Print

အသားဝါ နေရောင်ပြ

  04-Aug-2019
Preview Image

မွေးကင်းစကလေးတိုင်း အသားဝါဖြစ်ရင် စိုးရိမ်ရပါသလား

          မွေးကင်းစကလေးဆိုတာ မွေးဖွားပြီး ပထမ ၂၈ ရက်အထိ ကလေးကို ခေါ်ပါတယ်။ မွေးကင်းစကလေး အသားဝါဖြစ်ရင် စိုးရိမ်ရပါတယ်။ အထူးသဖြင့် ပထမခုနှစ်ရက်အတွင်း အသားဝါဖြစ်ရင် စိုးရိမ်ရပါတယ်။ အထူးသဖြင့် ပထမ ခုနစ်ရက်အတွင်း အသားဝါဖြစ်ရင် Bilirubin တွေ ဦးနှောက်ထဲရောက်ပြီး အသက်အန္တရာယ်ဖြစ်စေတဲ့ Kernicterus ရောဂါရစေတတ်ပါတယ်။

          အဲဒီ Kemicterus ရောဂါရပြီးနောက် အသက်ရှင်လာရင်လည်း Cere Bbral Palsy လို့ခေါ်တဲ့ မသန်စွမ်းတဲ့ ကလေး ဖြစ်လာတတ်ပါတယ်။

          ဒါကြောင့် မွေးကင်းစကလေးအသားဝါ ဖြစ်လာရင် အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတာကို မိခင်၊ ဖခင်တွေ အနေနဲ့ သိထားသင့်ပါတယ်။


မွေးကင်းစကလေးတိုင်း အသားဝါ ဖြစ်တတ်ပါသလား

          မွေးကင်းစကလေးတွေရဲ့ အသည်းဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်သေးတဲ့အတွက် အသားဝါဓာတ် Bilirubin ခန္ဓာကိုယ်တွေရဲ့ သက်တမ်းတိုပြီး ပျက်စီးကုန်ခြင်းစတဲ့ အကြောင်းများကြောင့် မွေးကင်းစ ကလေးတိုင်းလိုလို အသားဝါဖြစ်တတ်ပါတယ်။ အဲဒါကို Physiological Jaundice လို့ ခေါ်ပါတယ်။

          အဲဒီအသားဝါမျိုးက ကလေးရဲ့အသက် သုံးရက်မြောက်မှာပေါ်ပြီး တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။

          ဒါပေမယ့် မွေးကင်းစ ကလေးက လမစေ့ဘဲ မွေးမယ်။ မွေးဖွားတုန်းက ရေမွန်းခြင်း ခံခဲ့ရမယ်။ မွေးဖွားစဉ်က ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတာမို့ ဒဏ်ရာတွေ ရရှိခဲ့မယ်။ နို့မစို့နိုင်ခဲ့တာတွေကို ကြုံခဲ့ရမယ်စတဲ့ အကြောင်းအရာတွေနဲ့ ဒွန်တွဲပြီး အသားဝါဖြစ်လာရင်တော့ စိုးရိမ်ရတဲ့ အသားဝါရောဂါအဆင့်ကို ရောက်လာမှာဖြစ်ပါတယ်။

          ဒါကြောင့် မွေးကင်းစကလေး အသားဝါဖြစ်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကို သိရှိပြီး တတ်ကျွမ်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူတွေနဲ့ ကုသမှုရယူစေဖို့ လိုအပ်ပါတယ်။


မိခင်နို့ စောစောတိုက်ကျွေးခြင်းကြောင့် မွေးကင်းစ အသားဝါရောဂါကို ကာကွယ်နိုင်ပါသလား

          ကလေးမွေးဖွားပြီးရင်ပြီးချင်း ဒါမှမဟုတ် နာရီဝက်အတွင်း နို့တိုက်ကျွေးခြင်းကို မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်း စီမံချက်အနေနဲ့ လုပ်ဆောင်နေပါတယ်။

          မိခင်နို့စောစောတိုက်ကျွေးတဲ့အတွက် မွေးကင်းစကလေးရဲ့ ငယ်ချေးတွေ စောစောသွားတတ်ပါတယ်။ ငယ်ချေးထဲမှာရှိတဲ့ အသားဝါဓာတ် Billirubin မြန်မြန်ထွက်ပြီး အသားဝါရောဂါကို သက်သာစေပါတယ်။

          မွေးကင်းစကလေးရဲ့ အသားဝါဓာတ်တွေက ဝမ်းကတစ်ဆင့် ထုတ်ပစ်တဲ့အတွက် မိခင်နို့တိုက်ကျွေးခြင်းဖြင့် ဝမ်းမကြာခဏသွားတတ်တာကလည်း ကောင်းတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။

          မိခင်နို့ တိုက်ကျွေးရာမှာလည်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ ရေ၊ တခြားအရည်နဲ့ တခြားအစားအစာများကို ကလေးအသက်ခြောက်လအထိ မတိုက်ကျွေးရပါဘူး။


မွေးကင်းစကလေး အသားဝါဖြစ်ရင် ဘယ်လိုကလေးမျိုးတွေ စိုးရိမ်ရတယ်လို့ သတ်မှတ်ပါသလဲ

          ဒါဟာ မိခင်တွေ လွယ်လွယ်ကူကူသိစေချင်တဲ့ အချက်ပါဘဲ။ မွေးကင်းစကလေးဟာ နို့ကောင်းကောင်း မစို့ဘဲ မှိန်းနေရင် စိုးရိမ်ရတယ်လို့ပဲ သတ်မှတ်လိုက်ပါ။


မိခင်နဲ့ ကလေး သွေးအုပ်စုမတည့်ရင် မွေးကင်းစကလေး အသားဝါ ဖြစ်နိုင်ပါသလား

          ဖြစ်နိုင်ပါတယ်။ ဆိုပါတော့။ မိခင်ရဲ့ သွေးအုပ်စုက အို(O) ဖြစ်နေပြီး မွေးကင်းစကလေးရဲ့ သွေးအုပ်စုက အေ(A) ဒါမှမဟုတ် ဘီ(B) ဖြစ်နေခဲ့ရင်၊ နောက်တစ်ခုက Rh(+) (Rh Positive) ဖြစ်ရင် မိခင်နဲ့ ကလေး သွေးအုပ်စုမတည့်ဖြစ်ပြီး မွေးကင်းစကလေး အသားဝါရောဂါ ရတတ်ပါတယ်။

          မွေးကင်းစကလေး အသားဝါရောဂါဟာ မွေးဖွားပြီး ပထမနှစ်ရက်မှာ ဖြစ်ပေါ်တတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ Keriterus ဖြစ်စေတတ်ပါတယ်။

          မိခင်တွေဟာ သူ့ရဲ့ သွေးအုပ်စု အို(O) ဖြစ်ပြီး သူ့ရဲ့ ခင်ပွန်း သွေးအုပ်စုက အေ(A)၊ ဒါမှမဟုတ် ဘီ(B) ဖြစ်ခဲ့ရင် အဲဒီကလေးရဲ့ သွေးအုပ်စုဟာ အေ(A) ဒါမှမဟုတ် ဘီ(B) ဖြစ်တတ်တာကြောင့် အသားဝါ ဖြစ်လာ၊ မလာကို ဂရုတစိုက်စောင့်ကြည့်ရပါမယ်။

          မိခင်ရဲ့သွေးအုပ်စုက Rh(-) ဖြစ်ပြီး သူ့ခင်ပွန်းက Rh(+) ဖြစ်ခဲ့ရင်လည်း အဲဒီက ရလာတဲ့ ကလေးက Rh(+) ဖြစ်တတ်တာကြောင့် သွေးအုပ်စုမတည့်ဖြစ်ပြီး အသားဝါလာတတ်တာကိုလည်း သိထားဖို့လိုအပ်ပါတယ်။


အသားဝါဖြစ်တဲ့ မွေးကင်းစကလေးကို မနက်ခင်း နေရောင်ပြကုတာ တွေ့ဖူးပါတယ် ဆရာ။ အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာ့သဘောထားလေး ပြောပြပေးပါဦးလား

          မွေးကင်းစကလေး အသားဝါဖြစ်ရင် ကလေးကို မီးချောင်းတွေထွန်းပြီး မီးပြကုသခြင်း (Phototherapy) ပြုလုပ်တာကို မှီငြမ်းပြီး မနက်ခင်းနေရောင်ခြည်ပြတာကို ကျင့်သုံးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာ ကလေးရဲ့ မျက်စိကို ဥပဒ်ပေးတဲ့ ခရမ်းလွန်ရောင်ခြည် (Ultra Violetrays) တွေ ပါလာတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ မွေးကင်းစကလေး အသားဝါလျော့၊ မလျော့ကို ကလေးရဲ့အရေပြား အဝါရောင်နဲ့ ဆုံးဖြတ်တဲ့အခါမှာ နေရောင်ပြပြီး ဖြစ်တဲ့အတွက် ခန့်မှန်းရခက်ခဲလာပါတယ်။ ဒါကြောင့် မနက်ခင်းနေရောင်ပြကုသခြင်းထက် တတ်ကျွမ်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများနဲ့သာ တိုင်ပင်ပြီး ကုသသင့်ပါတယ်။


မွေးကင်းစကလေး အသားဝါအတွက် မိခင်တွေကို ဘယ်လိုအကြံဉာဏ်တွေ ပေးသင့်ပါသလဲ

          မွေးကင်းစ ကလေးတိုင်းနီးပါး ဝါတတ်တဲ့အတွက် မိခင်နနွင်းသုံးတဲ့ အလေ့အထရှိတဲ့အခါမှာ နနွင်းကြောင့် ဝါနေတာလား၊ ကလေးကလည်း တကယ် အသားဝါနေတာလားဆိုတာကို မခွဲခြားနိုင် ဖြစ်ရတတ်ပါတယ်။

          မိခင်၊ ဖခင်တွေအနေနဲ့ မိမိတို့ရဲ့ သွေးအုပ်စုတွေကို ကြိုတင်သိရှိထားသင့်ပါတယ်။

          မီးနေခန်းဆိုပြီး မိခင်နဲ့ ကလေးကို အလင်းရောင်နည်းတဲ့ အခန်းထဲမှာထားရင် ကလေးအသားဝါလာတာကို စောစောမတွေ့ရဖြစ်တတ်ပါတယ်။

          မွေးကင်းစကလေးရဲ့ ချက်တိုင်ကို အရက်ပြန်ကလွဲပြီး အခြားဘာမှ မထည့်တာတွေဟာ ချက်ပုပ်တာကရတဲ့ အသားဝါကို ကာကွယ်နိုင်ပါတယ်။

          မွေးကင်းစကလေး အသားဝါဟာ ရက်ရှည်ဝါတတ်တဲ့အတွက် နှစ်ပတ်လောက်ကျော်လာရင် ဆေးကုသခံယူဖို့ လိုပါတယ်။

          မွေးကင်းစကလေး အသားဝါဖြစ်ပြီး နို့ကောင်းကောင်း မစို့ဘဲ မှိန်းနေရင် ဆေးကုသမှုခံယူဖို့ လိုပါတယ်။

Credit : ပါမောက္ခ ဒေါက်တာ ဦးအေးသောင်း (ကလေးအထူးကု သမားတောကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18