Print

အော်တစ်ဇင်အကြောင်း သိကောင်းစရာ

  15-Dec-2019
Preview Image

Autism (အော်တစ်ဇင်) ဆိုတာကို ရှင်းပြပေးပါဆရာ။

          အော်တစ်ဇင်ဆိုတာ အင်္ဂလိပ်လိုတော့ Neurodevelopmental Disorder တစ်ခုဖြစ်ပါတယ်။ ကလေးရဲ့ ကြီးထွားဖွံ့ြဖိုးမှုအပိုင်းမှာ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သယ်ရေး စတဲ့အပြန်အလှန်ဆက်သွယ်တဲ့ အပိုင်းတွေဟာ ပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို အော်တစ်ဇင်လို့ခေါ်တယ်။ ရောဂါတစ်ခုမဟုတ်သလို ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့တဲ့ရောဂါ အသိဉာဏ်နောက်ကျတဲ့ ရောဂါမျိုးလည်း မဟုတ်ပါဘူး။ Social  ပိုင်း၊ Communication ပိုင်း၊ လူမှုပတ်ဝန်းကျင်နဲ့ ဆက်သွယ်တဲ့ အပိုင်းတွေမှာ နောက်ကျတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါ။


ဘယ်လို အခြေအနေမျိုးမှာ အော်တစ်ဇင်ဖြစ်နေပြီလို့ သတ်မှတ်နိုင်ပါသလဲဆရာ။

          အော်တစ်ဇင်လက္ခဏာ ရှိတဲ့ကလေးတွေမှာ အဓိကကတော့ ပြောဆိုဆက်သွယ်မှု နောက်ကျပါတယ်။ လူအချင်းချင်း ပြောဆိုဆက်သွယ်တဲ့နေရာဟာ စကားပြောပြီး ဆက်သွယ်တာရှိတယ်။ စကားမပြောဘဲနဲ့ ကိုယ်အမူအရာ (Body Language) နဲ့ ဆက်သွယ်တာရှိတယ်။ သူတို့တစ်တွေမှာ ဆက်သွယ်မှုအပိုင်းနှစ်ခုစလုံးမှာ နောက်ကျပါတယ်။ အော်တစ်ဇင်ရဲ့ အဓိကလက္ခဏာက စကားပြောတာနဲ့ကော၊ ကိုယ်လက်အမူအရာနဲ့ကော ဆက်သွယ်မှုနောက်ကျတဲ့အပိုင်းက နံပါတ်တစ်ပါ။

          နံပါတ်နှစ်ကတော့ သူတို့တစ်တွေမှာ ရွယ်တူကလေးတွေနဲ့ မတူတဲ့ အပြုအမူထူးထူးခြားခြားလေးတွေ၊ အာရုံခံစားမှုထူးခြားတာတွေ၊ အမူအကျင့်ထူးခြားတာတွေရှိပါတယ်။ အဲဒီနှစ်ခုရှိနေရင် အော်တစ်ဇင်လက္ခဏာရှိတယ်လို့ သံသယရှိပြီးတော့ အဲဒီကလေးကို လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေ လုပ်ရပါတယ်။


ဘယ်အသက်အရွယ်မှာ အော်တစ်ဇင် ဖြစ်နေမှန်း သိသာပါသလဲဆရာ။

          အော်တစ်ဇင်ဟာ တစ်နှစ်၊ နှစ်နှစ်ကြားမှာ အများကြီး သိသာပါတယ်။ တချို့ကတော့ပြောတယ်။ တစ်နှစ်မတိုင်ခင်မှာ လက္ခဏာပေါ်တယ်ဆိုပေမယ့် တစ်နှစ်မတိုင်ခင် အော်တစ်ဇင်ဖြစ်နေပါတယ်ဆိုပြီး အပြတ်ပြောလို့မရပါဘူး။ မှားယွင်းတဲ့အခြေအနေတွေရှိပါတယ်။ တစ်နှစ်နဲ့ နှစ်နှစ်ကြားလောက်မှာ သိသာလာပါတယ်။ နှစ်နှစ်နဲ့ သုံးနှစ်ကြားဆိုရင်တော့ ပိုပြီးသိသာလာတဲ့ အနေအထားမျိုးရှိပါတယ်။ သုံးနှစ်မတိုင်ခင် အော်တစ်ဇင်လက္ခဏာရှိတယ်ဆိုတာကို သိနိုင်သလို သိလည်းသိသင့်ပါတယ်။ သိမှ စောစောစီးစီး လေ့ကျင့်ကုသမှုပေးရင် သူ့အဖို့ အများကြီးတိုးတက်တယ်။


အော်တစ်ဇင်ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။

          ခုချိန်ထိ အော်တစ်ဇင်ဘာလို့ ဖြစ်သလဲ သိပ္ပံပညာအရ ဘယ်သူမှမသိဘူး။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု ကလေးရဲ့ မျိုးရိုးဗီဇ စသဖြင့် ဒါတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ပြောနေကြတာတွေရှိပေမယ့် သိပ္ပံနည်းကျအော်တစ်ဇင်ဖြစ်နိုင်တဲ့ အကြောင်းအရင်းကို အခုအချိန်ထိ တိတိကျကျမသိပါဘူး။ အော်တစ်ဇင်က မိန်းကလေးထက်စာရင် ယောကျ်ားလေးမှာ ပိုဖြစ်တတ်တယ်။ မိသားစုထဲမှာ အော်တစ်ဇင်တစ်ယောက်ဖြစ်ရင် နောက်ထပ်တစ်ယောက်ဖြစ်နိုင်ခြေ နည်းနည်းလေးများတယ်။ မသိမသာလေးပါပဲ ဒီလောက်ပဲပြောလို့ရတယ်။ တချို့အော်တစ်ဇင်နဲ့ ဆက်စပ်တဲ့ Genes လို့ခေါ်တဲ့ မျိုးရိုးဗီဇတွေ ရှာလို့တွေ့ခဲ့တာတော့ရှိတယ်။ ဒါပေမယ့်ကလေးအားလုံးအတွက် မဟုတ်ပါဘူး။ ဒီမေးခွန်းကို ခြုံပြောရရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိပါဘူး။


အော်တစ်ဇင်ကလေးတွေရဲ့ အခြေအနေတိုးတက်လာအောင် ဘယ်လိုမျိုးတွေ လုပ်ပေးလို့ရပါသလဲဆရာ။

          အော်တစ်ဇင်ဟာ ပြောခဲ့သလိုပဲ ရောဂါတစ်ခုဆိုတာထက် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အော်တစ်ဇင်ကို သွေးစစ်တာ ဓာတ်မှန်ရိုက်တာတွေနဲ့ စစ်ဆေးလို့မရသလို ဆေးနဲ့ပျောက်အောင် ကုလို့မရပါဘူး။ အော်တစ်ဇင်ကို လေ့ကျင့်သင်ကြားပေးခြင်းနဲ့သာ အခြေအနေကို တိုးတက်အောင် လုပ်လို့ရတယ်။ လေ့ကျင့်သင်ကြားတဲ့နေရာမှာ သူ့ရဲ့ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြောဆိုဆက်ဆံတာ Speech therapy လို့ခေါ်တယ်။ စကားပြောဆိုတဲ့အပိုင်းတွေ သင်လို့ရတယ်။ နောက်တစ်ခု Play therapy လို့ခေါ်တဲ့ ကစားတဲ့နည်းနဲ့ ပြန်ပြီးလေ့ကျင့်တဲ့အပိုင်းတွေ လုပ်လို့ရတယ်။ Occupation therapy နေ့စဉ် စားသောက်နေထိုင်တာမျိုးတွေကို ပုံမှန်ဖြစ်အောင်လေ့ကျင့်တာတို့၊ Occupation therapy ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ခံစားမှုပုံမှန်မဟုတ်တာတွေကို ပုံမှန်ဖြစ်အောင် လေ့ကျင့်တဲ့အပိုင်းတွေ လုပ်ပေးတယ်။ လိုအပ်ရင် Special education လို့ခေါ်တဲ့ သူတို့အတွက် သီးသန့်ပညာရေးလေ့ကျင့်မှုတွေနဲ့ အော်တစ်ဇင်ကို ပြန်ပြီးလေ့ကျင့်ကုသပေးလို့ရတယ်။ သာမန်အားဖြင့် အော်တစ်ဇင်တွေမှာ ဆေးဆိုတာမရှိဘူး။ ပျောက်အောင်လည်း ဆေးနဲ့ကုလို့မရဘူး။ ဒါပေမယ့် အော်တစ်ဇင်ရဲ့ တချို့အခြေအနေတွေမှာ ဆေးပေးဖို့လိုအပ်ပါတယ်။

နံပါတ်တစ်က တစ်ခါတစ်လေသူတို့က ညပေါင်းများစွာ မအိပ်ဘဲနဲ့ နေတတ်တယ်၊ သူ့အတွက်ကော မိသားစုအတွက်ကော ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးဆိုရင် ဒိုင်ယာစီဘင်လို မဟုတ်ပေမယ့် သူ့သဘာဝအတိုင်းအိပ်တဲ့ ဆေးတွေကို ပေးပြီးတော့ ကုသတယ်။ နံပါတ်နှစ်က အော်တစ်ဇင်လေးတွေဟာ နေ့ဘက်တွေမှာလည်း တော်တော်မငြိမ်တဲ့ စိတ်ကြီး၊ ဒေါသကြီးအလိုမကျ၊ အရမ်းသောင်းကျန်းတတ်တဲ့ အနေအထားမျိုးတွေရှိတတ်တယ်။ အဲဒီလို အခြေအနေမျိုးဆိုရင် သူတို့ကို အတိုင်းအတာတစ်ခုအထိ ငြိမ်အောင်၊ သူတို့အတွက် သင်ကြားပေးရတဲ့ အပိုင်းတွေလွယ်အောင် ဆေးပေးရတာတွေရှိတတ်တယ်။ နောက်ဆုံးတစ်ခုကတော့ အော်တစ်ဇင်ကလေးတွေမှာ အတက်ရောဂါရနိုင်ခြေရာခိုင်နှုန်းက သာမန်ကလေးတွေထက် နည်းနည်းမြင့်ပါတယ်။ အဲဒါကြောင့် တက်တာမျိုးဖြစ်လာရင်လည်း အတက်ရောဂါအတွက် ဆေးပေးရတာရှိတယ်။ အဲဒီသုံးခုကလွဲပြီးတော့ အားဆေးစသဖြင့် အဲဒီလိုဆေးတွေက အော်တစ်ဇင်မှမဟုတ်ဘူး တခြားရောဂါတွေအတွက်လည်း အသုံးမဝင်ပါဘူး။


မိဘတွေအနေနဲ့ အနီးကပ်ဘယ်လိုအထောက်အပံ့မျိုးတွေလုပ်ပေးလို့ရပါသလဲဆရာ။

          မိဘတွေဘက်ကပြန်ကြည့်ရင် နှစ်ပိုင်းခွဲပြီး ပြောချင်တယ်။ တစ်ပိုင်းကတော့ ခုနကပြောတဲ့ လက္ခဏာအခြေအနေဟာ စောစောစီးစီးသိရင် အကောင်းဆုံးပဲ။ ဒါကြောင့် မိမိရဲ့ကလေးဟာ အထူးသဖြင့် ဘာသာစကားပိုင်း စကားပြောဆိုတဲ့အပိုင်းမှာ သာမန်ကလေးထက်နောက်ကျနေတယ်လို့ယူဆရင် သက်ဆိုင်ရာကျွမ်းကျင်သူ ဆရာဝန်များနဲ့ တိုင်ပင်သင့်ပါတယ်။ သာမန်အားဖြင့် ကလေးတစ်ယောက်ဟာ တစ်နှစ်၊ နှစ်နှစ်ခွဲကြားလောက်မှာ စကားတွေ စပြီးပြောလာသင့်ပါတယ်။ ဒီအချိန်မှမပြောဘူးဆိုရင် သတိထားသင့်ပြီ။ တစ်နှစ်နဲ့ တစ်နှစ်ခွဲကြားအရွယ်မှာ ကလေးနဲ့ ပတ်ဝန်းကျင်အကြားမှာ စကားမပြောသည့်တိုင်အောင် အမူအရာနဲ့ ပြောဆိုဆက်သွယ်တဲ့ အကျင့်မျိုးလည်း ရှိလာသင့်တယ်။ ဥပမာ သူ့ရဲ့နာမည်ကို ခေါ်လိုက်တယ်။ မတုံ့ပြန်ဘူး။ လှည့်မကြည့်ဘူးဆိုရင် သတိထားသင့်ပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက်က အရင်ရှိပြီးသား ပြောပြီးသားစကားတွေ ပြန်ပျောက်သွားတယ်။ မပြောတော့ဘူး ဒါမျိုးဆိုရင်လည်း သတိထားသင့်တယ်။ သတိထားလို့ ပြဿနာရှိတယ်လို့ သံသယရှိရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ စစ်ဆေး၊ ကုသဖို့အတွက် တိုင်ပင်သင့်ပါတယ်။ တတိယအဆင့်ကတော့ ဆေးဝါးတွေကို အားမကိုးဘဲနဲ့ လေ့ကျင့်သင်ကြားမှုလုပ်ပေးနိုင်တဲ့ သီးသန့်ကျောင်းတွေ ရန်ကုန်မှာ အများစုရှိပါတယ်။ အခုနောက်ပိုင်း မန္တလေး၊ နေပြည်တော်၊ မေမြို့စသဖြင့် မြို့ကြီးတွေမှာလည်း ရှိလာပါပြီ။ အဲဒီလို ကျောင်းမျိုးတွေမှာ ကလေးတွေကို လေ့ကျင့်ပြုစုသင့်ပါတယ်။ အော်တစ်ဇင်ဆိုတာ စိတ်ရောဂါမဟုတ်ပါဘူး။ ရောဂါလို့တောင် သတ်မှတ်တာမဟုတ်တဲ့အတွက် လေ့ကျင့်ရင် ကျင့်သလို၊ စောစောစီးစီးသိရင်သိသလို တိုးတက်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။


ပုံမှန်အနေအထားအထိ ဖြစ်နိုင်ပါသလားဆရာ။

          အော်တစ်ဇင်ကလေးတစ်ယောက်ရဲ့ စကားပြောဆိုတဲ့အပိုင်းမှာ ဘယ်လောက်တိုးတက်နေသလဲ။ ဖြစ်တာဘယ်လောက်ကြာလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက်တိုးတက်မှုဟာ ကွာနိုင်ပါတယ်။ အကြမ်းဖျင်းပြောရင်တော့ ဒီလက္ခဏာရဲ့တချို့ကတော့ ကျန်နေဦးမှာပဲ။ ဒါပေမယ့် ဘေးကအကူအညီမပါဘဲနဲ့ သူတို့ဘာသာ သူတို့ ရပ်တည်နိုင်အောင် အများကြီး လေ့ကျင့်ပေးနိုင်ပါတယ်။ တချို့ဆိုရင် နှုတ်ကထုတ်ပြောမှပဲအော် တစ်ချိန်ကသူ အော်တစ်ဇင်လက္ခဏာရှိခဲ့တယ်”  လို့ သိရလောက်တဲ့ အခြေအနေမျိုးတွေတောင်ရှိတယ်။ သာမန်ကြည့်လိုက်ရင် မသိသာဘူးပေါ့။ ကြည့်လိုက်ရင် သာမန်လူတစ်ယောက်လိုပဲ၊ ဒီလိုအခြေအနေတွေလည်း တွေ့ရပါတယ်။


စောစီးစွာကုသမှုမခံယူခဲ့ရင် ဘာတွေဖြစ်နိုင်ပါသလဲဆရာ။

          အချိန်နှောင်းသွားရင် လေ့ကျင့်ရတာခက်သွားမယ်။ ပုံမှန်ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ စကားပြောသင်ပေးနိုင်ဖို့က သုံး၊ လေး၊ ငါးနှစ်မတိုင်ခင် အချိန်က အကောင်းဆုံးဘဲ။ နောက်ပိုင်းကြာမှ ဆိုရင် သူ့ရဲ့ဦးနှောက်ကို သင်ကြားလို့ မရနိုင်တော့ဘူး။ ပြောခဲ့သလိုပဲ ဆေးကုသလို့ရတဲ့ရောဂါမဟုတ်ဘူး။ သင်ကြားလေ့ကျင့်ပေးရတာဆိုတော့ အချိန်ကြာတာနဲ့အမျှ သင်ရတာခက်သွားပြီ။ နောက်တစ်ခုက သူနဲ့တွဲလာတတ်တဲ့ မအိပ်တဲ့လက္ခဏာတွေ၊ မငြိမ်တဲ့လက္ခဏာတွေလည်း ပိုပိုဆိုးလာတယ်။ ကလေးကစကားမပြော၊ သင်လို့ကမရ တစ်ဘက်ကလည်း ဂနာမငြိမ်တာမျိုးတွေ ရှိနေတဲ့အတွက် စောစောစီးစီးလေ့ကျင့် သင်ကြားတာတော့ အကောင်းဆုံးဖြစ်ပါတယ်။


ပြည်သူအတွက် အသိပညာပေးစကားလေးပြောပေးပါ ဆရာ။

          အရေးကြီးတဲ့အချက်ကတော့ ပုံမှန်ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဟာ အရေးကြီးတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မကဘူး၊ စိတ်ပိုင်းဆိုင်ရာစကားပြောတာ၊ အသိဉာဏ်၊ ဒါတွေဟာ ကလေးတွေမှာ ပုံမှန်ငယ်ငယ်ကလေးတည်းက စပြီးဖွံ့ဖြိုးဖို့လိုတယ်။ ဖွံ့ဖြိုးမှုအတိုင်းအတာကိုလည်း မိဘတွေအနေနဲ့ ကိုယ့်ကလေးက ဘယ်အရွယ်မှာ ဖွံ့ဖြိုးမှုရှိရမယ်ဆိုတာကို သိရမယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုဆိုတာကို သံသယရှိရင် စောစောစီးစီးပြသပြီးတော့ ကုသမှုခံယူဖို့ အရမ်းအရေးကြီးတယ်။ နောက်ကျတိုင်းတော့ ရောဂါမဟုတ်ဘူး။ တော်တော်ကြီးကြာမှ ကုတာထက်စာရင် စောစောသိ၊ စောစောလေ့ကျင့်၊ စောစောကုသရင် တိုးတက်နိုင်တဲ့ အခြေအနေရနိုင်တဲ့အတွက် မိဘတွေဘက်က သတိပြုဖို့ပါပဲ။

Credit : ပါမောက္ခ ဦးကျော်လင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18