Print

ဘဝတစ်သက်လုံး စိတ်ချရအောင် ကြမ်းရမ်းပေါ့ဆမှုကိုရှောင်

  13-Nov-2019
Preview Image

          ကျွန်တော်တို့နိုင်ငံအပါအဝင် နိုင်ငံအသီးသီး၌ လူတို့၏ သတိမမူပေါ့ဆမှုများကြောင့် မတော်တဆထိခိုက်ခြင်း၊ အကြမ်းဖက်မှုများနှင့် ရမ်းကားမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါများချို့တဲ့ခြင်း၊ မသန်စွမ်းဖြစ်ခြင်းတို့သည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးကြသကဲ့သို့၊ မတော်တဆမှုများတွင် အကြမ်းဖက်မှုများကြောင့် နှစ်စဉ်နှစ်တိုင်း သန်းချီပြီး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်းသည် ရခဲလှဘိသော လူ့ဘဝကို စိတ်ချရအောင် ပေါ့ဆမှုများကို ရှောင်ပါ။ အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း သတိတရားကို လက်ကိုင်ထားရပါမည်။


          ထိခိုက်ဒဏ်ရာများသည် လမ်းများပေါ်တွင်လည်းကောင်း၊ အိမ်နှင့်ပတ်ဝန်းကျင်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း၊ အားကစားပြုလုပ်ချိန်တွင်လည်းကောင်း၊ လူတစ်ဦးချင်း(သို့မဟုတ်) တစ်ဦးနှင့်အထက် အုပ်စုလိုက်ရရှိနိုင်ပါသည်။နမော်နမဲ့ပေါ့ဆမှုများကြောင့် မတော်တဆဖြစ်သကဲ့သို့ တမင်ရည်ရွယ်ပြီး၊ ကျူးလွန်၍ အကြမ်းဖက်ခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိခိုက်ဒဏ်ရာများကြောင့် မသန်စွမ်းခြင်း၊ မသေသင့်ဘဲ အချိန်စောစွာသေဆုံးခြင်းနှင့် အသေဆိုးနှင့် သေဆုံးခြင်းတို့ဖြစ်တတ်ပါသည်။


          ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုထားသောစာရင်းဇယားများတွင် ကြမ်းရမ်းပေါ့ဆမှုများကြောင့် သန်းပေါင်းများစွာ အသက်ဆုံးရှုံးခြင်း၊ လုံးဝ မသန်စွမ်း ဒုက္ခိတဘဝရောက်ရှိခြင်းနှင့် အသင့်အတင့် မသန်မစွမ်းဖြစ်ခြင်းတို့ကို တွေ့ရှိရပါသည်။ ကြမ်းရမ်းပေါ့ဆမှုကြောင့် သေဆုံးသောအကြောင်းရင်းများမှာ စက်တပ်ယာဉ်များကြောင့် ထိခိုက်ခြင်းသည် အများဆုံးဖြစ်ပြီး မိမိကိုယ်ကိုယ်သတ်သေခြင်း၊ တစ်ဦးနှင့်တစ်ဦးသတ်ဖြတ်ခြင်း၊ အဆိပ်မိခြင်း၊ လိမ့်ကျခြင်း၊ မီးလောင်ခြင်း၊ အခြားကြမ်းရမ်းမှုများနှင့် အခြားမတော်တဆဖြစ်မှုများဖြစ်ရပါသည်။


          အရက်သေစာသောက်စားခြင်းသည် ကြမ်းခြင်း၊ ရမ်းကားခြင်းနှင့် ပေါ့ဆခြင်းအမျိုးမျိုးကို ပို၍ဖြစ်လာပါသည်။မူးလျှင်မမောင်းနှင့် မောင်းလျှင်မမူးနှင့်ဆိုသည့်အတိုင်း အရက်မူးပြီးမောင်းပါက ယာဉ်တိုက်မှုကို ပိုမိုများပြားစေပါသည်။ လူ၏ ကြမ်းချင်ရမ်းချင်သည့်စိတ်များကို နိုးကြွစေပါသည်။ အရက်မူးခြင်းကြောင့် မိမိကိုယ်ကိုယ်သတ်သေခြင်း၊ လူသတ်မှုကျူးလွန်ခြင်းနှင့် ရေနစ်သေခြင်းတို့ ဖြစ်နိုင်ပါသည်။ အရက်မူးပါက မတော်တဆချော်လဲပြီး ခေါင်းကို ထိခိုက်ဒဏ်ရာရရှိခြင်း၊ အရိုးကျိုးခြင်းများဖြစ်နိုင်ပါသည်။


          ကျွန်တော်တို့နိုင်ငံအတွင်း၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှု အားနည်းနေသောကြောင့် သက်ဆိုင်ရာက အရေးယူနေရပါသည်။ ယာယီနံပါတ်သက်တမ်းကျော်လွန်သောယာဉ်များနှင့် နံပါတ်ပြားမပါဘဲ သတ်မှတ်လမ်းကြောင်းအတွင်း မောင်းနှင်ခြင်းမရှိသောယာဉ်များသည် စည်းကမ်းချိုးဖောက်မတော်တဆထိခိုက်မှုများ ကြုံတွေ့နေရပါသည်။ အချို့သော ခြေလျင်သွားလာသည့် လမ်းအသုံးပြုသူများ၏ စည်းကမ်းမဲ့လမ်းဖြတ်ကူးခြင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးဒဏ်ရာရရှိလျက် ရှိကြပါသည်။ လူသွားစင်္ကြန်လူကူးမျဉ်းကျားများ၊ လူကူးခုံးကျော်တံတားများမှ သွားလာဖြတ်ကူးမှု အလွန်နည်းကြပါသည်။


          လုပ်ငန်းခွင်အန္တရာယ်များသည် ပေါ့ဆမှုနှင့် ရမ်းကားမှုများကြောင့် ဖြစ်တတ်ပါသည်။ ပေါ့ဆမှုများမှာ မိမိလုပ်ရမည့်အလုပ်ကို မလေးစားခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ လျှော့တွက်ခြင်း၊ အကောင်းအဆိုးမခွဲတတ်ခြင်းနှင့် အန္တရာယ်နှင့် ကိုယ်တိုင်မကြုံဖူးသေးခြင်း စသည်တို့ဖြစ်ပါသည်။ ရမ်းကားမှုများမှာ အရက်သောက်မူးယစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း၊ အပြုအမူကြမ်းတမ်းခြင်း၊ ဒေါသကြီးခြင်း၊ စိတ်လောခြင်း၊ ဆင်ခြင်တုံတရားကင်းမဲ့ခြင်းနှင့် အကျိုးမဲ့အားပြိုင်လိုခြင်းတို့ဖြစ်ပါသည်။ ပေါ့ဆမှုနှင့် ရမ်းကားမှုတို့သည် အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပါသည်။


          လုပ်ငန်းခွင်အတွင်း အန္တရာယ်မဖြစ်ပွားအောင် ကာကွယ်ဆောင်ရွက်သင့်ပါသည်။ လျှပ်စစ်မီးကြိုး၊ မီးခလုပ်နှင့် မီးခေါင်းများကို စစ်ဆေးပြီး ပေါက်ပြဲပါက မိန်းချပြီး အမြန်လဲသင့်ပါသည်။ မြွေကိုက်လျှင်ဆေးရှိပါသည်။ ဓာတ်လိုက်လျှင် ဆေးမရှိနိုင်ပါ။ အဆောက်အအုံအတွင်း အလင်းရောင်ကောင်းအောင် ပြုလုပ်ထားမှသာ မတော်တဆထိခိုက်ဒဏ်ရာများ လျော့နည်းနိုင်ပါသည်။ လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဖြစ်ပွားနိုင်ပါ။ ဆူညံသံကြောင့် နားထိခိုက်နိုင်၍ နားကြပ်တပ်ဆင်ပါ။ စူးရှတောက်ပသော အလင်းရောင်ကြောင့် မျက်လုံးထိခိုက်နိုင်၍ မျက်မှန်တပ်ပါ။ ခဲလုပ်ငန်း (ဘက်ထရီ၊ သင်္ဘောဆေးများ) ကြောင့် ခဲဆိပ်သင့်နိုင်၍ အကာအကွယ်ပစ္စည်းအသုံးပြုပါ။


          “မူးယစ်ဆေးအစ ဆေးလိပ်က”   ဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးအန္တရာယ်နှင့် လူမှုကိစ္စပြဿနာများကို ပေးစွမ်းနိုင်ပါသည်။ လူသားတစ်ရပ်လုံးအား မျိုးနွယ်တုံးစေနိုင်သော မူးယစ်ဆေးစွဲခြင်းများကိုလည်း ဖြစ်စေတတ်ပါသည်။ ဆေးလိပ်နှင့်အရက်ကို ပူးတွဲသောက်သုံးကြပါသည်။ စီးကရက်ထဲတွင် ဘိန်းဖြူထည့်သောက်ခြင်း၊ ဆေးလိပ်၊ ဆေးတံများထဲတွင် ဆေးခြောက်များထည့်ရှူကြပါသည်။ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲအန္တရာယ်များကြောင့် ကြမ်းရမ်းမှုများဖြစ်ပေါ်ပြီး အသက်အန္တရာယ်များကို ဒုက္ခပေးတတ်ပါသည်။


          ဘိန်းဖြူ၊ ဆေးခြောက်နှင့် အမ်ဖက်တမင်း စသော မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း (ဥပမာ - မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း) ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု(ဥပမာ - အသည်းရောဂါ၊ နှလုံး၊ သွေးတိုးရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ) နှင့် လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု (ဥပမာ - မူးယစ်ဥပဒေအရ အရေးယူခံရခြင်း၊ ရာဇဝတ်မှုမကင်းသည့် အပြုအမူများပြုလုပ်တတ်လာခြင်း၊ မိသားစုစိတ်ဆင်းရဲခြင်း) စသည်တို့ဖြစ်တတ်ပါသည်။ ကြမ်းရမ်းမှုများပြုလုပ်တတ်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူအားလည်းကောင်း ဒုက္ခပေးတတ်ပါသည်။


          လူတိုင်းလူတိုင်းသည် ဘဝတစ်သက်တာလုံး စိတ်ချရအောင် ကြမ်းရမ်းမှု၊ ပေါ့ဆမှုများကို ရှောင်ရှားရပါမည်။ သတိကိုယှဉ်ပြီး အန္တရာယ်ကိုတားရပါမည်။ ဘေးအန္တရာယ်ကင်းဝေးစေရန်မှာ လူတိုင်းတွင် တာဝန်တစ်ရပ်ဖြစ်သည်။ ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုများကို အားလုံးဝိုင်းဝန်းကူညီရပါမည်။ ကျွန်တော်တို့နိုင်ငံသည် တစ်နှစ်တွင် ၁၂ လလုံး၌ ရာသီအလိုက် ပွဲလမ်းသဘင်များ ကျင်းပကြပါသည်။ ကျင်းပတိုင်းလည်း အရက်သေစာသောက်စားခြင်းကြောင့် ထိခိုက်ဒဏ်ရာများနှင့် ရောဂါများရရှိကြ၍ အရက်သောက်ခြင်းကို ရှောင်ကြဉ်ထိန်းချုပ်သင့်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ပိုးသတ်ဆေးများရောင်းချခြင်း၊ သယ်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ ထားသိုခြင်း၊ အသုံးချခြင်းများတွင် စည်းနှင့်ကမ်းနှင့် သတိဖြင့် ကိုင်တွယ်အသုံးပြုသင့်ပါသည်။ သို့မှသာ ပိုးသတ်ဆေးအန္တရာယ်မှ ကင်းဝေးနိုင်ပါမည်။ လုပ်ငန်းခွင်အန္တရာယ်ကင်းစင်ရေးကို ဂရုစိုက်ရပါမည်။ သို့ဖြစ်ပါ၍ လူတိုင်းလူတိုင်းသည် ကြမ်းရမ်းမှုများနှင့် ပေါ့ဆမှုများကို ကာကွယ်ခြင်းဖြင့် ဘဝတစ်လျှောက်လုံးတွင် ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း ဆန္ဒပြုအပ်ပါသည်။

Credit : ဒေါက်တာ ကောင်းစံ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18