Print

အရေပြားပေါ်မှာ ချွေးထွက်လွန်တဲ့အခါ

  10-Aug-2020
Preview Image

အရေပြားပေါ်က မှိုပိုးများ

          အရေပြားပြဿနာအများစုက မှိုပိုးနဲ့ ဗက်တီးရီးယားပိုးတွေကြောင့် အဖြစ်များပါတယ်။ သင့်မှာ အဆီပြန်တတ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရင်၊ ချွေးထွက်လွန်ရင်၊ ကိုယ်ခံအားစနစ်လျော့နည်းနေရင်၊ ပူပြင်းတဲ့ ရာသီဥတုမှာရှိနေရင် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကြုံတွေ့နိုင်ရခြေ များပါတယ်။


အဖြစ်များတဲ့သူတွေ

၁။ ကိုယ်ခံအားစနစ် လျော့နည်းတဲ့ မွေးကင်းစကလေးငယ်တွေ၊

၂။ အဝလွန်သူတွေ၊

၃။ ဆီးချို၊ သွေးချိုရောဂါရှင်တွေ၊

၄။ သံဓာတ်နှင့် ဇင့်(သွပ်) ဓာတ်ချို့တဲ့နေသူတွေ၊

၅။ ခန္ဓာကိုယ်တွင်းရောင်ရမ်းရောဂါရှိသူတွေ၊

၆။ ကိုယ်ခံအားချို့တဲ့ရောဂါ ရှိသူတွေ၊

၇။ ပူနွေးစိုစွတ်တဲ့ လုပ်ငန်းခွင်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေ၊

၈။ ကိုယ်ဝန်ဆောင်မိခင်တွေ၊


အရေပြားပြဿနာ ကြုံတွေ့လာရတဲ့အခါ

          ချွေးထွက်လွန်ပြီး အရေပြားပြဿနာကြုံတွေ့လာရတဲ့အခါ ဒီလိုလက္ခဏာတွေကို သင်ခံစားရနိုင်ပါတယ်။

၁။ ချွေးထွက်များတဲ့ ပေါင်ခြံ၊ ချိုင်းကြား၊ ကုပ်ပိုး၊ တံကောက်ကွေး၊ ဒူးခေါက်ကွေးတို့မှာ နီရဲခြင်းနှင့်အတူ ယားယံခြင်းကို ပူးတွဲခံစားရနိုင်ပါတယ်။

၂။ အနီရောင်၊ ဒါမှမဟုတ် ခရမ်းဖျော့ရောင် အပိမ့်အပိမ့်လေးတွေ ပေါက်လာမယ်။

၃။ အဖြူရောင် အကွက်အကွက်ကလေးတွေ ပေါ်လာမယ်။

၄။ နှုတ်ခမ်းဘေး တစ်ဖက်တစ်ချက်မှာ အနီရောင်၊ အဖြူရောင် အရေပြားအက်ကွဲခြင်းတွေ ဖြစ်လာမယ်။

၅။ ချွေးထွက်တဲ့ အရေပြားပေါ်မှာ ဘာကြောင့်မှန်းမသိယားယံပြီး အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။


ဘယ်လိုဖြေရှင်းမလဲ

-       ပြင်ပအပူချိန်နဲ့ စိုစွတ်မှုတွေကြောင့် ချွေးထွက်လွန်တာတွေရှိပါတယ်။

-       ကာယအားသုံးများတဲ့ ကြမ်းတမ်းခက်ခဲတဲ့အလုပ်တွေကြောင့်လည်း ချွေးထွက်လွန်တတ်ပါတယ်။

-       စိတ်ခံစားမှုပြင်းထန်လွန်းသူတွေကလည်း ချွေးထွက်တတ်ပါတယ်။

-       ပူလောင်စပ်လွန်းတဲ့ အစားအစာတွေကြောင့်လည်း ချွေးထွက်တတ်ပါတယ်။

-       ဖျားနာခြင်းကြောင့်လည်း ချွေးထွက်တတ်ပါတယ်။

-       ဆေးလိပ်သောက်လွန်းသူတွေကလည်း ချွေးထွက်တတ်ပါတယ်။

-       ကိုယ်ဝန်ဆောင်နဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ချွေးထွက်များတတ်ပါတယ်။

-       အကိုက်အခဲဖျားနာကျဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ ဆီးချိုသွေးချိုဆေးတွေနဲ့ စိတ်ကျရောဂါကုဆေးတွေကလည်း ချွေးထွက်လွန်စေပါတယ်။ ဒါတွေက ချွေးထွက်လွန်စေတဲ့ အကြောင်းရင်းတွေပေါ့။


ချွေးထွက်လွန်တာကို ဖြေရှင်းတဲ့နေရာမှာ အခြေခံအကြောင်းရင်းတွေကို သိပြီဆိုရင် ချွေးထွက်လွန်စေတဲ့ ဒီအချက်တွေကို ရှောင်ကြဉ်လိုက်ရုံပါပဲ။ ဒါ့အပြင် ရာသီဥတု ပူပြင်းလို့ ချွေးထွက်လွန်တာကို လျော့နည်းစေမယ့် ဖြေရှင်းနည်းကတော့ ချောင်ချိတဲ့ ချည်ထည်အင်္ကျီပွပွတွေကို ဝတ်ပေးပါ။ ကဖင်းကြွယ်ဝတဲ့ အစားအသောက်နဲ့ အရက်ကို ရှောင်ပါ။ ချွေးစိုအဝတ်အစားကို အချိန်မှန်မှန် လဲလှယ်ပေးပြီး ခန္ဓာကိုယ်ကို ချွေးခြောက်အောင် သုတ်ပေးပါ။ အေးမြပြီး လေဝင်လေထွက်ကောင်းသော အရိပ်ရနေရာတွင် နေပါ။


မှိုပိုးနဲ့ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားပြဿနာများအတွက်

          ချွေးထွက်လာတဲ့အခါ အဝတ်သန့်လေးနဲ့ ခြောက်အောင်သုတ်ပေးပါ။ အနာကပိုးဝင်လို့ နီရဲရောင်ရမ်းနေရင် အရက်ပြန် ဒါမှမဟုတ် Beta-iodine နဲ့ သန့်စင်ဆေးကြောပေးပါ။ အရေပြားဆရာဝန်က ညွှန်ကြားတဲ့ အရေပြားလိမ်းဆေးကို အနာတစ်ဝိုက် ပါးပါးလေးလိမ်းပေးပါ။ မိမိသဘောနဲ့မသုံးဘဲ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သင့်တော်ရာဆေးဝါးကိုသာ စနစ်တကျသုံးစွဲသင့်ပါတယ်။ အဓိကအချက်ကတော့ ယားတိုင်း အယားပြေအောင် သွေးထွက်တဲ့အထိ အရမ်းကုတ်တာကို ရှောင်ဖို့အရေးကြီးတယ်နော်။

Credit : သွန်းသော်တာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18