Print

“ခြေဖဝါးကွဲခြင်းကိုပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့ခြေထောက်ပိုင်ဆိုင်စေမ...

  31-Aug-2020
Preview Image

          သင့်ခြေဖဝါးတွေကွဲအက်နေလို့ လူကြားထဲမှာရှက်စရာဖြစ်နေပါသလား? လူတော်တော်များများဟာ မျက်နှာကိုအချိန်ပေးပြီးဂရုစိုက်ပေမဲ့ ခြေထောက်ကိုတော့ သေချာဂရုမစိုက်ဖြစ်ကြပါဘူး။ ဒါ့ကြောင့်လည်း သန့်ရှင်းမှုအားနည်းပြီး ခြေဖဝါးအက်ကွဲခြင်းကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက် သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူရနိုင်တဲ့ အံ့သြဖွယ်ရာထုတ်ကုန်တွေကိုအသုံးပြုနိုင်သောနည်းလမ်းများကို ဖော်ပြပေးလိုပါတယ်။


၁) Listerineခံတွင်းသန့်ဆေးရည်နှင့်ရှာလကာရည်

          Listerineခံတွင်းသန့်ဆေးရည်တွင် thymolလို့ခေါ်သော အပင်မှရတဲ့ဓာတုပစ္စည်းနှင့် အရက်ပြန်ပါဝင်တဲ့အတွက် ခြေသည်းမှိုစွဲခြင်း၊ခြေဖဝါးကွဲအက်ခြင်း နှင့် ခြေဖဝါးကြွက်နို့များကို သက်သာစေပြီး အရေပြားကိုချောမွေ့စေပါတယ်။ ရှာလကာရည်မှာပါတဲ့ အက်ဆစ်အပျော့ဟာ ခြောက်သွေ့ပြီးသေဆုံးသွားတဲ့ အရေပြားအလွှာကို နူးညံ့ပြီးခွာချရ လွယ်ကူအောင် လုပ်ပေးပါတယ်။

အသုံးပြုပုံ - Listerine ခွက်၁ခွက်စာနဲ့ ရှာလကာရည် ခွက်၁ခွက်စာကို ရေ၂ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၅မိနစ်ခန့်စိမ်ပါ။ ပြီးလျှင် ခြေထောက်ကို ဂျီးတွန်းကျောက်ဖြင့်ပွတ်တိုက်ပြီး ရေနှင့်ဆေးချပါ။ ခြေဖဝါးကွဲခြင်းသက်သာသည်အထိ နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။


၂) ဆန်မှုန့်၊ပျားရည်နှင့်ပန်းသီးရှာလကာရည်

          ဆန်မှုန့်သည် အရေပြားကို ဂျီးချွတ်သန့်စင်ပေးပြီး လိုအပ်တဲ့သတ္တုဓာတ်များကို ပြန်လည် ဖြည့်ဆည်းပေးပါတယ်။ ပျားရည်သည် ခြေဖဝါးကွဲအက်ခြင်းကိုပျောက်ကင်းစေတဲ့အာနိသင် ပါဝင်ပါတယ်။

အသုံးပြုပုံ - ဆန်မှုန့် လက်ဖက်ရည်ဇွန်း၃ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်း၁ဇွန်း၊ ပန်းသီးရှာလကာရည် ၂စက်-၃စက်ကို အနှစ်လေးတွေဖြစ်အောင်ရောနယ်လိုက်ပါ။ သင့်ခြေထောက်ကို ရေကြက်သီးနွေးဖြင့် ၁၀မိနစ်လောက်စိမ်ထားပြီးနောက် ထိုအနှစ်ကိုညှင်သာစွာပွတ်လိမ်းပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်လျှင် ၂-၃ကြိမ် ပြုလုပ်နိုင်ပါသည်။


၃) ငှက်ပျောသီးအမှည့်

          ငှက်ပျောသီးတွင် ဗီတာမင် A, B6, C တို့ပါဝင်သောကြောင့် အရေပြားကိုတင်းရင်းစေပြီး အစိုဓာတ်ထိန်းပေးနိုင်ပါသည်။

အသုံးပြုပုံ - ငှက်ပျောသီးမှည့်၂လုံးကို အနှစ်ဖြစ်သွားအောင်ချေလိုက်ပါ။ ပြီးလျှင် ထိုအနှစ်များကို ခြေချောင်းများ အပါအဝင် ခြေထောက်တစ်ခုလုံးကို ညှင်သာစွာလိမ်းပြီး မိနစ်၂၀ခန့်ထားပြီးနောက် သန့်စင်သောရေဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းကို ညအိပ်ရာမဝင်ခင်တိုင်း ပြုလုပ်ပေးနိုင်ပါသည်။


၄) ပျားရည်

          ပျားရည်သည် အရေပြားအတွင်းပိုင်းရှိရေများကို အရေပြားအပေါ်ယံလွှာထိရောက်အောင် ဆွဲယူပေးနိုင်သော အစိုဓာတ်ထိန်းပေးသည့်အာနိသင် ပါဝင်သောကြောင့် ခြောက်သွေ့ကွဲအက် နေသော အရေပြားကိုစိုပြေဖောင်းအိစေပါသည်။

အသုံးပြုပုံ - ဇလုံထဲတွင် ရေနွေးနှင့် ပျားရည်၁ခွက်ကိုရောထည့်ပြီး ခြေထောက်ကို မိနစ်၂၀ခန့် စိမ်ထားကာ နှိပ်နယ်ပေးပါ။ ဂျီးတွန်းကျောက်ဖြင့်လည်း အသာအယာပွတ်ပေးနိုင်ပါတယ်။ ပြီးလျှင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်(Mositurizer)ကို လိမ်းပေးပါ။ ဒီနည်းကို အိပ်ရာမဝင်ခင် ပုံမှန်ပြုလုပ်ပေးနိုင်ပါသည်။


၅) ရှားစောင်းလက်ပက်

          ရှားစောင်းလက်ပက်တွင် ဓာတ်တိုးဆန့်ကျင်ဓာတ်များဖြစ်သော ဗီတာမင် A,C,Eနှင့် အရောင်ကျစေသောအာနိသင်၊ အနာသက်သာစေသောအာနိသင် နှင့် ဒဏ်ရာကျက်စေသော အာနိသင်များပါဝင်ပါသည်။

အသုံးပြုပုံ - ညအိပ်ရာဝင်ခါနီးတွင် ခြေထောက်ကိုရေနွေးဖြင့်ဆေးပြီး ဂျီးတွန်းကျောက်ဖြင့် ချေးချွတ်ပါ။ ပြီးလျှင် ရေခြောက်အောင်သုတ်ပြီး ရှားစောင်းလက်ပက်ဂျယ်လ်ကိုလိမ်းကာ ခြေစွပ်စွပ်ထားလိုက်ပါ။ နောက်နေ့မနက်တွင် ရေနွေးဖြင့်ပြန်ဆေးချပါ။

 

၆) Vaseline အဆီနှင့်သံပုရာရည်

          Vaseline အဆီက အရေပြားအစိုဓာတ်ထိန်းပေးပြီး သံပုရာရည်တွင်ပါဝင်သော Citric acid က အရေပြားဆဲလ်အသေများကိုကွာကျစေပြီး အရေပြားအလွှာအသစ်ပြန်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

အသုံးပြုပုံ - Veseline လက်ဖက်ဇွန်း၁ဇွန်းနှင့် သံပုရာရည် ၃-၄စက်ကို ရောလိုက်ပါ။ ခြေထောက်ကို ရေနွေးဖြင့် မိနစ်၂၀ခန့်စိမ်ထားပြီး ရေခြောက်အောင်သုတ်ပါ။ ပြီးလျှင် Vaseline နှင့် သံပုရာရည် ရောထားသောအနှစ်ကို ခြေဖဝါးပေါ်လိမ်းပြီး ခြေစွပ်စွပ်ထားပါ။ နောက်နေ့မနက်တွင် ရေနွေးဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းကို ညအိပ်ရာဝင်ခါနီးတိုင်းပြုလုပ်ပေးနိုင်ပါတယ်။


Dr. Ehley




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18