Print

အကျည်းတန်တဲ့ အကြောပြတ်ရာတွေ

  13-Jul-2020
Preview Image

          မြောက်မြားလှစွာသော အရေပြားပြဿနာတွေထဲမှာ မကြာခဏကြုံရ၊ တွေ့ရတဲ့ ကိစ္စကတော့ အရေပြားအကြောပြတ်ရာတွေပါပဲ။ ပေါ်လာတာမြန်ပေမယ့် ပြန်ကောင်းသွားဖို့ကျတော့ အချိန်အတော်ယူရပါတယ်။ ဒါကြောင့် အကြောပြတ်အစင်းရာကြီးတွေနဲ့ကို ကာယကံရှင်တွေခမျာ ဖုံးရ၊ ဖိရတာက တစ်မျိုး၊ ပြန်ပျောက်သွားအောင် ဟိုဆေးလိမ်းရ၊ ဒီဆေးလိမ်းရတာ တစ်မျိုးနဲ့ စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ အန္တရာယ်မရှိပေမယ့် အနည်းနဲ့ အများတော့ စိတ်မသက်မသာဖြစ်ကြရတဲ့ အရေပြားပြဿနာပါ။

          အရေပြားရဲ့ အလယ်လွှာထဲမှာ အလွန်အားကောင်းမောင်းသန်ရှိလှတဲ့ ကိုလာဂျင်နဲ့ အီလက်စတင်အမျှင်တွေ ရှိပါတယ်။ ဒီတစ်သျှူးတွေကို ဖိုက်ဖရိုဘလက်(စ်) ဆိုတဲ့ ကလာပ်စည်းက ထုတ်လုပ်ပေးတာပါ။ ကိုလာဂျင်နဲ့ အီလက်စတင်တွေဟာ အရေပြားကို မာကျောကျစ်လျစ်အောင် အထောက်အကူပြုပေးတဲ့ အမာခံ တစ်သျှူးတွေပါ။ သူတို့အင်အားကောင်းနေရင် အရေပြားမှာ အတွန့်အခေါက်၊ အရေပြားအကြောင်းတွေ မဖြစ်ပါဘူး။ အရေပြားဟာ တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပေါ့။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီအမျှင်တွေ ပြတ်ကုန်ရင်တော့ အရေပြားမှာ အကြောပြတ်ရာတွေ ပေါ်လာတော့တာပါပဲ။


တင်းလွန်းတော့ ပြတ်

          ရုတ်တရက် ဝလာသူတွေ၊ ကိုယ်ဝန်ဆောင်သူတွေ၊ ကြွက်သားတွေတင်းရင်းအောင် ဆေးသောက်သူတွေ၊ အားကစားလေ့ကျင့်သူမှာ မကြာခဏကြုံရတဲ့ ပြဿနာပါ။ စောစောက ပြောခဲ့တဲ့ ကိုလာဂျင်နဲ့ အီလက်စတင် အမွေးအမှင်တွေဟာ ဘယ်လောက်ပဲ အားသန်ပါစေ သူတို့စွမ်းနိုင်တဲ့ ဆွဲဆန့်အားထက် လွန်သွားခဲ့ရင် ပြတ်ကုန်တော့တာပါပဲ။ ဒါကြောင့် အကြောပြတ်ရာကို Stretch Mark လို့ ခေါ်ကြတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေခမျာ ဗိုက်ကြောပြတ်ရာတွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ကြုံကြရတာပါ။ ကိုယ်ဝန်ရင့်လာလေ အကြောပြတ်ရာတွေ ပိုပေါ်လာလေပါပဲ။ ဒီလိုပါပဲ လူပျို၊ အပျိုဖော်ဝင်ခါစ ဟော်မုန်းအပြောင်းအလဲကြောင့် ရုတ်တရက် ဝလာသူတွေ၊ ထွားကျိုင်းလာသူတွေမှာလည်း ဒီအဖြစ်မျိုးကြုံရတာပါပဲ။ ကိုလာဂျင်နဲ့ အီလတ်စတင် တစ်သျှူးတွေရဲ့ ဆန့်အားကုန်သွားလို့ပါ။ ကာယဗလမောင်၊ မယ်တွေလည်း ကြွက်သားတွေ ဖုထစ်ဖောင်းကြွလာတော့ အရေပြားထဲက ကိုလာဂျင်တွေ ပြဲကုန်တော့တာပါပဲ။ တဖြည်းဖြည်းတင်းရင်းလာရင် မသိသာပေမယ့် ရုတ်တရက်ကြီး ဖောင်းကြွတင်းရင်းခဲ့ရင်တော့ ဟန်ချက်မညီဘဲ အကြောပြတ်ကုန်တာပါ။ အံ့သြစရာကတော့ တချို့ “ဝ” နေတဲ့သူတွေမှာ ဘာအကြောပြတ်ရာ၊ အစင်းရာမှ မရှိပေမယ့် ရုတ်တရက် ဝိတ်ချလိုက်လို့ ပိန်သွားခါမှ အကြောပြတ်ရာတွေ ထင်းခနဲ ပေါ်လာတာပါပဲ။ အချိန်တိုအတွင်းမှာ ဟန်ချက်မညီတဲ့ သဘောပေါ့။


အားမသန်တော့လည်း ပြတ်

          ခုပြောခဲ့တဲ့ အရေပြားက တင်းလာလို့ အကြောပြတ်တာတွေရှိသလို အရေပြားက မတင်းပေမယ့် ကိုလာဂျင်တွေ၊ အီလက်စတင်တွေ အားမသန်၊ မာန်လျှော့သွားခဲ့ရင်လည်း အကြောပြတ်တာပါပဲ။ ကိုလာဂျင်၊ အီလက်စတင်တွေကို ပုံမှန်မွေးထုတ်ပေးတဲ့ ဖိုက်ဖရိုဘလက်စ် ကလာပ်စည်းဟာ ဟော်မုန်းအပြောင်းအလဲကြောင့် အလုပ်မလုပ်တဲ့အခါ ဒီပြဿနာကြုံရတော့တာပါ။ အရေပြားလို ကျားကန်ထားတဲ့ ဒီအမျှင်တွေ အားကုန်ပြီး ပါးသွားတဲ့အခါ အကြောပြတ်တော့တာပါပဲ။ စတီးရွိုက်ဟော်မုန်းပါတဲ့ လိမ်းဆေး၊ စားဆေးတွေ ရေရှည်သုံးစွဲတဲ့သူတွေမှာ အကြောပြတ်တာဟာ ဒီအကြောင်းရင်းက အဓိကပါ။ စတီးရွိုက်တွေဟာ ဖိုက်ဖရိုဘလက်စ် ကလာပ်စည်းကနေ ကိုလာဂျင်တို့၊ အီလက်စတင်တို့ ထုတ်လုပ်မှုကို ဟန့်တားလိုက်လို့ပါပဲ။ ဒီတော့ အရေပြာမှာ ထောင်လိုက် ဒါမှမဟုတ် အလျားလိုက် အကြောပြတ်အစင်းတွေ မသိမသာ ပေါ်လာတော့တာပါ။


အကြောပြတ်သက်သာစေတဲ့ လိမ်းဆေးတွေ

          လိမ်းဆေးတွေနဲ့ ပျောက်ကင်းသက်သာအောင် လုပ်တဲ့အခါ အဓိက အသုံးများတာကတော့ အရေပြားရဲ့ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တွေ၊ လိုးရှင်းတွေ၊ အဆီတွေ များပါတယ်။ ပြောရရင် သံလွင်ဆီ၊ အလှဆီ၊ သဘာဝ သစ်ဥသစ်ဖု၊ သစ်သီးသစ်ရွက်အဆီတွေပေါ့။ ဗီတာမင်စီပါတဲ့ လိမ်းဆေးတွေ၊ သစ်သီးသစ်ဥတွေက ထုတ်လုပ်ထားတဲ့ AHA, BHA အက်စစ်ပါတဲ့ လိမ်းဆေးတွေလည်း သုံးကြပါတယ်။ ထရက်တီနွံ (Tretinon) လိမ်းဆေးတွေကိုလည်း ရေရှည် ဇွဲရှိရှိနဲ့ လိမ်းပေးရင် သက်သာစေပါတယ်။ ဒါပေမယ့် ဒီလိမ်းဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေမှာတော့ လုံးဝမသုံးသင့်ပါဘူး။ သန္ဓေသားနဲ့ ကလေးကို ထိခိုက်စေတတ်လို့ပါ။ အဲဒီလိမ်းဆေးတွေအပြင် ဆီလီကွန်ဂျယ် (silicone gel) လည်း သုံးကြပါတယ်။ ဘယ်လိုလိမ်းဆေးတွေပဲ ဖြစ်ဖြစ် အကြောပြတ်ရာတွေကို စောစောစီးစီး ဖြစ်ခါစမှာ သုံးနိုင်ပါမှ အကျိုးရှိတာပါ။ ပြောရရင် နီနီရဲရဲ အစင်းတွေ ပေါ်ခါစမှစပြီး ရေရှည်လိမ်းခဲ့ရင်၊ နည်းမှန်လမ်းမှန် သုံးခဲ့ရင် သက်သာစေပါတယ်။ အကြောပြတ်ရာတွေ ထုနဲ့ထည်နဲ့ အခြေတည်ပြီးမှ ဒီလိမ်းဆေးတွေလိမ်းခဲ့ရင် သိပ်ပြီး မထိရောက်ပါဘူး။ ဒီအခါမှာ အခြားနည်း လိမ်းဆေးတွေနဲ့ ကြိုးစားရမှာပါ။

Credit : ဒေါက်တာ ကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18