Print

စိတ်အပြောင်းအလဲမြန်ခြင်းက ကုသမှုခံယူဖို့ လိုအပ်ပါသလား

  30-Oct-2019
Preview Image

စိတ်ကျခြင်း - ခေါင်းထဲမှာပဲရှိနေတဲ့ အရာ မဟုတ်ပါဘူး

          ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်းဆိုတဲ့အရာတွေက လူတိုင်းလိုလိုဘဝမှာ အကြိမ်ပေါင်းများစွာ တွေ့ကြုံခံစားရတတ်တဲ့ခံစားချက်တွေပါ။ ဝမ်းနည်းတယ်ဆိုတာ ပုံမှန်ဖြစ်ရပ်တစ်ခုပါ။ တစ်ခါတစ်လေမှာ တစ်နယ်တစ်ကျေးကို ပြောင်းရလို့ပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေနဲ့ ခွဲခွာရလို့ပဲဖြစ်ဖြစ်၊ အလုပ်ထွက်ရလို့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေဆုံးပါးသွားလို့ပဲဖြစ်ဖြစ် ဖြစ်လေ့ရှိတတ်ပါတယ်။ ဒါပေမယ့် ပုံမှန်ဖြစ်လေ့ရှိတဲ့ဝမ်းနည်းမှုနဲ့ စိတ်ကျရောဂါကြောင့်ဖြစ်တဲ့ဝမ်းနည်းမှုက ဘယ်လိုကွာခြားပါသလဲ။


သာမန်ဝမ်းနည်းတာထက် ပိုပြင်းထန်ပါတယ်။

          သာမန်ဝမ်းနည်းတဲ့ခံစားချက်က ရက်အနည်းငယ်အတွင်းပျောက်ကွယ်သွားလေ့ရှိပေမယ့် စိတ်ကျရောဂါကြောင့်ဖြစ်တဲ့ ဝမ်းနည်းမှုကတော့ ၂ ပတ် သို့မဟုတ် အဲဒီထက်ပိုပြီး ကြာမြင့်တတ်ပါတယ်။ သာမန်ဝမ်းနည်းမှုလောက်က လုပ်ငန်းခွင်မှာ သို့မဟုတ် စာသင်ကျောင်းမှာ လူအများနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကျနေပြီဆိုရင်တော့ အများနဲ့ ထိတွေ့ဆက်ဆံဖို့နေနေသာသာ အိပ်ရာထဲကတောင် ထချင်စိတ်မရှိတော့ပါဘူး။ လူတွေရဲ့ ပုံမှန်နေ့စဉ်ဘဝမှာ လောကဓံအတက်အကျဆိုတာ ကြုံတွေ့ရမြဲဆိုပေမယ့် စိတ်ကျရောဂါခံစားနေရသူတွေကတော့ ပတ်ဝန်းကျင်ကလူတွေ အားလုံးနဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာတတ်ကြပါတယ်။

          စိတ်ကြွလွန်ရောဂါဆိုတာ စိတ်ခံစားချက်၊ အတွေးအခေါ်နဲ့ အပြုအမူပြောင်းလဲမှု ပြင်းထန်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကုသလို့ရပါတယ်။ အလွန်အမင်းစိတ်အားတက်ကြွခြင်းနဲ့ စိတ်ကျခြင်းဆိုတဲ့ ခံစားချက်အစွန်းနှစ်ဖက်ကြားမှာ အပြောင်းအလဲမြန်ဆန်တာမျိုးကို စိတ်ကြွလွန်ရောဂါလို့ ခေါ်တာဖြစ်ပါတယ်။ ဒီလိုစိတ်အပြောင်းအလဲ မြန်ဆန်မှုက နာရီပေါင်းများစွာ သို့မဟုတ် လနဲ့ချီပြီးတော့တောင် ကြာမြင့်နိုင်ပါတယ်။ စိတ်အတက်အကျမြန်ဆန်မှုက ရာသီအပြောင်းအလဲမှာ အဖြစ်များတတ်ပါတယ်။ စိတ်တက်ကြွလွန်ရောဂါခံစားနေရသူအများစုရဲ့ ရောဂါလက္ခဏာတွေကို နွေဦးရာသီတွေမှာ မြင်တွေ့ရတတ်ပါတယ်။


စိတ်ကျရောဂါ၏ ရောဂါလက္ခဏာများ

၁။ အချိန်ကြာရှည်စွာ ဝမ်းနည်းနေမိခြင်း၊ အကြောင်းမရှိဘဲ ငိုနေမိခြင်း

၂။ အစာစားချင်စိတ်မရှိဘဲ အိပ်မပျော်ခြင်း

၃။ အလိုလိုဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်အလိုမကျခြင်း၊ စိတ်စောနေခြင်း

၄။ အရာရာကို အဆိုးမြင်တတ်ခြင်း

၅။ အချိန်တိုင်းအားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းလျနေခြင်း

၆။ အပြစ်ရှိသလို ခံစားနေရခြင်း

၇။ အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း

၈။ လူမှုအသိုင်းအဝိုင်းထဲတွင် မပျော်ရွှင်နိုင်ခြင်း

၉။ အလိုလိုနာကျင်ကိုက်ခဲမှုများရှိနေခြင်း

၁၀။ သတ်သေရန်စဉ်းစားမိနေခြင်း

          အထက်ပါရောဂါလက္ခဏာတွေကို ၂ ပတ်ကျော်တဲ့အထိ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုပါ လုပ်ဆောင်ပြီး ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။


စိတ်တက်ကြွလွန်ရောဂါ၏ ရောဂါလက္ခဏာများ

          စိတ်ကျရောဂါရဲ့ ရောဂါလက္ခဏာတွေနဲ့ တူညီတယ်လို့ ထင်ရပေမယ့် စိတ်တက်ကြွလွန်ရောဂါရဲ့ လက္ခဏာတွေနဲ့ ကွဲပြားခြားနားပါတယ်။ စိတ်ကြွလွန်ရောဂါသည်တွေဟာ စိတ်အတက်အကျအရမ်းမြန်ပါတယ်။ စိတ်အားတက်ကြွလွန်းရာကနေ စိတ်ပျက်အားငယ်သွားတဲ့အထိ ပြင်းထန်ပါတယ်။ သာမန်စိတ်အပြောင်းအလဲနဲ့လည်း အများကြီးကွဲပြားခြားနားပါတယ်။ ဒီလိုအပြောင်းအလဲတွေမှာ သာမန်ဝမ်းနည်းတာကနေ စိတ်ကစဉ့်ကလျားဖြစ်တဲ့အထိ ဖြစ်တတ်ပါတယ်။


ရောဂါလက္ခဏာများ

၁။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် စိတ်အားထက်သန်လွန်နေခြင်း

၂။ အကောင်းမြင်စိတ်နှင့် မိမိကိုယ်ကိုယ်ယုံကြည်စိတ်လွန်ကဲခြင်း

၃။ စိတ်လှုပ်ရှားလွယ်၍ ရန်လိုနေခြင်း

၄။ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ မအိပ်မနေ နေနိုင်ခြင်း

၅။ မိမိတစ်ယောက်တည်းရဲ့ အရေးပါအရာရောက်မှုကိုသာ လိုလားခြင်း

၆။ စကားပြောဆိုမှုနှင့် အတွေးအခေါ်များ အစွန်းရောက်ခြင်း

၇။ မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းမရှိခြင်း

၈။ မဆင်မခြင်ပြုမူတတ်ခြင်း

၉။ ကယောင်ချောက်ခြားဖြစ်ခြင်း


အနှစ်ချုပ်

          စိတ်ရောဂါတွေကို ကုသတဲ့နေရာမှာ ဆေးဝါးက အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်နေပေမယ့် ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကုသနည်းတွေ၊ ဦးနှောက်လှုံ့ဆော်မှုလုပ်ဆောင်တဲ့ ကုသနည်းတွေလည်း ရှိပါသေးတယ်။ တစ်ခါတလေမှာ ဆွေးနွေးတိုင်ပင်ကုသတဲ့နည်းလမ်းက အကောင်းဆုံးကုသနည်းဖြစ်နေတတ်ပါတယ်။ ကုသနည်းကိုရွေးချယ်တယ်ဆိုတာ လူနာတစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေအပေါ်မှာ မူတည်ပါတယ်။ အကောင်းဆုံးက စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

          ဒီလိုသွားရောက်တိုင်ပင်တဲ့အခါ ကိုယ်သောက်နေတဲ့ဆေးတွေကို ယူသွားပြပေးပါ။ ဓာတ်မတည့်တာရှိရင်လည်း ပြောပြပါ။ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို မသောက်ခင်နဲ့သောက်ပြီးမှာ ဘယ်လိုထူးခြားမှုရှိတယ်ဆိုတာကိုလည်း ပြန်ပြောပြဖို့မမေ့ပါနဲ့။ ဆရာဝန်မဟုတ်ဘဲ တခြားလူတွေလာတိုက်တဲ့ ဆေးတွေကို မသောက်ပါနဲ့။ ဆေးကြောင့်ပြဿနာတစ်ခုခု ဖြစ်လာရင် ဆရာဝန်ကိုချက်ချင်းပြန်ပြောပါ။ ဆရာဝန်က ကိုယ့်အတွက် ပိုကောင်းစေမယ့်ဆေးကို ပြန်ပြောင်းပေးပါလိမ့်မယ်။

Credit : အမရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18