Print

အဆိပ်သောက်မိခြင်း

  12-May-2018
Preview Image

အဆိပ်သောက်မိပါက အဆိပ်ကို မျိုချမိရာ လမ်းကြောင်းတစ်လျှောက်ရှိ ပါးစပါ၊ အာခံတွင်းနှင့် အစာခြေလမ်းကြောင်း တစ်လျှောက် ယိုယွင်းပျက်စီးစေနိုင်မည့် ယင်းနောက် သွေးထဲရောက်ကာ အသက်ကိုပါ ရန်ရှာလာသည်အထိ ဖြစ်လာနိုင်သည်။ အိမ်ရှိမီးဖိုချောင်သုံး၊ သန့်စင်ခန်းသုံး၊ အိမ်သုံးပစ္စည်းများ ဖြစ်ကြသည့် အရောင်ချွတ်ဆေး၊ ကြေး (ဂျီး) ချွတ်ဆေးမှုန့်၊ ပန်းကန်ခွက်ယောက် ဆေးဆပ်ပြာရည်၊ သုတ်ဆေး ချွတ်ဆေး ရည်များထဲတွင် အဆိပ်သင့်စေနိုင်သော ဓာတုပစ္စည်းအပြင်းစားများ ပါဝင်သည်။ ထို့အတူ အိမ်သုံးဆေး၊ စွဲသောက်နေရသော ဆေးများကို လိုသည်ထက် ပိုသောက်မိပါက သေတတ်သည်။ အချို့အပင်များ၊ မှိုများ စားမိပါကလည်း တောက်တတ်သည်။ အဆိပ်သင့်၊ အဆိပ်မိပါက ခံစားရသော ဝေဒနာအမျိုးမျိုးရှိသော်လည်း အများအားဖြင့် ပျို့အန်မည်။ ရင်ခေါင်း၊ ဝမ်းခေါင်းထဲတွင်ပူမည်။ ထို့နောက် သတိလစ်သွားခြင်း စသည့် ဝေဒနာများကို ခံစားကြရတတ်သည်။ 


လက်တွေ့နည်း 

အဆိပ်သင့်သူကို ပြုစုခြင်း

အဆိပ်သင့်မှု ကာကွယ်ထိန်းချုပ်ရေးဌာနသို့ အကြောင်းကြားပါ။ မည်သည့်အဆိပ်ကို သောက်မိသည်ကို ကြိုးစားရှာဖွေကြည့်ပါ။ အဆိပ်သောက်မိသူ သတိလစ်သွားလျှင် (သို့မဟုတ်) အသက်ရှူရပ်သွားလျှင် အရေးပေါ်အသက်ကယ်ပြုစုမှုကို ဆောင်ရွက်ပါ။


သတိ

 အဆိပ်သောက်ထားသူ အန်စေရန် မကြိုးစားရပါ။ လောင်စားစေတတ်သော သတ္တိရှိသည့် အဆိပ်ဆိုပါက ထိုသို့ အန်အောင် ပြုလုပ်မိခြင်းကြောင့် လည်ချောင်းတစ်လျှောက် ပြန်ဆန်တက်လာမည့် အဆိပ်ကြောင့် လည်ချောင်းကို ထပ်မံလောင်စားသွား စေနိုင်ပါသည်။


(၁) လူနာတင်ယာဉ်ကို ခေါ်ပါ။ မည်သည့်အဆိပ်ကို သောက်ထားသည်၊ မည်မျှများများ သောက်ထားမိသည်ကို သိအောင် ကြိုးစားကြည့်ပါ။ လူနာတင်ယာဉ်ကို ဖုန်းဆက် ခေါ်ကတည်းက ဖုန်းလက်ခံဖြေကြားသူ (သို့) အော်ပရေတာတို့ကို အသေးစိတ်အချက်အလက်များကို ပြောပြထားပါ။ ယင်းကဆရာဝန်များ ပြုစုကုသမှု ကုထုံးကို စဉ်းစားသည့်အခါ အထောက်အကူဖြစ်စေမည်။ (အခြားတိုင်းပြည်များရှိ အဲမ်ဗျူးလဲန့်စ်ခေါ် လူနာတင်ယာဉ်တိုင်းတွင် အရေးပေါ်အသက်ကယ်ပြုစုမှု ကျွမ်းကျင်သူပါလာရသည်။ ဆေးဝါး၊ ကိရိယာ အစုံအလင်ပါသည်။ ဆက်သွယ်ရေးစက်ပါသည်။ လူနာတင်ယာဉ်ခေါ်စဉ်က ပြောပြထားသော လူနာ၏ အခြေအနေ၊ အချက်အလက် အသေးစိတ်ပေါ်မူတည်ကာ အဆိုပါ ယာဉ်ပေါ်ပါမက်ဒစ် (medic) ခေါ် လူနာပြုစုမှု ကျွမ်းကျင်သူ (ဆရာဝန်မဟုတ်) ကို ထိုလူနာတင်ယာဉ် လွှတ်လိုက်ရာဆေးရုံမှ ဆရာဝန်က မည်သည့် ဆေးထိုးရန်၊ သွင်းထားရန် မည်သည့် လက္ခဏာတို့ကို ဂရုစိုက်ကြည့်ရန် မည်သည့်လက္ခဏာတွေ့က မည်သို့ပြုစုကုသရန် မှာလိုက်လေ့ရှိသည်။ လူနာကို ခေါ်လာပါကလည်း လမ်းတစ်လျှောက် ဆက်သွယ်ရေးစက်မှတစ်ဆင့် အပြန်အလှန်အစီရင်ခံ ညွှန်ကြားကာ အရေးပေါ်အသက်ကယ်ပြုစုမှုကို ပေးရသည်။ အရေးပေါ်အသက်ကယ်ပြုစုမှု  ယာဉ်ပေါ်တွင်လည်း ရက်စ်ကျူး (Rescue) ဟူသော စားတန်းပါသည်။ အဆိပ်သင့်သူများက အနီးအနားဝန်းကျင်တွင် ပုလင်းလွတ်၊ ဘူးခွံအပါအဝင် ကာယကံရှင်သောက်မိသောဆေးပစ္စည်းနှင့် အဆက်အစပ် ရှိပုံရသောအရာ တို့ကိုရှာဖွေ သိမ်းဆည်းထားပြီး ဆေးရုံရောက်လျှင် ယင်းပစ္စည်းတို့ကို  ဆရာဝန်အားပြပါ။


၂။ အဆိပ်ရည်စွန်းပေနေသော အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိုက် စွန်းပေနေသော အဆိပ်အစအန အကြွင်းအကျန်များကိုလည်း သုတ်ပစ်ပါ။ ယင်းသို့ လဲလှယ်သုတ်ပစ်သည့်အခါ အဆိပ်မထိမိသေးသော နေရာ (သို့) အရေပြားပေါ်တွင် အဆိပ်များ စွန်းပေမသွားစေရန် ဂရုစိုက်ပါ။ 


၃။ လောင်စားစေတတ်သော ဓာတုပစ္စည်းများ နှုတ်ခမ်းကို  လောင်ပါက ပါးစပ်အာခံတွင်းနှင့် လည်ချောင်းအတွင်းအလောင်၊ အပူလျော့ပါးစေရန် နို့အေး (သို့) ရေအေးအေးအနည်းငယ်ကို တိုက်သင့်သည်။ ကာယကံရှင် စိတ်မပူစေရန် အားပေးဖျောင်းဖျပါ။ အရက် (မက်သနော) အဆိပ်သင့်သူ ဆိုပါက ထိုသူ အအေးမမိစေရန် စောင်ခြုံထားပေးပါ။


၄။ ထိုစဉ်လူနာ သတိလစ်သွားပါက ရီကာဗာရီအနေအထားနှင့် တစောင်းထားပါ။ လက်ကောက်ဝတ်သွေးခုန်နှုန်း အသက်ရှူပုံနှင့် လူနာ၏ တုံ့ပြန်ပုံတို့ကို မှန်မှန်စောင့်ကြပ်အကဲခတ်ထားပါ။ လိုအပ်ပါက CPR အရေးပေါ် ပြုစုနည်းကို သုံးနိုင်ရန် ပြင်ဆင်ထားပါ။


Credit: ဒေါက်တာသန်းထွဋ် (အိမ်တွင်းသမားတော်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18