Print

နေကိုကြောက်တဲ့ အရေပြားရောဂါများ

  04-Jun-2020
Preview Image

နေထိမှာကြောက်ရတဲ့ အရေပြားရောဂါတွေ ရှင်းပြပါဆရာ. . .

          အများကြီးရှိတာမို့ အရေးကြီးတဲ့ ရောဂါတွေကို အရင်ပြောပြမယ်။ SLE လို့ ဆေးပညာမှာခေါ်ပြီး အရေပြားလေးဖက်နာလို့ မြန်မာမှုပြုထားတဲ့ နာတာရှည်ရောဂါကြီးဟာ နေရောင်ခြည်ကို အလွန်ကြောက်တဲ့ ရောဂါပါ။ ဒီရောဂါရှိပြီလို့ ဆရာဝန်က ရောဂါနာမည်တပ်ပေးလိုက်ပြီးတဲ့ နောက်မှာ လူနာကို ပထမဆုံးအကြံပြုမှာကတော့ နေပူကို တတ်နိုင်သမျှ ရှောင်ဖို့ပါပဲ။

          ဒီရောဂါဖြစ်သူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော် အရေပြား လက္ခဏာရှိနေတတ်ပါတယ်။ နီရဲနေတဲ့ အကွက်တွေပါ။ ဖောင်းဖောင်းကြွကြွလည်း ဖြစ်ချင်ဖြစ်မယ်။ အရေပြားနဲ့ တစ်သားတည်းဖြစ်ချင်လည်း ဖြစ်မယ်။ အသားဖြူတဲ့လူဆိုရင် ဒီအကွက်တွေက ပိုပြီးမြင်သာတယ်။ နေရောင်ခြည်အများဆုံးထိနိုင်တဲ့ မျက်နှာနဲ့ ခြေလက်တွေမှာ အတွေ့များပါတယ်။ မျက်နှာမှာဆိုရင် ရင်ခေါင်းနဲ့ ဟိုဘက်ဒီဘက် ပါးနှစ်ဖက်မှာ ညီညီညာညာ လိပ်ပြာတောင်ပံ ပုံသဏ္ဍာန်အကွက် တွေ့ရတတ်လို့ Butterfly Rash လို့တောင် ခေါ်ကြပါတယ်။ ဒီလိုမျိုး အကွက်တွေ့တာနဲ့ ဆရာဝန်တွေက SLE များ ဖြစ်လေမလားဆိုပြီး ချက်ချင်းကောက်ချက်ဆွဲလေ့ ရှိပါတယ်။ ဆံပင်လည်း ကျွတ်သလားမမေးနဲ့၊ အရမ်းပါးသွားတတ်ပါတယ်။

          နေပြင်းပြင်းထိရင် ရောဂါတိုးပါတယ်။ အရေပြားအပြင် ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါတွေဖြစ်တဲ့ အရိုး၊ အဆစ်၊ ကျောက်ကပ်၊ နှလုံးစတဲ့ အစိတ်အပိုင်းတွေပါ ထိခိုက်တတ်တာမို့ သတိထားစရာကောင်းတဲ့ ရောဂါဆိုးကြီးပါ။


အခြားရောဂါတွေရော ဒီလိုပဲ ယားသလားဆရာ . . .

          DLE ဆိုတဲ့ အရေပြားရောဂါတစ်မျိုး ရှိသေးတယ်။ ဒီရောဂါ SLE နဲ့ သဘာဝ တရားချင်း ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် SLE လို အခြားကိုယ်တွင်းအင်္ဂါတွေ ထိခိုက်မှုမရှိဘူး။ အကွက်တွေကတော့ SLE လိုပဲ နေထိတဲ့ဦးခေါင်း၊ မျက်နှာ၊ နဖူး၊ နှုတ်ခမ်း၊ နား၊ လည်ပင်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။ သေချာကြည့်ရင် နီရဲရဲ အကွက်ပေါ်မှာ အကြေးဖွံလေးတွေရှိပြီး ကြာရင်တော့ အဲဒီနေရာတွေက နည်းနည်ချိုင့်သွားတယ်။ နောက်ပြီး ခရုသင်းလိုအဖြူကွက်တွေ ဖြစ်သွားပါတယ်။ ဒီရောဂါကလည်း နေရှောင်ရမဲ့ရောဂါပါ။ DLE ကနေပြီး အခန့်မသင့်ရင် ပိုဆိုးတဲ့ SLE ကို ပြောင်းသွားနိုင်ပါတယ်။


အခြား ဘယ်လိုအရေပြားရောဂါတွေ ရှိပါသေးလဲဆရာ . . .

          ပယ်လာဂရာ (Pellagra) လို့ ခေါ်တဲ့ အရက်ချိုးနာဟာလည်း နေရောင်ကြောက်ပါတယ်။ အရက်သမားတွေမှာ အာဟာရမမျှတဘဲ နိုင်ယာစင်ဓာတ်ချို့တဲ့ပြီးဖြစ်တဲ့အတွက် ဒီရောဂါကို အရက်ချိုးနာလို့ခေါ်လိုက်ရပေမယ့် အခြားအကြောင်းကြောင်းတွေကြောင့် နိုင်ယာစင်ဓာတ်ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီအရက်ချိုးနာမှာလည်း နေထိတဲ့မျက်နှာ၊ နားရွက်၊ လည်ပင်း၊ လက်ဖမိုး၊ ခြေဖမိုးတွေမှာ အရေပြားလောင်ပြီး နီရဲကြွပ်နေလို့ အချို့ကလည်း အရက်လောင်တာလို့ သမုတ်ကြပါသေးတယ်။


ဝက်ခြံပေါက်ရင် နေရှောင်ဖို့ လိုပါသလား . . .

          နေရောင်ကြောင့် ဝက်ခြံပိုဆိုးသွားတာမျိုးမရှိပေမယ့် အညိုအမည်းကွက်တွေဟာ နေပူထိရင် ပိုဆိုးစေပါတယ်။ ဒါကြောင့် ရှောင်တာကောင်းတာပေါ့။

          ဒီနေရာမှာ ဝက်ခြံနဲ့ခပ်ဆင်ဆင်တူတဲ့ ရိုဆာစီယာ (Rosacea) ဆိုတဲ့ရောဂါတစ်မျိုးကတော့ နေရောင်ခြည်ကို အလွန်ကြောက်ရပါတယ်။ ဝက်ခြံဖုလိုလို၊ မိတ်ဖုလိုလို နီနီရဲရဲအဖုလေးတွေပါ။ ပါးနဲ့နှာခေါင်းပေါ်မှာတွေ့ရပြီး နေပူထိရင်၊ အပူအစပ်စားရင်၊ အရက်သောက်ရင် ဝုန်းခနဲနီရဲဖောင်းကြွသွားတဲ့ အရေပြားရောဂါတစ်မျိုးပါ။ ဒီရောဂါကို မကုဘဲထားရင် နှာခေါင်းကြီးပွရောင်းလာပြီး ငှက်နှုတ်ခမ်းလို ချွန်တက်တက်ဖြစ်လာတာမျိုးအထိ တွေ့ရပါတယ်။


တင်းတိပ်ရှိရင် နေပူထဲမသွားရဖူးလို့ သိရပါတယ်။ ဟုတ်ပါသလားဆရာ . . .

          နေရောင်ဟာ တင်းတိပ်စွဲသွားစေတဲ့၊ ဖြစ်သွားစေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါပါတယ်။ စွဲပြီးသွားတဲ့တင်းတိပ်ကို ပိုမဆိုးရအောင်လည်း နေရှောင်ရမှာပါ။ ဘယ်လိုနည်းနဲ့ပဲ တင်းတိပ်ကို ကုတာဖြစ်ပါစေ၊ ကုသနေစဉ်ကာလမှာ နေကိုလုံးဝရှောင်ရပါမယ်။ တင်းတိပ်ကို နေလောင်ကွက်လို့တောင် အရပ်ခေါ်ကြပါတယ်။

          တစ်လက်စတည်း ခရုသင်း၊ သမင်ဖြူရောဂါလည်း နေရှောင်ဖို့ပြောလိုပါတယ်။ ဒီရောဂါကို နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ‘အေ’ တို့၊ ‘ဘီ’ တို့နဲ့ ကုသနိုင်သလို နေရောင်ခြည်တို့လည်း ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒီရောဂါကြောင့်ဖြစ်နေတဲ့ အရေပြားမှာ နေရောင်ခြည်ရဲ့ဒဏ်ကို ကာကွယ်ပေးတဲ့ မယ်လာရင်လို့ခေါ်တဲ့ အရေပြားဆိုးဆေးတွေ မရှိတော့ အရေပြားကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။

          ဒါကြောင့် ခရုသင်းကွက်တွေ မျက်နှာတို့၊ လက်တို့မှာရှိရင် နေအထူးရှောင်ဖို့ လိုပါတယ်။


ဘယ်လိုနေရှောင်ရမယ်ဆိုတာ အကြံပြုပါဦးဆရာ . . .

          ဆရာတို့နိုင်ငံက အပူပိုင်းဒေသနိုင်ငံဆိုတော့ သဘာဝအရကို နေရောင်ခြည်တော်တော်ပြင်းပါတယ်။ အထူးသဖြင့် အညာဒေသပေါ့။ ဒီနှစ်နွေမှာ ပိုပြီးပူမယ်၊ နေပြင်းမယ်ဆိုပြီး ပြောနေကြတော့ ပိုပြီးဂရုစိုက်ဖို့ လိုမယ်ထင်ပါတယ်။

          ဒါကြောင့် ဆရာဆွေးနွေးပေးခဲ့တဲ့ ရောဂါတွေရှိသည်ဖြစ်စေ၊ ကင်းစင်သည်ဖြစ်စေ နေရှောင်ဖို့ လိုပါတယ်။

          တတ်နိုင်သမျှ နံနက် ၁၀ နာရီနဲ့ ၃ နာရီကြားမှာ နေပူထဲသွားတာ၊ လာတာကို ရှောင်ကြပါ။ မလွှဲမရှောင်သာ သွားရ၊ လာရပြီဆိုရင်လည်း ဦးထုပ်ဖားဖား၊ ခမောက်၊ ထီး စတာတွေဆောင်းရမည့်အပြင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်မယ့် နေကာမျက်မှန်အမျိုးအစားကို တပ်ပါ။ အကျီလက်ရှည်၊ အဖြူရောင် ချည်ထည်ပွပွကို ဝတ်ဆင်သင့်ပါတယ်။ နေထိနိုင်တဲ့နေရာတွေကို (အမျိုးသမီးများဆိုရင်) သနပ်ခါးထူထူ လိမ်းသင့်ပါတယ်။ တတ်နိုင်ရင်တော့ နေရောင်ကာမိတ်ကပ် (Sun Block) ပြင်းအား ၁၅ ကနေ ၃၀ အထိလောက်ကို အပြင်မထွက်ခင် နာရီဝက်လောက် ကြိုလိမ်းသင့်ပါတယ်။ သင်္ကြန်လည်မယ်ဆိုရင်တော့ ရေစိုခံ၊ နေလောင်ခံ မိတ်ကပ်သုံးသင့်ပါတယ်။


ဆရာ့အနေနဲ့ အများပြည်သူတွေကို ဘာများ ထပ်မံအကြံပြုလိုပါသလဲဆရာ . . .

          အစပိုင်းက ဆရာပြောခဲ့သလို နေရောင်ခြည်ဟာ မီးလိုပဲ သူ့ကိုဂရုမစိုက်ရင် လူကိုဒုက္ခပေးတတ်တယ်ဆိုတာ မမေ့ကြပါနဲ့လို့ ထပ်မံသတိပေးချင်တာပါပဲ။

Credit : ဒေါက်တာ ကျော်ကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18