Print

စိတ်ခံစားချက်ပြင်းထန်တိုင်း လွန်ကဲစွာစားသောက်မိနေခြင်း၏ အန္တရာယ်

  11-Dec-2019
Preview Image

          ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ ဒေါသထွက်ရင်ပဲဖြစ်ဖြစ် လွန်ကဲစွာစားသောက်နေမိပါသလား။ အစားအသောက်နဲ့ဖြေဖျောက်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စိတ်ခံစားချက်ပြင်းထန်လာတိုင်း အစားစားတတ်တဲ့ အလေ့အကျင့် တစ်ခုလည်းဖြစ်ပါတယ်။ တစ်ပတ်ကို အကြိမ်ပေါင်းများစွာ စိတ်ခံစားချက်တွေကို အစားအသောက်နဲ့ ဖြေဖျောက်လေ့ရှိသူတွေဟာ အလွန်အကျွံစားသုံးခြင်းကြောင့် ဝလာခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရှက်ရွံ့အားငယ်စိတ်တွေတောင် ဖြစ်လာတတ်ကြပါတယ်။


အမှန်တကယ်ဆာလောင်ခြင်း

          အမှန်တကယ်ဆာလောင်မှုက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။ အစာကို အမျိုးစုံလင်အောင်စားချင်စိတ်ဖြစ်ပါတယ်။ ဗိုက်ပြည့်ပြီလို့ ခံစားမိတာနဲ့ ဆက်မစားဘဲ ရပ်လိုက်ပါ။ တကယ်ဆာလို့စားတဲ့ သူတွေဟာ အစားအသောက်ပေါ်မှာ ခံစားချက်မရှိကြပါဘူး။


စိတ်ခံစားချက်ကြောင့် ဆာလောင်ခြင်း

          ရုတ်တရက်ဆာလောင်လာတတ်ပါတယ်။ အစားအသောက်တစ်မျိုးတည်းကိုပဲ တောင့်တနေမိတတ်ပါတယ်။ ဗိုက်ပြည့်သွားတယ်ဆိုတာ ခံစားချက်မရဘဲ စားပြီးရင်းဆက်စားနေမိတတ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်လို့ ရှက်ရွံ့စိတ် ဖြစ်မိနေတတ်ပါတယ်။


စိတ်ခံစားချက်ကြောင့် အစားစားခြင်းကို ဘယ်လိုရပ်တန့်မလဲ

၁။ စိတ်ခံစားချက်ကြောင့် ဆာလောင်ခြင်းက အစာစားလိုက်ရုံနဲ့ လွယ်လွယ်ပြေပျောက်မသွားတတ်ပါဘူး။ အစာစားခြင်းကြောင့် ခဏတာပြည့်အင့်သွားတဲ့ ခံစားချက်ကိုရနိုင်ပေမယ့် မကောင်းတဲ့ခံစားချက်တွေကြောင့် အစာစားခြင်းဟာ မစားခင်ကတက် စိတ်ခံစားချက်ကို ပိုမိုဆိုးရွားစေပါတယ်။ စိတ်ခံစားချက်ပြဿနာကို မဖြေရှင်းနိုင်မချင်း ဒီလိုပဲ သံသရာလည်နေတာက အဆုံးသတ်တော့မှာ မဟုတ်ပါဘူး။


၂။ စိတ်ဖြေဖျောက်ဖို့ တခြားနည်းလမ်းရှာခြင်းက စိတ်ခံစားချက်ကြောင့်လွန်ကဲစွာ စားသုံးမှုကို ရပ်တန့်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ တခြားနည်းလမ်းဆိုတာ နေ့စဉ်မှတ်တမ်းရေးခြင်း၊ စာအုပ်ဖတ်ခြင်း၊ မိနစ်အနည်းငယ်ကြာစိတ်ပြေလက်ပျောက် အနားယူခြင်း အစရှိသဖြင့် ပါဝင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ရာမှာ အစားအသောက်ကနေ တခြားနည်းလမ်းတစ်ခု ပြောင်းလဲကျင့်သုံးဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ကိုက်တဲ့နည်းလမ်း အမျိုးမျိုးကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။


၃။ ခန္ဓာကိုယ်ကိုလှုပ်ရှားပါ။ တချို့က လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိအားတွေဖြေဖျောက်ကြပါတယ်။ လမ်းလျှောက်ခြင်း၊ ခပ်ရွရွပြေးခြင်း၊ ယောဂလုပ်ခြင်းတို့က စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်တွေမှာ အထောက်အပံ့ပေးနိုင်ပါတယ်။


၄။ အစားအသောက်တွေကို ချရေးထားမယ်ဆိုရင် ဘယ်အစားအသောက်က စိတ်ခံစားချက်ပြင်းထန်လာရင် စားမိတတ်လဲဆိုတာ ပေါ်လာပါလိမ့်မယ်။


၅။ ကျန်းမာရေးနဲ့ညီအောင် စားသုံးပါ။ စားလိုက်တဲ့အစားအသောက်တွေမှာ ခန္ဓာကိုယ်ကြီးအတွက် လောင်စာဖြည့်တင်းနိုင်ဖို့ လုံလောက်တဲ့အာဟာရဓာတ်တွေ ပါရှိနေဖို့ အရေးကြီးပါတယ်။ လတ်ဆတ်တဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေလို ကျန်းမာရေးနဲ့ညီတာတွေကို ပိုစားပေးပါ။


၆။ ဗီရိုထဲကတရားခံတွေကို ဖယ်ရှားလိုက်ပါ။ ဗီရိုထဲက စိတ်ဖြေဖျောက်ဖို့ မကြာခဏစားမိတာတွေကို လွှင့်မပစ်လိုက်ရင်တောင် သူများပေးပစ်လိုက်ပါ။ အဆီများတာတွေ၊ အချိုအဆိမ့်တွေ၊ ကယ်လိုရီများတာတွေဖြစ်ပါတယ်။ နောက်ပြီး စိတ်ခံစားချက်ပြင်းထန်တိုင်း ဈေးဆိုင်သွားတာမျိုးကိုရှောင်ပါ။


၇။ ပမာဏကိုဂရုစိုက်ပါ။ အာလူးကြော်လိုမုန့်တွေကို တစ်ထုပ်လုံးကုန်အောင်စားတာမျိုးမလုပ်ပါနဲ့။ စိတ်ကျေနပ်သွားရုံလောက်နည်းနည်းလေးကို ပန်းကန်အသေးလေးထဲထည့်ပြီး စားပါ။


၈။ အာရုံပြောင်းစေတဲ့အလုပ်တွေကို မလုပ်ပါနဲ့။ တီဗီကြည့်ရင်း၊ ကွန်ပျူတာသုံးရင်း သို့မဟုတ် တခြားအာရုံပြောင်းစရာတွေလုပ်ရင်း အစားစားမိနေတတ်ပါတယ်။ ကိုယ်စားနေတဲ့အစားအသောက်၊ စားတဲ့ပမာဏနဲ့ ဆာလောင်မှုအနေအထားကို အပြည့်အဝသတိထားစောင့်ကြည့်မယ်ဆိုရင် စိတ်ဖိအားကြောင့် စားနေမိတာလားဆိုတာ သိလာပါလိမ့်မယ်။ တချို့က အစာကိုမြိုမချခင်မှာ ၁၀ ချက်ကနေအချက် ၃၀ အထိ သတိထားဝါးပေးလာတတ်ကြပါတယ်။


၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပါ။ မိမိကိုယ်ကိုယ်ရှက်ရွံ့အားငယ်စိတ်ဟာ စိတ်ဖိအားကြောင့် လွန်ကဲစွာစားသုံးမိခြင်းနဲ့ ဆက်နွယ်မှုရှိပါတယ်။ ကိုယ့်အကျင့်ကို ပြန်ပြင်နေတဲ့အချိန်အတွင်းမှာ တစ်ဆင့်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတက်စေမယ့် တွေးခေါ်မှုမျိုးတွေ တွေးပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင် စိတ်ဓာတ်ကျလိုက်၊ အစားစားလိုက်နဲ့ ဒီသံသရာထဲမှာ လည်နေဦးမှာပါ။


          စိတ်ဓာတ်ကျနေမယ့်အစား အရှုးထဲကနေ သင်ခန်းစာယူတတ်အောင်လုပ်ပါ။ အနာဂတ်မှာ ပြန်လည်အသုံးချပါ။ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပြီး ခန္ဓာကိုယ်ကိုစောင့်ရှောက်တတ်အောင်သင်ယူပါ။

  

        အစားစားလိုက်တာက အစောပိုင်းမှာ စိတ်ဖိအားတွေပြေပျောက်သွားတယ်လို့ ထင်ရနိုင်ပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ဒီဆာလောင်မှုနောက်ကွယ်က စိတ်ဖိအားပြဿနာကို လက်တွေ့ကျကျဖြေရှင်းဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားကို ဖြေဖျောက်တဲ့အခါ အစားစားတာထက် တခြားပိုကောင်းတဲ့နည်းတွေကို ရှာပါ။

Credit : အမရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18