Print

ညစ်ညမ်းတဲ့လေနဲ့ အရေပြား

  04-Apr-2020
Preview Image

လေထဲမှာ ဘာတွေပါ

          အကျိုးပြုတဲ့ အောက်ဆီဂျင်ဓာတ်အပြင် အကျိုးမပြုတဲ့ အခြားဓာတ်ပစ္စည်းတွေလည်း လေထုထဲမှာ အမြောက်အမြားပါဝင်နိုင်ပါတယ်။ ညစ်ညမ်းတဲ့လေထုမှာ ပါနိုင်တာတွေကတော့ PAHs လို့အတိုခေါ်လေ့ရှိတဲ့ Polycyclic Aromatic Hydrocarbon ဓာတ်တွေ၊ VOCs လို့ခေါ်တဲ့ Volatile Organic Compounds၊ Particulate Matter (PM) ဆိုတဲ့ အမှုန်အမွှားတွေ၊ မြေပြင်ရောက် အိုဇုန်းဓာတ်တွေ၊ ဆေးလိပ်ငွေ့တွေ စုံလို့ပါပဲ။


အရေပြားကို ထိခိုက်တဲ့လေ

          လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကျပ်တာ၊ မောတာ၊ နုံးတာ၊ ချောင်းဆိုးတာ၊ ရင်တုန်တာ စတဲ့ ဆိုးကျိုးတွေကို အများက သိကြပေမယ့် အရေပြားရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာကိုတော့ သတိမူမိသူနည်းပါလိမ့်မယ်။ မသန့်ရှင်းတဲ့ လေဟာ နှာခေါင်းကနေ အသက်ရှူလမ်းကြောင်းအတိုင်း တံခါးမရှိ၊ ဓားမရှိ ဝင်သွားနိုင်ပေမယ့် အရေပြားထဲကျတော့ ဝင်လို့မရနိုင်ပါဘူး။ အရေပြားရဲ့ ခံတပ်စွမ်းရည်ကောင်းတာကြောင့် အတိုင်းအတာတစ်ခုအထိ ကြံ့ကြံ့ခိုင်တွန်းလှန်နိုင်တာပါ။ ဒါပေမယ့် မကောင်းတဲ့ လေထဲမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေ၊ အမှုန်အမွှားတွေ၊ မှိုတွေ၊ ဖုန်တွေကတော့ အရေပြားကို နှိပ်စက်ကလူပြုနိုင်ပါတယ်။ ဒီတော့ မသန့်ရှင်းတဲ့ လေထုနဲ့ ထိတွေ့မှုများတဲ့အခါ အရေပြားပြဿနာတွေလည်း ပေါ်လာပါတော့တယ်။


လေမသန့်လို့ ယားတာပါ

          ရေမသန့်လို့ယားတတ်သလို လေမသန့်ရင်လည်း အယားဝေဒနာ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အေတိုးပစ်နှင်းခူအခံရှိတဲ့သူတွေနဲ့ Sensitive Skin ဆိုတဲ့ ခံစားလွယ်တဲ့ အရေပြားပြဿနာရှိတဲ့သူတွေမှာ ပိုပြီးကြုံရနိုင်ပါတယ်။ လေထဲမှာ ပါတဲ့ဖုန်တွေ၊ မီးခိုးတွေ၊ ပိုးတွေ၊ မှိုတွေ၊ ဝတ်မှုန်တွေ၊ ဓာတုပစ္စည်းတွေ၊ တိရစ္ဆာန်တွေရဲ့ အမွေးအမှင်နဲ့ အမှုန်အမွှားတွေဟာ တကယ်တော့ Airborne Allergen ဆိုတဲ့ လေထဲက အလာဂျင်တွေပါပဲ။ အဲဒီအလာဂျင်တွေကြောင့် အလာဂျီဆိုတဲ့ ဓာတ်မတည့်တဲ့ ယားယံမှုတွေ ဖြစ်လာရတာပါ။


လေထုညစ်ညမ်းမှုနဲ့ ဝက်ခြံ

          ဝက်ခြံပေါက်ရခြင်းရဲ့ အခြေခံအချက်တွေထဲမှာ အဆီပေါက်ပိတ်ခြင်းက အဓိကပါဝင်ပါတယ်။ ညစ်ညမ်းတဲ့လေထဲမှာပါတဲ့ ဓာတုပစ္စည်းတွေ၊ ဖုန်တွေ၊ မီးခိုးငွေ့တွေက အဆီပေါက်လေးတွေကို ပိတ်သွားတဲ့အခါ ဝက်ခြံတွေ အစီအရီပေါက်လာပါလေရော။ ဒါကြောင့် မျက်နှာကို စနစ်တကျသန့်စင်ပြီးမှ အိပ်ရာဝင်ဖို့ တိုက်တွန်းရတာပါ။ တစ်နေ့တာအတွင်း မျက်နှာပေါ်မှာ စွန်းထင်းကျန်ရစ်ခဲ့တဲ့ လေထဲက အညစ်အကြေးတွေအပြင် မိတ်ကပ်၊ ပေါင်ဒါစတဲ့ အလှပြင်ပစ္စည်းတွေ ၊ အရေပြားကလာပ်စည်းအသေတွေ၊ အဆီတွေကို ဖယ်ရှားသန့်စင်သင့်ပါတယ်။ မဟုတ်ရင် ရှိပြီးသားဝက်ခြံတွေ ပိုဆိုးနိုင်သလို ဝက်ခြံမပေါက်သေးသူများလည်း ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။

          ဒါကြောင့် ဝက်ခြံရှိသူတွေ၊ ဝက်ခြံပေါက်တတ်သူတွေကတော့ လေထုညစ်ညမ်းတဲ့ ဝန်းကျင်မှာ နေကြရရင် မျက်နှာသန့်ရှင်းရေးကို အလေးပေးကြရမှာပါ။


လေကြောင့်လည်း မည်းနိုင်တယ်

          နေရောင်ကြောင့် အသားမည်းနိုင်တာကို အထူးပြောစရာမလိုပေမယ့် မသန့်ရှင်းတဲ့လေကြောင့် အသားရင့်နိုင်တယ်ဆိုရင် အံ့အားသင့်ကြမှာပါ။ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့တဲ့ PAHs ဆိုတဲ့ လေထဲက ဟိုက်ဒရိုကာဗွန်တွေဟာ အရေပြားထဲက မယ်လနိုဆိုက်ကလာပ်စည်းတွေ လှုံ့ဆော်ပေးနိုင်တယ်လို့ တိရစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနက ဆိုပါတယ်။ အကျိုးဆက်ကတော့ အဲဒီကလာပ်စည်းတွေကနေ မယ်လာနင်ဓာတ်တွေ ပိုထွက်လာပြီး အသားအရေရင့်လာတော့တာပါပဲ။ ဒါကြောင့် တချို့သူတွေ နေပူမမိဘဲ ပတ်ဝန်းကျင် လေမသန့်လို့ မျက်နှာ၊ လည်ပင်းစတဲ့ နေရာတွေမှာ မည်းရင့်လာတာ ဖြစ်မှာပါ။


အရေပြား ရင့်ရော်ခြင်း

          မသန့်ရှင်းတဲ့လေတွေ ကြာကြာရှူရှိုက်ရတော့ အဆုတ်တွေလည်း စောစောစီးစီးပျက်စီးသတဲ့။ ဒီလိုပါပဲ၊ လေထုညစ်ထေးမှုနဲ့ တစ်ချိန်လုံး ထိတွေ့နေရရင် အရေပြားလည်း စောစောစီးစီး အိုစနာကျနိုင်ပါတယ်။ လေထဲက အညစ်အကြေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အောက်ဆီဂျင်အရိုးဓာတ်တွေဟာ အရေပြားကလာပ်စည်းတွေရဲ့ ပုံမှန်ဖွံ့ဖြိုးမှုကို အဟန့်အတားလုပ်ကြလို့ပါပဲ။ ဒီတော့ အရေပြားရဲ့ မူလခံတပ် အရည်အသွေးလည်း ပျက်စီးလာရတော့တာပေါ့။ ဒါကြောင့် ခုခံနိုင်စွမ်းလျော့နည်းလာတဲ့ အရေပြားဟာ အချိန်မတိုင်မီ အိုလာကာ၊ ရှားရှားပါးပါး အရေပြားကင်ဆာဖြစ်တာ စတဲ့ နောက်ဆက်တွဲပြဿနာတွေတောင် ကြုံရနိုင်ပါတယ်။


တို့ရှူတဲ့လေ၊ သတိပြုကြစေ

          ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့အစည်းတစ်ခုက တပ်လှန့်ထားတဲ့ ဆောင်ပုဒ်လေးပါ။ လေထဲက မမြင်ရတဲ့ ရန်သူတွေကို သတိထားဖို့ တိုက်တွန်းထားတာပါ။ တစ်နေ့တစ်ခြား များပြားလာတဲ့ မော်တော်ကားတွေ ဆိုင်ကယ်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ စွန့်ပစ်အမှိုက်တွေဟာ ပိုမိုဆိုးဝါးတဲ့ လေထုညစ်ညမ်းမှုကို ဦးတည်နေမှာပါပဲ။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေဟာလည်း ပတ်ဝန်းကျင်ညစ်ထေးမှုရဲ့ တရားခံတွေပါပဲ။ လိုရင်းပြောရရင် ကျန်းမာသန့်ရှင်းတဲ့လေကို ရှူရှိုက်ရမှ ကျန်းမာကြမှာပေါ့။ အရေပြားလည်း ကျန်းမာဖွံ့ဖြိုးပြီး နှင်းခူ၊ ဝက်ခြံစတဲ့ပြဿနာတွေ လျော့နည်းနိုင်ကြမှာပါ။

Credit : ဒေါက်တာ ကျော်ကျော်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18