Print

အရေပြားပေါ်က ပြဿနာတချို့ကို ဖြေရှင်းကြမယ်

  20-Jul-2020
Preview Image

          အရေပြားပေါ်မှာ အသေးအဖွဲ့ပြဿနာလေးတွေဖြစ်တဲ့အခါ အောက်ပါနည်းလမ်းတွေနဲ့ အလွယ်တကူဖြေရှင်းနိုင်ပါတယ်။


ထိခိုက်လွယ်သော အရေပြား

          ထိခိုက်လွယ်တဲ့ အသားအရေရှိသူတစ်ယောက်အတွက် ဘယ်ရာသီဥတုမဆို အရေပြားထိခိုက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် ခရီးထွက်တဲ့အခါ ပိုပြီးသတိထားဖို့ လိုပါတယ်။


ဘယ်လိုဖြေရှင်းမလဲ

အင်တီအောက်ဆီးဒင့်ပါတဲ့ခရင်မ်ကို လိမ်းပါ။

          ထိခိုက်လွယ်တဲ့ အရေပြားရှိသူတွေအတွက် Allantoin နဲ့ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင်အေ၊ အီးပါတဲ့ခရင်မ်တွေကို ရွေးချယ်ဝယ်ယူသုံးစွဲပါ။ အရေပြားထိခိုက်ပျက်စီးမှုတွေကို အမြန်ဆုံးသက်သာစေပြီး အရေပြားကို ပုံမှန်အတိုင်းပြန်လည်ဖြစ်စေပါတယ်။


ကွဲအက်နေသော ခြေသည်း၊ လက်သည်း

          မကြာခဏ ခြေ၊ လက် ဆေးကြောတတ်တာ၊ အဲယားကွန်းအခန်းမှာပဲ အေးစက်စက်လေတွေနဲ့ အချိန်ကြာကြာထိတွေ့မှုရှိတာနဲ့ နေရောင်အောက်မှာ အလုပ်လုပ်ရတာကြောင့် ခရမ်းလွန်ရောင်ခြည်တွေရဲ့ ထိတွေ့မှုများတဲ့ ခြေသည်း၊ လက်သည်းတွေက ခြောက်သွေ့အက်ကွဲမှု ပိုမိုဖြစ်စေပါတယ်။


ဘယ်လိုဖြေရှင်းမလဲ

ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်လိမ်းပါ။

          လက်ချောင်း၊ ခြေချောင်းလေးတွေကို အစိုဓာတ်ထိန်းပေးဖို့အတွက် ရေဓာတ်များများပါတဲ့ အစိုဓာတ်ထိန်း (Moisturiser) ခရင်မ်ကိုလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။


မျက်နှာပေါ်တွင် အရေးအကြောင်းများမဖြစ်အောင်

ကိုအင်ဇိုင်း ကျူ - ၁၀ နဲ့ ကာကွယ်ပါ

          ကိုအင်ဇိုင်းကျူ - ၁၀ က အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကနေ သဘာဝအလျောက်ထုတ်လုပ်ပေးပါတယ်။ ကိုအင်ဇိုင်းကျူ - ၁၀ က အရေပြားနဲ့ ခန္ဓကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ဖရီးရက်ဒီကယ်တွေရဲ့ ဖျက်ဆီးတာကနေ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာ စွမ်းအင်ထုတ်လုပ်မှုနဲ့ ဆဲလ်တွေရဲ့ အခြေခံလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ကိုအင်ဇိုင်းကျူ - ၁၀ က ပါဝင်လုပ်ဆောင်ပေးပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်သူတွေမှာ ကိုအင်ဇိုင်းကျူ - ၁၀ လျော့နည်းနေတာကို တွေ့ရပါတယ်။ ကိုအင်ဇိုင်းကျူ - ၁၀ ကို မျက်နှာအရေပြားပေါ် လိမ်းပေးပါက အရေးအကြောင်းဖြစ်ပေါ်တာကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ ကိုအင်ဇိုင်းကျူ - ၁၀ ကို ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်သား၊ အသည်းနဲ့ ကောက်နှံတစ်ခုလုံးကနေ ပေါများစွာရရှိနိုင်ပါတယ်။


စိတ်ဖိစီးမှုကြောင့် အသားအရေ မထိခိုက်စေရန်

ဟင်းနုနယ်ရွက်စားပါ။

          ဟင်းနုနယ်ရွက်မှာ သတ္ထုဓာတ်တွေ ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ်ဓာတ် ခန္ဓာကိုယ်မှာ မလုံလောက်ပါက စိတ်ဖိစီးမှုခံစားရတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ မောပန်းနွမ်းနယ်နေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့ ဟင်းနုနယ်ရွက်ကို တစ်နေ့တစ်ခွက်စာ စားပေးပါက တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ရရှိစေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။

          အရေပြားမှာ ဆဲလ်သေတွေ၊ အညစ်အကြေးတွေ ကပ်ငြိနေရင်အသားအရေက မွဲမွဲခြောက်ခြောက်၊ ညစ်ထေးထေးနဲ့ ကြည့်ရအလွန်ဆိုးပါတယ်။ ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ ပုံမှန်ကြေးချွတ်သန့်စင်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။ Spa သွားပြီး ကြေးချွတ်သန့်စင်တာကို အလွယ်တကူပြုလုပ်နိုင်တယ်ဆိုပေမယ့် ပိုက်ဆံကုန်ကျမှုရှိတာ၊ ဓာတုပစ္စည်းတွေကို မကြာခဏ အသုံးပြုတာကြောင့် ရေရှည်မှာ အသားအရေပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ အိမ်မှာပဲ ပိုက်ဆံကုန်သက်သာပြီး ထိရောက်တဲ့ အောက်ပါကြေးချွတ်သန့်စင်နည်းတွေကို ရေးသားလိုက်ပါတယ်။


(၁) အစိုဓာတ်ထိန်းခရင်မ်နှင့်သကြား

          အစိုဓာတ်ထိန်းခရင်မ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာနဲ့ သကြားဇွန်းတစ်ဝက်ကို ရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံစံ ညင်သာစွာလိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်ကို ရှောင်ပြီးလိမ်းဖို့ လိုပါတယ်။


(၂) ငှက်ပျောသီး

          ငှက်ပျောသီးနဲ့ ကြေးချွတ်တာက ငွေကုန်သက်သာပြီး ထိရောက်တဲ့နည်းပါ။ ငှက်ပျောသီးမှည့်တစ်လုံးနဲ့ သကြားသုံးဇွန်းနဲ့ သံလွင်ဆီတစ်ဇွန်းလိုအပ်ပါတယ်။ ဒီပစ္စည်းတွေကို ရောပြီး ရေချိုးခါနီးမှာ မျက်နှာရော ခန္ဓာကိုယ်အနှံ့ပါလိမ်းပြီး ကြေးချွတ်ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့ ရေချိုးပါ။


(၃) ပျားရည်နှင့် ရှားစောင်းလက်ပပ်

          ပျားရည်က သဘာဝအစိုဓာတ်ကို ပေးစွမ်းနိုင်ပြီး ရှားစောင်းလက်ပပ်နဲ့ ပေါင်းလိုက်ပါက အာနိသင်ပိုမိုရရှိစေပါတယ်။ Spa တွေ မှာလုပ်လို့ရတယ်ဆိုပေမယ့် အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်တာက ပိုက်ဆံကုန်သက်သာပြီး သဘာဝနည်းလမ်းဖြစ်တာကြောင့် အရေပြားထိခိုက်မှုလည်း မရှိနိုင်ပါဘူး။ ဆားတစ်ခွက်စာကို ပျားရည်ထမင်းစားဇွန်း ၂ - ၃ ဇွန်း၊ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်လီခွက်တစ်ဝက်စာ၊ သံလွင်ဆီ အနည်းငယ်နဲ့ ရောပါ။ ရေချိုးခါနီးမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကို စက်ဝိုင်းပုံစံ ပွတ်လိမ်းပြီး ကြေးချွတ်ပေးပါ။ လက်ချောင်းတွေနဲ့ ပြုလုပ်နိုင်သလို ရေမြှုပ်နဲ့လည်း ပွတ်ပေးနိုင်ပါတယ်။ ပြီးမှ ရေချိုးသန့်စင်ပေးပါ။


(၄) ကော်ဖီ

          ကော်ဖီနဲ့ အရေပြားကို ကြေးချွတ်ပေးပါက အဆီပြန်တာကို သက်သာစေပြီး အသားအရေကို နူးညံ့လှပစေပါတယ်။ အသားအရေတင်းရင်းစေပြီး အရေပြားလျော့တွဲကျတာမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ကော်ဖီအမှုန့်၊ ဆား၊ အုန်းဆီ၊ သံလွင်ဆီတို့ကို ဆတူရောပြီး ခန္ဓာကိုယ်အနှံ့လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးနွေးနဲ့ ရေချိုးပါ။

Credit : ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18