီးရဲ့စိတ်ကို ပိုမိုတက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

 

အမျိုးသမီး ကွန်ဒုံးရဲ့ အားနည်းချက်က ဘာတွေလဲ

တချို့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကတော့ အမျိုးသမီးကွန်ဒုံးကို သဘောမကျကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လိင်အင်္ဂါတွေမှာ ကျိန်းစပ်မှုဖြစ်စေပါတယ်။ လိင်ဆက်ဆံစဉ်အတွင်းမှာ အမျိုးသမီး အင်္ဂါထဲကို ၀င်သွားနိုင်ပါတယ်။ လိင်ဆက်ဆံစဉ်မှာ ခံစားမှုကို လျော့ကျစေနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ တကယ်တော့ အနည်းငယ် အလေ့အကျင့် ပြုလုပ်ရုံမျှနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ အမျိုးသမီးကွန်ဒုံး ထည့်သွင်းမယ်ဆိုရင် ပိတ်နေတဲ့ဘက်ရဲ့ အပြင်ပိုင်းမှာ သုက်ပိုးသေဆေး သို့မဟုတ်ချောဆီ သုတ်လိမ်းပါ။ သက်တောင့်သက်သာ ရှိမယ့် ကိုယ်အနေအထားကို ရွေးချယ်ပါ။ ကုလားထိုင်ပေါ်ကို ခြေတဘက်တင်ပြီး ဖြစ်စေ။ ကုလားထိုင် အစွန်းမှာ ထိုင်ပြီးတော့ ဖြစ်စေ၊ လဲလျောင်းပြီး ဖြစ်စေ၊ ဒူးကွေးပြီး တဝက်ထိုင် အနေအထားနဲ့ဖြစ်စေ ထည့်သွင်းနိုင်ပါတယ်။ ပိတ်နေတဲ့ ကွင်းဖက်ကနေဖျစ်ညှစ်ထားပြီးတော့ အမျိုးသမီး အင်္ဂါအတွင်းကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အတွင်းဘက် ကွင်းကို သားအိမ်ခေါင်းရောက်တဲ့ အထိ အထဲကိုရောက်နိုင်သမျှရောက်အောင် ထိုးသွင်းပါ။ ပြီးရင် လက်ကိုပြန်ထုတ်လိုက်ပါ။ အပြင်ဘက်ကွင်းက အမျိုးသမီးအင်္ဂါရဲ့ အပြင်မှာ တလက်မလောက် ထွက်နေရမှာ ဖြစ်ပါတယ်။ အမျိုးသမီး ကွန်ဒုံးကို ပြန်ထုတ်တဲ့ အခါမှာတော့အပြင်ဘက်ကွင်းကို လုံအောင်လို့ အဝကိုလိမ်ပြီးတော့ ပိတ်ပါ။ ညင်သာစွာ အပြင်ကို ဆွဲထုတ်ပါ။ပြီးရင်စွန့်ပစ်ပါ။ အိမ်သာခွက်ထဲကိုထည့်ပြီး ရေဆွဲချတာမျိုး မလုပ်ပါနဲ့။ အသုံးပြုပြီးသား ကိုလည်း ပြန်မသုံးပါနဲ့။

 

Ref:

ပြည်မြန်မာ

၆.၁၁.၂၀၁၅

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18