Print

အရွယ်တင်နုပျိုခြင်း၏ အကြောင်းအရင်းများ

  18-Jun-2020
Preview Image

          အရွယ်တင်နုပျိုခြင်း၏ အကြောင်းအရင်းများကို ၁၀ နှစ်ကြာ လေ့လာခဲ့ကြရာတွင် ကိုယ်နှင့်စိတ်၏ ကျန်းမာခြင်း၊ မျိုးရိုးဗီဇလိုက်ခြင်း စသည့်အချက်များသည် အရွယ်တင်ခြင်းနှင့် ဆက်နွယ်နေကြောင်း အောက်ပါအတိုင်း တွေ့ရပေသည်။


၁။ အရွယ်တင် နုပျိုနေသူတို့သည် သူတို့ဖြတ်သန်းခဲ့ရသော ဘဝခရီးတစ်လျှောက်တွင် အကောင်းမြင်မှု၊ စိတ်ပျော်ရွှင်မှု၊ စိတ်ကူးယဉ်မှုတို့ဖြင့် ကျော်လွန်လေ့ရှိကြပြီး အိမ်ထောင်ရေး၊ ဖိုမဆက်ဆံရေးကိစ္စများတွင် အထူးစိတ်အားထက်သန့်ခဲ့ကြသည်။ “ငါ” အိုပြီ၊ အသက်ကြီးပြီ ဟူသောအတွေးများကို မေ့ဖျောက်ထားကြသည်။

၂။ အသက်အရွယ်မရွေး လူအမျိုးမျိုးနှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလေ့ရှိကြသည်။

၃။ သားသမီးမရှိသူများ ရှိလျှင်လည်း သားသမီး အသင့်အတင့်သာရှိသော မိသားစုကို ဖန်တီးကြသူများဖြစ်သည်။

၄။ သွက်လက်စွာ လှုပ်ရှားသွားလာနေလေ့ရှိကြပြီး ကိုယ်လက်လှုပ်ရှားမှု အားကစားပြိုင်ပွဲများနှင့် တောင်တက်ခြင်းကဲ့သို့သော အပြင်းအထန် ကျန်းမာလေ့ကျင့်လှုပ်ရှားမှုများတွင် ပါဝင်နေကြကြောင်း တွေ့ရပေသည်။

၅။ နှစ်ခြိုက်စွာ အိပ်ပျော်ကြပြီး အိပ်ရာနိုးချိန်တွင် အားအင်ပြည့်ဝ ကောင်းမွန်စွာ သွားလာနေလေ့ရှိကြသည်။

၆။ ဝဖြိုးခြင်း၊ ပိန်လွန်းခြင်း မရှိဘဲ သင့်တင့်သော ကိုယ်လုံးကိုယ်ပေါက်ရှိကြသည်။

၇။ မကြာခဏ ခရီးသွားခြင်း၊ အပန်းဖြေခရီးထွက်ခြင်း ပြုလုပ်လေ့ရှိကြသည်။

၈။ အနည်းငယ်လျော့သော သို့မဟုတ် ပုံမှန်အတိုင်းရှိသော သွေးပေါင်ချိန်ကို ထိန်းသိမ်းထားလေ့ရှိကြသည်။

၉။ စာဖတ်ခြင်းကို ပိုမို ပြုလုပ်ကြပြီး တီဗွီကြည့်သည့် အလေ့အထ နည်းပါးကြသည်။ မိမိကျော်ဖြတ်ခဲ့သည့် အတိတ်ကာလ အဖြစ်အပျက်များ၊ အတွေ့အကြုံများကို ပြန်တွေးရင်း ပြုပြင်တည်ဆောက်လေ့ ရှိကြသည်။

၁၀။ မိဘများမှာ များသောအားဖြင့် ကျန်းမာသော သက်ကြီးရွယ်အိုများ ဘဝဖြင့် နေထိုင်သွားလာလေ့ ရှိကြသူများ ဖြစ်ကြသည်။


          ယင်းတို့အထဲတွင် ၁၀ ရာခိုင်နှုန်းခန့်မှာ သတ်သတ်လွတ် စားသူများဖြစ်ကြပြီး အများစုမှာ လူမှုရေးအရသာ အရက်သောက်သုံးလေ့ရှိကြသည်။ ဆေးလိပ်လုံးဝ မသောက်သူများနှင့် ဆေးလိပ်သောက်သူများ၏ အရွယ်တင်ခြင်းဆိုင်ရာ နှိုင်းယှဉ်မှုသည် ၂၀း၁ ဖြစ်နေပြီး ဆေးလိပ်သောက်ခြင်းသည် အရွယ်မတိုင်မီ လူ့အရေပြားများကို စောစီးစွာ အိုမင်းစေနိုင်ကြောင်း တွေ့ရသည်။


          အထက်ပါ အချက်အလက်များကို လေ့လာခြင်းဖြင့် မျိုးရိုးလိုက်ပြီး အသက်ရှည်နုပျိုခြင်းမှလွဲ၍ ကျန်အချက်များဖြစ်သော စားသောက်နေထိုင်မှု၊ စိတ်ကျန်းမာမှု စသည်များသည် လူတိုင်းလိုက်နာဆောင်ရွက်နိုင်ကြောင်း သိနိုင်သည်။


ကိုယ်လက်လှုပ်ရှားမှု

          ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုပြုရန်မှာ အလွန်အရေးပါသောအချက်တစ်ချက်ပင် ဖြစ်သည်။ ထိုသို့ကျန်းမာရေးလိုက်စားခြင်းသည် ခန္ဓာကိုယ် နုပျိုသန်စွမ်းစေသည်သာမက အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကောင်းကျိုးပြုသည်။ ပုံမှန် လေ့ကျင့်လှုပ်ရှားမှုတို့သည် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ကြရသည်။

          အစပိုင်းတွင် ပြင်းပြင်းထန်ထန်မလုပ်လိုသေးပါက လမ်းလျှောက်ခြင်းမှ စပါ။ လမ်းလျှောက်ခြင်းကို မိမိလုပ်နိုင်သည်ထက်ပို၍ လျင်လျင်မြန်မြန်နှင့် ခရီးရောက်သော လေ့ကျင့်ခန်းအဖြစ် မြှင့်တင်နိုင်သည်။ အမြန်လမ်းလျှောက်ခြင်းကို မိနစ် ၂၀ မှ မိနစ် ၃၀ ခန့်၊ ရက်သတ္တပတ်လျှင် သုံးကြိမ်ခန့် အနည်းဆုံးလုပ်နိုင်ပါက မိမိ၏ သက်လုံကောင်းမွန်တိုးတက်လာပါလိမ့်မည်။ နေ့စဉ် သွားလာလုပ်ကိုင်နေရသော မိမိ၏ လုပ်ငန်းဆောင်တာများကို အမြန်ပြုလုပ်ခြင်း၊ မိမိအိမ်၊ အလုပ်ဌာန၊ ပတ်ဝန်းကျင်တို့တွင် ကိုယ်လက်လှုပ်ရှားမှု အသစ်အဆန်းများကို ပိုမိုလုပ်ဆောင်ခြင်းတို့အား စိတ်ဝင်စားစွာ ဆောင်ရွက်သင့်သည်။

          လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ထိုမှတစ်ဆင့် တဖြည်းဖြည်းမြှင့်တင်ပေးခြင်းဖြင့် မိမိ၏ ကျန်မာသော ဘဝပေးအခြေအနေကို ရယူနိုင်သည်။ ကခုန်ခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်ကစားခြင်း၊ ကိုယ်ခန္ဓာအလှကစားခြင်း စသည်တို့သည် မိမိ၏ ခန္ဓာကိုယ်ပြေပြစ်မှုအတွက် အထူးသင့်လျော်သည်။

          ကိုယ်လက်လှုပ်ရှားမှုသည် မိမိ၏ ကိုယ်အလေးချိန်ကို ကျဆင်းကာ မျှတစေပြီး အဆီပိုများကို ဖယ်ရှားစေသည်။ အပြင်းအထန် ကိုယ်လက်လှုပ်ရှားလိုက်ပါက ခန္ဓာကိုယ်၏ ဇီဝဖြစ်ပေါ်ပြောင်းလဲမှုမှာ နာရီအတော်ကြာ မြင့်တက်လာသည်။ ထိုမှ အဆီပိုများ လောင်ကျွမ်းဖယ်ရှားပစ်သည်။ အေရိုးဗစ်ကစားပါက လူနာ၏ ဆာလောင်မွတ်သိပ်မှုမှာ လျော့ကျသွားလေ့ရှိသည်။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားလိုက်ပါက “Growth Hormone” ခေါ် လူ့ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဟော်မုန်း အနည်းငယ် ထွက်လာစေပြီး ကြွက်သားများကို ကျစ်လျစ်သန်စွမ်းစေကြောင်း သိရသည်။


Credit : ဆရာဝန် မင်းသိုက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18