Print

ရက်ရှည်ဝမ်းပျက် ခက်ရလေခြင်း

  13-Dec-2017
Preview Image

ရက်ရှည်ဝမ်းပျက်တယ်ဆိုတာ 

 ဝမ်းသည် အတုံးအခဲ မဟုတ်ဘဲ၊ အရည်နှင့် အဖတ်ရော၍ မစင်စွန့်သည့်အိုး၏ ပုံသဏ္ဍာန်အတိုင်း လိုက်၍ ပြောင်းလျှင်သော်လည်း အရည်ချင်းသက်သက်သွားလျှင် သော်လည်းကောင်း၊ 

• ဝမ်းပျက်သည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ အဖတ်အရည်ရောသော ဝမ်း (သို့) ဝမ်းအရည်သက်သက် တစ်နေ့လျှင် သုံးကြိမ်နှင့်အထက်သွားရပါမည်။ 

• ထိုသို့သော ဝမ်းအမျိုးအစားသွားခြင်းသည် နေ့စဉ်ရက်ဆက် ဖြစ်ရပါမည်။ နှစ်ရက်ခန့် ဝမ်းပျက်လိုက်၊ သုံးရက်ခန့် ကောင်းသွားလိုက် ပြန်ဖြစ်လိုက်ဆိုလျှင် ဆက်တိုက် ဝမ်းသွားသည်ဟု တွက်၍မရပါ။

• ဝမ်းပျက်ခြင်းဆက်တိုက် ၁၄ ရက်နှင့်အထက်ကြာဖြင့်လျှင် ဆက်တိုက်ဝမ်းသွားသည်ဟု ခေါ်ဆိုပါသည်။ 


အထက်ပါအချက်အလက်များနှင့် ပြည့်စုံမှ  ရက်ရှည်ဝမ်းပျက်သည်ဟူ၍ သတ်မှတ်ရမည်ဖြစ်ပါသည်။


ဘာကြောင့်လဲ

 ရက်ရှည်ဝမ်းသွားခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့သည် ထာဝစဉ်လက်တွဲကြသော မဟာမိတ်ကြီးသာ ဖြစ်သည်။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော စွယ်တော်ရွက်ကဲ့သို့သာတည်း။ တစ်ဖန်အာဟာရချို့တဲ့သော ကလေးများတွင် ရက်ရှည်ဝမ်းပျက်ခြင်းပို၍ အဖြစ်များပြန်သည်။ ဤသို့ဖြင့် ထိုအဖြစ်အပျက်နှစ်ခုတို့သည် သံသရာလည်လျက် ရှိကြပေသည်။ မည်သည့် အနေအထားများကြောင့် ရက်ရှည်ဝမ်းပျက်ရသည်ကို ရှာဖွေကြည့်ရှုသောအခါ အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်း အကြောင်းများ မတူကွဲပြားကြောင်း တွေ့ရှိရပါသည်။ အနောက်နိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်းအကြောင်းများမှာ အများအားဖြင့် အူလမ်းကြောင်း၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲဖောက်ပြန်မှုများ၊ အစာချေဖျက်နိုင်သော အင်ဇိုင်းများ enzymes များ မထုတ်လုပ်နိုင်ခြင်း၊ ဟော်မုန်းဓာတ်များနည်းခြင်း၊ များခြင်း၊ အူလမ်းကြောင့်၏ ခန္ဓာဗေဒတည်ဆောက်ပုံ ဆန်းပြားနေခြင်း စသည်တို့ ဖြစ်ကြပါသည်။ အာရှနိုင်ငံများတွင် ရက်ရှည်ဝမ်းပျက်ရခြင်း အဓိကအကြောင်းများ ရောဂါပိုးများကြောင့်ပင် ဖြစ်ပါသည်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးများနှင့် သန်ကောင် အချို့တို့ကို ဆိုလိုခြင်းဖြစ်ပါသည်။ 


ဗက်တီးရီးယားတွေ

အဖြစ်အများဆုံးပိုးသည် တီဘီရောဂါပိုးဖြစ်ပါသည်။ 

• ဖြစ်ခါစအချိန် Primary Complax တွင် ရောဂါကို မကုသခဲ့ သို့မဟုတ် တစ်ဝက်တစ်ပျက်သာ ကုသခဲ့လျှင်

• ငယ်စဉ်ကပင် မျှတသော အာဟာရဂရုစိုက် မကျွေးမွေးခဲ့လျှင် (ခံနိုင်ရည်လွန်စွာ နည်းပါးသဖြင့် ရောဂါပိုးဝင်ရန် ပို၍ လွယ်ကူသဖြင့်) 


ပျံ့နှံ့တီဘီရောဂါဖြစ်ရန်အကြောင်း ဖန်လာပါတော့သည်။ ထိုပျံ့နှံ့တီဘီရောဂါတွင် အပါအဝင်ဖြစ်သော အူတီဘီကြောင့် ရက်ရှည်ဝမ်းပျက်ရခြင်းပင်ဖြစ်ပါသည်။ တီဘီဖြစ်ခါစ အချိန်မှ တစ်နှစ်ခွဲအတွင်းတွင် တီဘီရောဂါပိုးသည် အူမကြီးအထိ ပျံ့နှံ့၍ အူမကြီးတီဘီဖြစ်ရပါတော့သည်။ အူမကြီး တီဘီအမျိုးအစား နှစ်မျိုးအနက် ဝမ်းပျက်စေသော အမျိုးအစားသည် အူမကြီး၏ နံရံများကို ဖျက်ဆီးပစ်လိုက်သဖြင့် အစာဟောင်းစွန့်ပစ်ရန် အမှုကိစ္စကို အူမကြီးသည် ကောင်းမွန်စွာ မဆောင်ရွက်နိုင်တော့ပေ။ သို့ဖြစ်၍ အရိအရွဲ အချွဲအကျိ ဝမ်းပျက်သွားပါတော့သည်။ ရံခါသွေးပင် အနည်းငယ်ပါရှိတတ်ပါသည်။ ရောဂါကို စောစီးစွာ မကုသခဲ့ပါလျှင် ထိုရည်ရှည်ဝမ်းပျက်ခြင်းကြောင့် ပြင်းထန်သော အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ သေဆုံးနှုန်းလည်း များပါသည်။


အခြားပိုးများ

 အခြားဗက်တီးရီးယားများလည်း ရက်ရှည်ဝမ်းပျက်ရောဂါဖြစ်နိုင်ပါသေးသည်။ 


ဆယ်လမိုနဲ့လား Salmonella 

 တိုက်ဖွိုက်ရောဂါပိုး မဟုတ်သော ဆယ်လမိုနဲ့လား အချို့သည်လည်း အူနံရံကို ဖျက်စီးပြီး ရက်ရှည်ဝမ်းပျက်စေပါသည်။

• ဝမ်းကိုက်ရောဂါဖြစ်စေသော ရှီဂဲလား Shigella သည်လည်း ပထမပိုင်း၌ သွေးပါသော ဝမ်းများသွားပြီး နောက်ပိုင်း၌ အူနံရံကို ဖျက်စီးပြီး ရက်ရှည်ဝမ်းပျက်စေပါသည်။ 

• ဇာတ်လိုက်ကြီး အီးကိုလိုင်း E.coil အမျိုးအနွယ်အချို့သည်လည်း အူနံရံကို ပျက်စီးစေပြီး ရက်ရှည်ဝမ်းပျက်စေပါသည်။ အူနံရံတွင်းသို့ ဖောက်ထွင်းဝင်ရောက်သော အီးကိုလိုင်းပိုးနှင့် အဆိပ်ထုတ်နိုင်သော အီးကိုလိုင်းပိုးတို့သည် ရက်ရှည်ဝမ်းပျက်ခြင်းကို ဖြစ်စေသောအီးကိုလိုင်း အမျိုးအစားများပင် ဖြစ်ပါသည်။


ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုး

• ဗိုင်ရပ်စ်ပိုးများအနက် ရက်ရှည်ဝမ်းပျက်စေသော အဓိက သရုပ်ဆောင်မှာ လူတကာ၏ ရန်သူမည်သော HIV ပိုးသာ ဖြစ်ပါတော့သည်။ HIV ဖြစ်နှုန်းကျဆင်းသွားပါလျှင် ရက်ရှည်ဝမ်းပျက်နှုန်းလည်း ကျဆင်းလာမည်သာ။ 

• ငှက်ဖျားပိုး တစ်မျိုးတည်းလည်း ရက်ရှည်ဝမ်းပျက်စေပါသည်။ Algid Malaria 

• ဝမ်းကို ရောဂါဖြစ်စေသော အမီးဘား Amoeba နှင့် အခြားကပ်ပါးကောင်တစ်မျိုးဖြစ်သော Giardia တို့သည်လည်း အူနံရံတို့ကို ဖျက်ဆီးတတ်ကြပါသည်။Giardia မှာ အူသိမ်အထက်ပိုင်းကို ဖျက်ဆီးလေ့ရှိသဖြင့် ဆိုးဝါးသော အာဟာရချို့တဲ့ခြင်းကို စောစောစီးစီး ခံစားရတတ်ပါသည်။


သန်ကောင်အချို့သည်လည်း ရက်ရှည်ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။ သို့သော် ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။ သို့သော် သန်လုံးကောင်သည်ကား ထိုရက်ရှည် ဝမ်းပျက်ခြင်းကို မဖြစ်စေဘဲ၊ အကောင်ရေများလျှင် အူနံရံကို ပိတ်ဆို့တတ်ပါသည်။ 


အကြောင်းအရာများ

• ရက်တိုဝမ်းပျက်ရောဂါမှလည်း ရက်ရှည်ဖြစ်သွားနိုင်ပါသည်။ အူနံရံအပြင်ဆုံးအလွှာတွင်ရှိသော အစာချေ အင်ဇိုင်းတို့ ပျက်စီးသွားပြီး နို့တွင်ပါသော Lactoes ဓာတ်ကို မချေဖျက်နိုင်တော့ဘဲ၊ ရက်ရှည်ဝမ်းပျက်ရသော ဘဝကို ရောက်ရှိသွားပါတော့သည်။

• သတ္တုအချို့သည်လည်း ဝမ်းပျက်စေသော အာနိသင်ရှိပါသည်။ အချို့ဆေးများတွင် ပြဒါး၊ ရွှေစသည်တို့ပါဝင်သဖြင့် ဤသို့သော အဖြစ်ကို ရောက်ရခြင်းဖြစ်ပါသည်။ သို့ရာတွင် ခဲဆိပ်သည် ဝမ်းပျက်ဝမ်းလျှောသော လက္ခဏာဖြင့် မလာဘဲ ဝမ်းချုပ်ခြင်းဖြင့်သာ လက္ခဏာကို ပြသတတ်ကြောင်း သတိပြုရပါမည်။

• ပဋိဇီဝဆေးများဖြစ်သည့် Ampicillin Erythromycin Lincocin စသည်တို့ကို ရက်ရှည်ကြာရှည်စွာ တိုက်လျှင်လည်း ရက်ရှည်ဝမ်းပျက်တတ်ပါသေးသည်။


သတိကလေးတစ်ချက်

 ရက်ရှည်ဝမ်းပျက်ရခြင်း အကြောင်းများစွာရှိပါသည်။ ယခုဖော်ပြခဲ့သော အကြောင်းအရာများမှာ ကလေးများတွင် အဖြစ်အများဆုံး အကြောင်းများသာဖြစ်ပါသည်။ 

• ဝမ်းပျက်လျှင် အာဟာရကို မဖြတ်ဘဲ၊ ကြိုးစား၍ ကျွေးမွေးခြင်း၊

• အဓိကအကြောင်းကို ရှာဖွေ၍ စောစီးစွာကုသခြင်း အစရှိသည်တိို့ကိုလည်း လုပ်ဆောင်ခြင်းတို့သည် ရက်ရှည်ဝမ်းပျက်ခြင်းကြောင့် ကလေးများပြင်းထန်သော အာဟာရချို့တဲ့ခြင်း၊ သေဆုံးခြင်းတို့ကို ကာကွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။


Credit: ဒေါက်တာယုဇနစောမြင့် 

ကလေးအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18