Print

တက်ကြွပျော်ရွှင် စိတ်ကြည်လင်

  15-Sep-2019
Preview Image

          ကမ္ဘာတစ်လွှား ရှိရှိသမျှ လူအပေါင်းဟာ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အသက်ရှည်လိုကြတာ မငြင်းနိုင်တဲ့ဆန္ဒကြီးတစ်ခု ဖြစ်ပါတယ်။ အသက်ငယ်ငယ်ကတည်းက အဓိက ကိုယ်တွင်းအင်္ဂါတွေမှာ ရောဂါရနေသူတွေလည်း အသက်ကိုရသလောက် ဆွဲဆန့်ဖို့ပဲ ကြိုးစားကြတာပါ။ အသက်ရှည်လိုခြင်း ကို အားသာနေသူများဟာ နေရသမျှအချိန်တွေမှာ ‘ခန္ဓာကိုယ် ဖောက်လှဲဖောက်ပြန်ဖြစ်ပြီး ရောဂါဘယတွေ မဝင်လာအောင်ဆိုတဲ့’ အတွေးကိုတော့ သတိအစဉ်ကပ်ဖို့ ခဲယဉ်းကြပါတယ်။ ပြောရရင် တစ်လမှာ တစ်ခါလောက်တောင်မှ ဒီအတွေးဝင်ဖို့ မလွယ်ကြပါဘူး။ နိစ္စဓူဝ နေရေးထိုင်ရေးကိုသာ အဓိကထားနေကြရတဲ့ခေတ်မှာ ပိုလို့ပင် သတိရဖို့ ခဲယဉ်းကြတာ အမှန်ပါပဲ။ ဒါကို သတိပေးနေတဲ့စာစု၊ စာစောင်တွေလည်း ပြေးပြေးလွှားလွှားလုပ်နေကြတဲ့ ခေတ်ထဲမှာ ယောင်လို့တောင် ကောက်ပြီးစာမြည်းကြည့်ဖို့ဆိုတာ ဝေးပါလိမ့်မယ်။


          ဒါကို ဒေါက်တာ Andrea Au Levitt က ‘Adding life to years is more important then adding years to life’ လို့ သတိပေးထားပါတယ်။ ဆီလျောအောင် ပြောရရင်တော့ ‘နေရတဲ့အချိန်တွေမှာ ကျန်းမာစွာလှုပ်ရှားနိုင်ရမယ်’ လို့ဆိုရင် ရကောင်းပါလိမ့်မယ်။

          ကျန်းမာစွာ လှုပ်ရှားနိုင်ဖို့အတွက်ကို အစားသောက်ကပဲ စပြီး ကြည့်လိုက်ကြရအောင်ပါ။


နံနက်စာ

          နံနက်စာဟာ လူတစ်ယောက် စတင်လှုပ်ရှားဖို့ အလွန်မှ အရေးကြီးလှပါတယ်။ တစ်ညလုံး အိပ်ချိန်မှာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်ပျက်မှုကြောင့် ညနေကအစာဟာ ကုန်သလောက်ဖြစ်နေပါပြီ။ အဓိက ဂလူးကို့စ်ဓာတ်ကလည်း မရှိတော့ပါဘူး။ ဒါကြောင့် နံနက်စာမစားဘဲနဲ့ မလှုပ်ရှားဖို့ကို ဆေးပညာက သတိပေးထားတာပါ။ ပေါင်မုန့်စားသူဖြစ်စေ၊ ဆန်စားသူဖြစ်စေ နူးညံ့ဖြူဖွေးနေတဲ့ အမျိုးအစားထက် နည်းနည်းပိုပြီးကြမ်းတာတွေက စွမ်းအင်ပိုရစေပြီး လှုပ်ရှားနိုင်ပါတယ်။ သုတေသန တွေ့ရှိချက်ကတော့ ဂျုံကြမ်း၊ ဆန်ကြမ်း (တာရှည်ခံ မပြုပြင်) တဲ့ အမျိုးအစားကို စားတဲ့သူတွေဟာ ရောဂါခုခံနိုင်ပြီး အသက်ပိုရှည်ကြပါတယ်။


နေ့လယ်စာ၊ ညစာ

          နေ့လယ်စာ၊ ညစာတွေမှာလည်း အသီးအရွက်တစ်မျိုးပါအောင် စားသင့်ပါတယ်။ မုန်လာဥနီ၊ ပဲပြား (ဆေးမထည့်)၊ ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း၊ ငရုပ်ကောင်းနဲ့ အရောင်စိမ်းတဲ့အရွက်တွေထဲက တစ်ခုတော့မပါ ပါအောင်စားသင့်ပါတယ်လို့ ဆိုထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကတော့ မြန်မာတွေအတွက်တော့ မပါမဖြစ်ပါ။ နနွင်းလည်း ထိုနည်းလည်းကောင်းပါပဲ။ ဟင်းထဲထည့်ချက်တာထက် အစိမ်းစားတာက အာနိသင်ပိုကောင်းပါတယ်။ အသား၊ ငါးကတော့ ကျက်အောင် ချက်သင့်ပါတယ်။ နိုင်ငံတကာမှာလို ပိုးသတ်ထားတာ မဟုတ်တဲ့အတွက်ပါ။ ဟင်းသီးဟင်းရွက်ကတော့ နူးအောင်ချက်တာထက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်ခြင်းဖြင့် ပါဝင်တဲ့သတ္ထုဓာတ်နဲ့ ဗီတာမင်တွေကို မပျက်စီးစေပါဘူး။ ညအိပ်ခါနီးမှာတော့ တနင့်တပိုးစားတာထက် ပေါ့ပေါ့ပါးပါး အသီးအနှံ၊ နွားနို့ ကျက်အောင်ချက်ထားတာက အိပ်ပျော်စေတဲ့အပြင် နံနက်ထတဲ့အခါမှာလည်း လန်းဆန်းနေစေပါတယ်။


ကိုယ်လက်လှုပ်ရှားမှု

          ကိုယ်လက်လှုပ်ရှားမှုဆိုတာက အလုပ်သွားတဲ့အခါ လှုပ်ရှားမှု မဟုတ်ပါဘူး။ အိပ်ရာနိုင်ထခါစ ဝေယျာဝစ္စတွေ မလုပ်မီအချိန်မှာ အိမ်ထဲမှာပဲ နေရာမှာ ဖွဖွလေးပြေးတာ၊ ခုန်တာလောက်ပါ။ လမ်းလျှောက်ဖို့ အချိန်ပေးနိုင်လည်း လျှောက်ပါ။ အမျိုးသမီးတွေဆို ဈေးသွားဖြစ်ကြတယ်။ တချို့က ဈေးသွားရတာ ပျော်ကြပေမယ့် တချို့ကျတော့လည်း အလုပ်လည်း ပြေးကြရသေးတာမို့ သူတို့အတွက် stress တစ်ခုပဲ ဖြစ်သွားတတ်ပါတယ်။ ဒါဆိုလည်း နှစ်ရက် သုံးရက် တစ်ခါလောက်မှာ ဝယ်ထည့်ထားရင် စိတ်အေးသွားနိုင်ပါတယ်။ ဒါဟာလည်း ကိုယ်လက်လှုပ်ရှားဖြစ်တာပဲလို့ စိတ်ထားတတ်မယ်ဆိုရင် လေ့ကျင့်ခန်းတစ်ခုဖြစ်တာပေါ့။ အချိန်ရတဲ့နေ့တွေမှာ လမ်းလျှောက်ဖြစ်ရင် အောက်ခံမာတဲ့ ဖိနပ်၊ ခြေညှပ်ပါပါး စတာတွေကို ရှောင်ပြီး walking shoe နဲ့ လျှောက်တာဟာ ခြေဖဝါးအရွတ်ကို ထိခိုက်တာ နည်းစေတယ်ဆိုတာ သတိချပ်သင့်ပါတယ်။


မိတ်ဆွေအပေါင်းအသင်းထားပါ

          အပြင်အလုပ်လုပ်နေသူတွေ အတွက်ကတော့ အထူးရှာပေါင်းသင်းစရာမလိုပါဘူး။ သို့သော် အိမ်ရှင်မများ၊ ပင်စင်စားများကတော့ လိုအပ်ပါတယ်။ တချို့က ဆိုလိမ့်မယ်၊ တရားနဲ့နေပါတယ်လို့၊ အလွန်ကောင်းပါတယ်။ သူ့မှာက ဒေါသ၊ မောဟ၊ ဝန်တိုခြင်းတွေကင်းပြီး စိတ်ကြည်နေလို့ပါ။ တရားနဲ့ မမွေ့လျော်နိုင်သေးသူတွေက တော့ လိုအပ်ပါတယ်။ ဘာလို့ဆို သူက အိမ်ထဲမှာ အနေများတော့ သူ့အတွက် စိတ်ဖြေစရာဆိုလို့ TV ကြည့်မယ်၊ စားမယ်ပေါ့။ လှုပ်ရှားမှုလည်းနည်းလာပြီး ကြွက်သားတွေ အားလျော့တာ၊ သွေးတွေတက်တာ၊ သွေးချိုတွေတက်တာတွေ ဖြစ်လာမယ်။ မူလကတည်းက စိတ်ဓာတ်ပျော့ပျောင်းသူတွေဆိုရင် စိတ်ကျရောဂါတွေ ဖြစ်လာတတ်ပါတယ်။ မိတ်ဆွေထားတဲ့သူကတော့ ဗဟုသုတတိုးတယ်၊ သွားလာလှုပ်ရှားဖြစ်တဲ့အတွက် လေ့ကျင့်ခန်းဖြစ်တယ်။ စိတ်ကြည်တဲ့အတွက် သွေးလည်ပတ်မှုတွေလည်း ကောင်းလာပါတယ်။


နေရောင်ခြည်ခံခြင်း

          တကယ်တော့ နံနက် ၁၁ နာရီလောက် အထိနေရောင်ခံနိုင်ရင် Vitamin D ရရှိပါတယ်။ အရိုးပွခြင်း၊ ကျိုးခြင်းကို ကာကွယ်တာပေါ့။ Vitamin D ပမာဏကိုလည်း အသက်ရလာသူများ တစ်နှစ်တစ်ခါလောက်တော့ စစ်ဆေးသင့်ပါတယ်။ နည်းနေရင်တော့ Vitamin D သောက်ရမှာပါ။ ‘D’ နဲ့အတူ Calcium ပါရောသောက်ထားရင်တော့ အရိုးကျိုးတာ ကာကွယ်နိုင်ပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေမှာ သွေးဆုံးပြီးရင် (oestrogen) ပမာဏက ကျဆင်းလာတဲ့အတွက် အရိုးပွလာပါတယ်။ အမျိုးသားများလည်း ၆၀ ပတ်ဝန်းကျင်ကစပြီး (Testosterone) ဟော်မုန်း ကျဆင်းလာတဲ့အတွက်၊ Vitamin D နဲ့ Calcium ကိုဖြည့်စွက် သောက်ထားသင့်ပါတယ်။


အကောင်းမြင်ခြင်းနှင့် ရယ်မောခြင်း

          အကောင်းမြင်ခြင်းဟာ ကောင်းတဲ့ဘက်ကို တွေးနိုင်တဲ့လူမှ အကောင်းမြင်နိုင်ပါတယ်။ အတ္တကြီးသူတွေမှာတော့ ဒီအရည်အချင်း တော်တော်ရှားပါးလှပါတယ်။ သူတို့တွေဟာလည်း မိဘအသိုင်းအဝိုင်းရဲ့ အကောင်းမမြင်နိုင်ခြင်း အမွေရလာကြတာ များပါတယ်။ ဒီလိုစရိုက်ရှိသူတွေကတော့ သူတို့ရဲ့စရိုက်နဲ့ စိတ်က ခန္ဓာကိုယ်ကို ဒုက္ခပေးနေကြတာပေါ့။ ရယ်မောခြင်းဆိုတာကတော့ သူတို့မှာ အတော်ရှားသွားပါပြီ။ တချို့လူတွေကျတော့လည်း အဆင်မပြေအခက်အခဲများကြားမှာတောင် အခက်အခဲတွေ၊ ဒုက္ခတွေကို ရယ်မောစရာအဖြစ်တွေးနိုင်ကြပါတယ်။ အလွန်အဖိုးတန်တဲ့စရိုက်ကလေးပါ။ ဘေးမှာရှိနေသူလည်း စိတ်လက်ပေါ့ပါးပျောရွှင်ရတာပေါ့။ ရယ်မောနိုင်ခြင်းဟာ သွေးကြောတွေကို ကျယ်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေဟာလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်အောင် လုပ်နိုင်ပါတယ်။


အကျႌအရောင် ရွေးချယ်ခြင်း

          ငယ်သူတွေအတွက် အကျိုးသက်ရောက်မှု မရှိပေမယ့် အသက်ရလာသူတွေအတွက် အရောင်မှိုင်းမှိုင်းတွေ အစဉ်မဝတ်မိစေဖို့ လိုပါတယ်။ ရှိရင်းစွဲထက် ပိုရင့်သွားပြီး ထိုင်းမှိုင်းသလိုလည်း ခံစားရတတ်ပါတယ်။ အမှိုင်းနှင့်အလွင်ကို တွဲဖက်ဝတ်တာဟာ အသက်အရွယ်အတွက် ဣနြေ္ဒရသလို မိမိကိုယ်မိမိလည်း ယုံကြည်မှုရှိစေပါတယ်။ အလွန်အကျွံပြင်ဆင်မှုကတော့ ရှောင်ရမှာပေါ့။ အပြင်ထွက်ရင်လည်း မျက်နှာကို ဖွေးလှုပ်နေအောင် မလိမ်းဘဲ မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းစတာတွေကို လိုက်ဖက်တဲ့ အရောင်ထည့်ပြီး အပြင်ထွက်တာဟာလည်း စိတ်ကြည်လင်ခြင်း တစ်မျိုးပါပဲ။


ခန္ဓာကိုယ် နှိပ်နယ်ခြင်း

          ဖြစ်နိုင်ရင် တစ်လတစ်ခါလောက် ပြုလုပ်သင့်ပါတယ်။ အညောင်းပြေရုံတင်မဟုတ်ဘဲ သွေးလည်ပတ်မှုနဲ့ ၊ သားနံရည်လည်ပတ်မှုတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် ကိုယ်တွင်းအဆိပ်အတောက်များဟာ ချွေးအဖြစ်ထွက်သွားပါတယ်။ အဆိပ်တွေ ထွက်သွားတဲ့အတွက် အစားစာ၊ ရှူလိုက်တဲ့လေ စတာတွေကနေ ကောင်းသောအာဟာရနဲ့ အောက်ဆီဂျင်အသစ်တွေအတွက် နေရာရသွားပါတယ်။ မျက်နှာကစလို့ တစ်ကိုယ်လုံး အသားအရေဟာ ကြည်လင်လာပါတယ်။


          ဖော်ပြခဲ့တဲ့ အချက်တွေထဲမှာ လွယ်ကူစွာ လုပ်နိုင်တဲ့အချက်တွေ များပါတယ်။ အဓိက ကတော့ စိတ်ကြည်ရင် လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရုပ်ကလေးက ကြည်လင်နေပါတယ်။ ဆိုခဲ့တာတွေကလည်း စိတ်ကိုစတင်ပြီး ကြည်လင်စေတာမို့ မိမိတို့ရဲ့ ရုပ်တွေကလည်း ကြည်လင်လာပါလိမ့်မယ်။ ပြီးတော့လည်း နိုးနိုးချင်းနှင့် ညအိပ်ရာဝင်ခါနီး၊ မေတ္တာဖြန့်ကြက်ပြီး မေတ္တာပွားနိုင်ရင်တော့ ဆိုဖွာရာမရှိပါဘူး။ ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေဟာလည်း ဘဝမှာ ဖြစ်သမျှ ကြုံသမျှတွေကို ကောင်းသောစိတ်နဲ့ ကြည့်ခဲ့မြင်ခဲ့ကြလို့ ဆိုတာကတော့ ငြင်းဖွယ်ရာ မရှိပါဘူး။

Credit : ဒေါက်တာစံလှမူ (ဆေး/သု)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18