Print

ကလေးနဲ့ အဆိပ်

  09-Nov-2017
Preview Image

ကလေးများသည်အဆိပ်မျိုးစုံ၏ အကျိုးဆက်ကို နည်းမျိုးစုံဖြင့်ခံစားနေကြရပါသည်။ ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်နှင့်အညီ ကလေးများ အဆိပ်သင့်ပုံ သင့်နည်းသည်လည်း တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ကလေးများ အဆိပ်သင့်မှုသည် မတော်တဆအဆိပ်သင့်မှုနှင့် မတော်တဆမဟုတ်သော အဆိပ်သင့်မှုဟူ၍ နှစ်မျိုးရှိပါသည်။


အသက်အရွယ်အားဖြင့်မတော်တဆအဆိပ်သင့်မှုသည် အသက်ငါးနှစ်အောက် အရွယ်ကလေးများတွင် အဖြစ်များပါသည်။ ကလေးကြီးများတွင်မူကား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုနှေးကွေးသော ကလေးများတွင် အများအားဖြင့်တွေ့ရှိရတတ်ပါသည်။ အများဆုံးဖြစ်တတ််သော အသက်အပိုင်းအခြားသည် အသက်တစ်နှစ် နှင့် လေးနှစ်အကြား အရွယ်တွင် ဖြစ်တတ်ပါသည်။ ယောကျင်္ားလေးများသည် မိန်းကလေးများထက် ဖြစ်ပွားနှုန်းပို၍များတတ်ပါသည်။


မတော်တဆ အဆိပ်သင့်ရာတွင်အသက်နှစ်နှစ်အောက် ကလေးများသည် မည်သည့်အရာဝတ္တုကိုမဆို ပါးစပ်တွင်းသို့ ထည့်လေ့ရှိကြပါသည်။ အထူးသဖြင့် ဆေးလုံး၊ ဆေးပြားအမျိုးမျိုး၊ အိပ်သုံးပစ္စည်းအမျိုးမျိုးနှင့် သစ်ပင်မှာ အရွက်အသီးအမျိုးမျိုးတို့ကို ပါးစပ်ထဲထည့်တတ်ကြပါသည်။ အရောင်လှလှ၊ ပုံသဏ္ဍာန်လှလှဆန်းဆန်း ပစ္စည်းလေးများက ကလေးအားလက်ယပ်ခေါ်နေဘိသကဲ့သို့ ရှိနေပါသည်။


ကလေးများစားမိသော အိမ်သုံးပစ္စည်းများသည်လည်း လွန်စွာဒုက္ခပေးနိုင်သည့် သဘောမရှိပါ။ သို့ရာတွင် အရောင်ချွတ်ဆေး၊ အဝတ်လျှော်မှုန့် စသည်တို့ကား ဘေးထွက်ဆိုးကျိုးများလှပါသည်။ အရက်ပျံ၊ ရေနံဆီ၊ ဓာတ်ဆီ စသည်တို့ကို သောက်မိခြင်း သို့မဟုတ် တိုက်မိခြင်းတို့ကြောင့် အဆုတ်ရောင်ခြင်းမှာ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသော အဆိပ်သင့်ခြင်းပင် ဖြစ်ပါသည်။ အချို့ကလေးများသည် သစ်ပင်၏ အရွက်၊ ပန်းပွင့်တို့ကို စားကြည့်၊ ၀ါးကြည့်၍စူးစမ်းကြည့်တတ်ကြပါသည်။


မတော်တဆမဟုတ်သော အဆိပ်သင့်မှုများ (Non-accidentalPoisoning)

အချို့မိဘများ၊ ဦလေးအဒေါ်များသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ကလေးအပေါ် ထွက်ပေါက်ရှာတတ်ကြပြီး ကလေးအား နည်းမျိုးစုံဖြင့် နှိပ်စက်တတ်ကြသည်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်မျိုးစုံ ( ဥပမာ - မီးပူဖြင့် ကပ်ထားသောဒဏ်ရာ၊ ကြိမ်လုံးဖြင့် ရိုက်ထားသော ဒဏ်ရာများအပြင် ကလေးအား ဥပါဒ်ဖြစ်စေသော ဆေးများကို တိုက်ကျွေးကာ နှိပ်စက်တတ်ကြသည်။ ဥပမာ ကလေးဝမ်းလျှောစေသော ဆေးများ၊ ဖျားနာစေသော ဆေးများ စသည်တို့ဖြစ်ကြပါသည်။


ကြောက်မက်ဖွယ် အဆိပ်သင့်စေသော ဆေးများမှာ စိတ်ငြိမ်ဆေး၊ အိပ်ဆေးများဖြစ်သည့် ဖီနိုဘာဘီတုန်း၊ ဒိုင်အစီပန် Diazepam စသောဆေးများဖြစ်သည်။ အိပ်လွန်းခြင်း၊ သတိလစ်ခြင်းတို့အပြင် ကလေးငယ်များတွင် အသက်ရှုခြင်းကို ထိခိုက်စေပါသည်။ ၀က်ရူးပြန်ရောဂါတွင် အသုံးပြုသောဆေးများ ဥပမာ Tegretol၊ ရေငတ်ခြင်း၊ တက်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ ကြမ်းတမ်းခက်ထန်သော အမူအရာများ ပြုလုပ်ခြင်းတို့ဖြစ်တတ်ပါသည်။


ကိုဒင်းပါသော ချောင်းဆိုးပျောက်ဆေးများ

ရိုးရိုးချောင်းဆိုးပျောက်ဆေးများ အလွန်အကျွံသောက်မိ၍ အိပ်လွန်းခြင်းမျှသာဖြစ်နိုင်သော်လည်း ကိုဒင်းပါသော ဆေးများကြောင့်အသက်ရှုခြင်းကို လျော့ကျစေပါသည်။


နှလုံးဆေးများ

Digoxin စသောနှလုံးရောဂါအတွက် ဆေးများကား လွန်စွာအန္တရာယ်ကြီးပါသည်။ ဆေးပြားအနည်းငယ်မျှကို ကလေးသောက်မိလျှင်ပင် အသက်ဆုံးရှုံးနိုင်ပါသည်။


၀မ်းပိတ်ဆေးများ

ထိုဆေးများသည် ဘိန်းမည်းကဲ့သို့သော အာနိသင်ရှိသည်။ ရှေးအခါက တရုတ်နိုင်ငံတွင် ၀မ်းပျက်ဝမ်းလျှောဖြစ်လျှင် ဘိန်းအနည်းငယ်ခွံ့ကျွေးလေ့ရှိသည်။ ကြာလာလျှင် အသက်ရှုခြင်းကို လျော့စေသော သဘောရှိပါသည်။ ထို့ပြင် လတ်တလော အခြေအနေတွင်ဝမ်းပိတ်ဆေး၏ သဘောသည် အူလမ်းကြောင်း လှုပ်ရှားမှုနည်းပါးလျှင်ဝမ်းလည်း ထွက်မလာပေ။ ထိုသို့ဖြစ်ခြင်းကို ၀မ်းရပ်သွားပြီဟူ၍ကျေနပ်နေကြသည်။ စင်စစ် အူတွင်း၌ ဖောင်းပွနေပြီးရောဂါဖြစ်စေသော ပိုးမွှားများပျံ့နှံ့မှုကို ပင် ပို၍ဖြစ်စေပါသည်။


သံဓာတ်အားဆေး


သံဓာတ်အားဆေး လိုသည်ထက်ပို၍စားသုံးမိပါက အလွန်အဆိပ်ပြင်းပါသည်။ အန်ခြင်း၊ သွေးပါအန်ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ သွေးလန့်ခြင်း၊ တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း စသည်တို့ဖြစ်လာနိုင်ပါသည်။


ပါရာစီတမော

ပါရာစီတမော သောက်ခြင်းလွန်စွာလွန်ကဲလာလျှင် အသည်းကလာပ်စည်းများ ပျက်စီးသွားတတ်ပါသည်။


အကိုက်အခဲပျောက်ဆေးများ

အက်ပရင် အစရှိသော အကိုက်အခဲပျောက်ဆေးများသည် အန်ခြင်း၊ ကျောက်ကပ်နှင့် အသည်းထိခိုက်ခြင်း၊ သွေးယိုစီးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။


အအန်ပျောက်ဆေးများ

လိုအပ်သော အတိုင်းအတာထက်လွန်ကဲစွာ သောက်မိပါက မှိန်းလွန်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ စသည်တို့ဖြစ််ပေါ်နိုင်ပါသည်။သို့ဖြစ်၍ ကလေးများအန်လျှင် အန်တိုင်းမတိုက်မိစေရန် အထူးသတိပြုရပါမည်။


ရင်ကျပ်ပျောက်ဆေးများ

အမိုင်နို၊ ဗင်တိုလင် စသော ရင်ကျပ်ပျောက်ဆေးများ လွန်ကဲစွာသောက်မိလျှင် ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ပျော့ခွေသွားခြင်း၊ သွေးပေါက်ချိန်ကျခြင်း စသည့်လွန်စွာအန္တရာယ်များသည့် လက္ခဏာများ ဖြစ်လာတတ်ပါသည်။


အဆိပ်သင့်စေသော အိမ်သုံးပစ္စည်းများ

- အရက်ပြန်ပါ၀င်သော ရေမွှေးများ

- ချေး (ကြေး) ချွတ်ဆေးများ

- ပန်းကန်ဆေးအရည်များ၊ ခေါင်းလျှော်ရည်များ ( ပမာဏများမှာ အန္တရာယ်ပြုပါသည်) 

- လက်သည်းဆိုးဆေး ချွတ်ဆေးများ

- အိမ်သုတ်ဆေးများ အထူးသဖြင့် “ခဲ” ပါသော အိမ်သုတ်ဆေးများ၊ ရေနံဆီသုံးရသော အိမ်သုတ်ဆေးများ၊

- ကြွက်သတ်ဆေးများ


အန္တရာယ်ပို၍များသော အိမ်သုံးပစ္စည်းများ

အရက်၊ အရက်ပြန်

သွေးထဲ၌ အချိုဓာတ်ကိုလျော့စေသဖြင့် တက်ခြင်း၊ သတိလစ်ခြင်းများဖြစ်နိုင်ပါသည်။


အက်စစ်

အစာအိမ်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ကျဉ်းမြောင်းခြင်းတို့ကို ဖြစ်စေပါသည်။ 


ပန်းကန်ဆေးရာ၌သုံးသော ပစ္စည်း

နှုတ်ခမ်းလောင်ခြင်း၊ အစာရေမျိုအနာဖြစ်ခြင်း၊ ကျဉ်းမြောင်းခြင်း စသည်တို့ကို ဖြစ်စေပါသည်။


ပရုပ်လုံး၊ ပရုပ်ပါသော အဆီ

လွန်စွာ အန္တရာယ်ပြုပါသည်။ အဆီပါသောအခါ ပို၍အူမှစုပ်ယူပြီး၊ ဦးနှောက်အတွင်းသို့ မြန်မြန်ရောက်နိုင်ပါသည်။ ကယောင်ကတမ်းဖြစ်ခြင်း၊ တောင့်တင်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။


ဘက်ထရီ

ဘက်ထရီ အဝိုင်းသေးသေးလေးများကို ကလေးများဆော့ကစားရင်း မျိုမိနိုင်သည်။ အထူးသဖြင့် ပြဒါး (မာကျူရီ ) ပါသောဘက်ထရီများသည် အဆိပ်ပိုပြင်းပါသည်။ အစာလမ်းကြောင်းတစ်နေရာတွင်ကြာရှည်စွာရှိနေပါက လောင်စေပြီး အနာပေါက်ခြင်၊ အူပေါက်ခြင်းတို့ဖြစ်စေနိုင်ပါသည်။


ကာဗွန်မိုနော့ဆိုက်ဒ်

အိမ်တွင်းဓာတ်ငွေ့များမှ ထွက်ပြီးအသက်သေစေနိုင်ပါသည်။ အောက်ဆီဂျင်ဓာတ်ကို သွေးထဲရှိဟေမိုဂလိုဘင်က မသယ်ဆောင်နိုင်သဖြင့် အောက်ဆီဂျင်မရသဖြင့် သေဆုံးရခြင်းဖြစ်သည်။ သို့မဟုတ် မီးစက်၊ လေအေးစက်သုံးသူများ သတိပြုရပါမည်။


ပိုးသတ်ဆေးများ

စိုက်ခင်းများတွင်သုံးသော လင်ဒိန်း၊ ဒီဒီတီစသည်တို့ကြောင့် ကြွက်သားများ တဆက်ဆက်ဖြစ်ခြင်း၊ တက်ခြင်းတို့ဖြစ်စေပါသည်။ ထို့ပြင် အန်ခြင်း၊ ကျပ်ခြင်းတို့လည်း ဖြစ်စေပြီးသေစေနိုင်ပါသည်။


အငွေ့ပျံသောအဆီများ

ဓာတ်ဆီ၊ ရေနံဆီစသည်အဆုတ်လွန်စွာ ရောင်ခြင်းသည် အသက်အန္တရာယ်ကို လွန်စွာဖြစ်စေပါသည်။ တစ်ချက်ရှိုက်လိုက်၍တစ်စက်မျှအဆုတ်တွင်းသို့ဝင်သွားလျှင်ပင်လွန်စွာ အဆုတ်ရောင်စေပါသည်။


ကာကွယ်ကြပါ

ပညာပေးခြင်း အဓိကမှာမိဘများနှင့် အိမ်သူအိမ်သားများသည် ဆေးများအကြောင်း၊ အန္တရာယ်ရှိသော အိ်မ်သုံးပစ္စည်းများအကြောင်း သိရှိစေရန် ပညာပေးရပါမည်။


လုံခြုံစွာထားခြင်း

အန္တရာယ်ရှိသော ဆေးများ၊ ပစ္စည်းများကို ကလေးဖွင့်ရန် ခက်သည့်အဖုံးများ တပ်ဆင်ခြင်း


- ကလေးမမီသော နေရာ၌စနစ်တကျထားခြင်း

- ပုလင်းတိုင်း ဆေးအမည်ကိုပီသစွာရေးထားခြင်း

- ဆေးများနှင့် အိမ်သုံးပစ္စည်း ဥပမာ ကြွက်သတ်ဆေး၊ ရေမွှေး၊ ခြင်ဆေး စသည်တို့နှင့် ရောနှောမထားခြင်း

- ဖြစ်နိုင်လျှင် ဆေးများကိုဗီရိုထဲ၌သိမ်း၍ သော့ခတ်ထားခြင်း

တို့ဖြင့် “ကလေး” နှင့် “အဆိပ်” ကိုခွဲခြား၍ထားနိုင်ပါစေကြောင်း မိဘများအား အသိပေးလိုက်ရပါသည်။


Credit : Dr.Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18