Print

နေရောင်ခြည်နဲ့အရေပြား

  28-Jun-2018
Preview Image


          ခရမ်းလွန်ရောင်ခြည်မှာ A, B, C (UVA, UVB, UVC) ဆိုပြီး သုံးမျိုးရှိတယ်။ ရောင်ခြည်လှိုင်းအလျားနဲ့ ပြောရရင် UVC က အတိုဆုံး၊ UVA က အရှည်ဆုံး၊ UVB ကတော့ လှိုင်းအလတ်ပေါ့။ အဲဒီသုံးမျိုးမှာ လှိုင်းအတိုဆုံးက သက်ရောက်မှုအား ပိုများတယ်။ အများဆုံးပဲ။ အရှည်ဆုံး လှိုင်းအလျားရှိ UVA ကတော့ သက်ရောက်မှုအားနည်းတယ်။ အနည်းဆုံးပေါ့။ အဲဒီသုံးမျိုးမှာပဲ UVC ကတော့ အရေပြားကင်ဆာ အများဆုံးဖြစ်စေနိုင်တဲ့အထိ ဆိုးကျိုးပြင်းထန်တယ်။ UVB နဲ့ UVA ကတော့ သူ့လောက်မပြင်းဘူး။ ဒါပေမယ့် သူတို့ကလည်း ဒုက္ခပေးတာပဲ။ ဒါ့ကြောင့် လူတွေ နေပူဒဏ်ခံတာများရင် နေလောင်ဒဏ်ကတစ်ဆင့် အရေပြားရောဂါ ပြဿနာတွေ ကြုံလာရတယ်။ UVA, UVB, UVC သုံးမျိုးမှာ UVC ကို အိုဇုန်းလွှာက စုပ်ယူထားတဲ့အတွက် ကမ္ဘာမြေပေါ်ကို မရောက်နိုင်ဘူး။ ဒါပေမဲ့ UVA နှင့် UVB ကတော့ ရောက်တယ်။ အဲဒီနှစ်မျိုးမှာ UVB က Glass Window ကို မဖြတ်ဘူး။ UVA ကတော့ အခန်းထဲမှာ နေအလင်းရောင်ရှိနေရင် သူ့ရဲ့ သက်ရောက်မှုကို ရှိနေတယ်။ အဲဒီ UV သုံးမျိုးစလုံးက ပြင်းအားအနည်းအများပဲ ကွာတယ်။ သူတို့ကြောင့် ထိခိုက်မှုကတော့ အားလုံးမှာရှိတယ်။ ဒါ့ကြောင့် နေပူထဲထွက်ရင်၊ ဒါမှမဟုတ် အခန်းတွင်းမှာ ရှိနေပေမယ့် နေသိပ်ပူတဲ့နေ့တွေဆိုရင် နေလေတာတို့၊ အသားအရေ ပူစပ်ပူလောင်ဖြစ်တာတို့ကို ခံစားကြရတာ ဖြစ်တယ်။ ဖြစ်ဖန်များတော့ အရေပြား ပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာတယ်။

          အရေပြားအိုမင်းရင့်ရော်ခြင်းမှာ အဓိက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သဘာဝ အလျောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကြောင့် အိုမင်းရင့်ရော်တဲ့ Intrinsic Aging လို့ခေါ်ပါတယ်။ တစ်ပိုင်းက Extrinsic Aging ခေါ်ပြီး အဓိက နေရောင်ခြည်ကြောင့် ထိခိုက်မှုက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး အရေပြားထိခိုက်ပျက်စီးမှုကို ဖြစ်စေတယ်။ အရေပြားမှာ အလွှာသုံးခုရှိတယ်။ အပေါ်ယံအလွှာ Epidermis ၊ အလယ်လွှာ (Dermis) နဲ့ အောက်ဆုံး အဆီလွှာဆိုပြီး သုံးလွှာရှိတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားအပေါ်ယံအလွှာကို ဖြတ်ပြီး အလယ်လွှာမှာရှိတဲ့ အမျှင်တွေက ရောင်ခြည်တွေကို စုပ်ယူထားရပါတယ်။

          အဲဒီအမျှင်တွေက တစ်ခုနဲ့တစ်ခု ယှက်နေကြတာမျိုး ဖြစ်နေတယ်။ ကြာတော့ အဲဒီ Fiber အမျှင်တွေက ပြတ်တောက်ကုန်တယ်။ ပြတ်ကုန်တဲ့အခါကျတော့ အရေပြားက တင်းတင်းရင်းရင်း မဖြစ်တော့ဘဲ လျော့လာတယ်။ တွန့်လာတယ်။ တချို့နေရာတွေကျတော့ အသားအရောင်ပေးတဲ့ ဆဲလ်တွေက နေရောင်ခြည်ကြောင့် အရောင်ကို ပိုထုတ်ပေးတယ်။ ဒီအခါမှာ အရေပြားပေါ်မှာ အမည်းကွက်တွေပေါ်လာတယ်။ အဲဒီအရောင်ပေးဆဲလ်တွေထဲ တချို့ကတော့ သေသွားပြန်ရော၊ ဒီအခါမှာ အရောင်ထုတ်မပေးနိုင်တဲ့အတွက် အရေပြားမှာ အဖြူရောင်ကွက်တွေ ပေါ်လာတယ်။

          ဒီထက်ဆိုးရင် အရေပြားရဲ့ ပုံမှန်ဇီဝဖြစ်စဉ်တွေ ပျက်စီးမယ်၊ မလိုလားအပ်တဲ့ ဆဲလ်အသစ်တွေ ပွားများလာပြီး အရေပြားကင်ဆာ အဆင့်အထိ ဖြစ်နိုင်တယ်။ အရေပြားကင်ဆာဖြစ်နိုင်တဲ့ သူတွေက များသောအားဖြင့် နေလောင်လွယ်တဲ့ Sun Burn ရလွယ်တဲ့ အသားဖြူတဲ့ လူမျိုးတွေ၊ ကျေးလက်ဒေသက လူမျိုးတွေပေါ့။ အာရှတိုက်က လူမျိုးတွေကတော့ Sun Burn ရဖို့  သိပ်မလွယ်ကြဘူး။ သူတို့ကျတော့ နေရောင်ကြောင့် ထိခိုက်မှုကို ပြန်ပြုပြင်နိုင်တဲ့ Tan ရလွယ်တဲ့ လူမျိုးတွေဖြစ်တယ်။ Sun Burn ရတဲ့သူတွေက အသားတွေ ရဲလာတတ်တယ်။ Tan ရတဲ့သူတွေကျတော့ မရဘဲ မည်းသွားတတ်တယ်။ ကျွန်တော်တို့ သင်္ကြန်နေပူထဲ ရေကစားတာမျိုး၊ ချောင်းသာမှာ ရေကူးတာမျိုးတွေကြောင့် အသားတွေ မည်းသွားတဲ့သဘောပါ။ ဒါ့ကြောင့် အာရှသာမက ကမ္ဘာအရပ်ရပ်နဲ့ ယှဉ်ရင်သြစတြေးလျမှာ အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်နေတာကို တွေ့ရတယ်။

          အဲလိုမျိုးနေရာခြည်က ရရှိနိုင်တဲ့ အရေပြားထိခိုက်ပျက်စီးမှုတွေများလာတော့ ကာကွယ်ဖို့အတွက် တီထွင်ထုတ်လုပ်မှုတွေ ရှိလာတယ်။ လူနေမှုအဆင့်တွေ မြင့်လာတာနဲ့အမျှ အရေပြားဆရာဝန်ကိုလည်း အရင်က ကာလသားရောဂါကုတဲ့သူတွေဆိုတာ လောက်သာ သိထားရာကနေ ပိုပြီး နားလည်လက်ခံလာတာ တွေ့ရပါတယ်။ နောက်တစ်ခါ UV Rays တွေကနေ ကာကွယ်နိုင်ဖို့အတွက် အလှကုန်တွေမှာ တွဲဖက်လို့ပဲဖြစ်ဖြစ်၊ သီးခြားထုတ်လုပ်လို့ပဲဖြစ်ဖြစ်၊ UV Protection ဆိုပြီး ခရင်မ်တွေ လိုးရှင်းတွေ ထုတ်လုပ်လာကြတယ်။ ဒီနေရာမှာ UV Protection ဆိုတိုင်း အသုံးြ့ပုသင့်သလားဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။

          အရေပြားဆရာဝန်တစ်ယောက်အနေနဲ့ UV Protection ဆိုတိုုင်း လက်မခံနိုင်ပါဘူး။ အသုံးပြုမယ့်ပစ္စည်းအပေါ်မှာ SPF 15, SPF 20 အစရှိတဲ့ ခံနိုင်ရည် အဆပမာဏပြတဲ့ သင်္ကေတပါဖို့ လိုပါတယ်။ ဒါကိုလည်း ဒီမှာရှိတဲ စမ်းသပ်ခွင့်ပြုချက်တွေနဲ့ ခွင့်ပြုထားတာမျိုးက ပိုစိတ်ချရပါတယ်။ အဲဒီ SPF (Sun Protection Factor) ဆိုတာက UV ကာကွယ်နိုင်မှုကို ပြတယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ဘူးဆိုတာ နေရောင်ကြောင့် တစ်မိနစ်အကြာမှာ Sun Burn ရတယ်ဆိုပါစို့။ SPF -15 ကို လိမ်းထားတဲ့အတွက် ၁၅ မိနစ်ကြာမှ Sun Burn ရမယ်လို့ဆိုတာပါပဲ။ ဒီတော့ ရာနှုန်းပြည့် မကာကွယ်နိုင်ဘူးဆိုရင် ပိုလိမ်းရင် မကောင်းဘူးလားလို့ မေးစရာရှိတယ်။

          ဥပမာ UV – 70 လိုမျိုးပေါ့။ ဒါက နေရာဒေသ၊ ရာသီဥတုအပေါ် မူတည်ပါတယ်။ တကယ်တော့ အဲဒီ SPF တွေက နေရောင်ကို စစ်ထားတဲ့ သဘောမျိုး အပေါ်မှာ UV တွေ တင်ကျန်တဲ့ သဘောရှိတယ်။ ပူတဲ့သဘောရှိတယ်။ မလိုအပ်ဘဲ ပိုလိမ်းရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ သင်္ကြန်ရေကစားတာမျိုး၊ ချောင်းသာသွားတာမျိုးမှာတော့ လိမ်းသင့်ပါတယ်။ နောက်တစ်ခုပင်လယ်ရေ မျက်နှာပြင်ထက် ပိုမြင့်တဲ့၊ နေနဲ့ပိုနီးတဲ့ တောင်ပေါ်ဒေသမျိုးမှာလည်း လိမ်းလို့ရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ပုံမှန်အားဖြင့် SPF 15, SPF 20 လောက်ဆိုရင် လုံလောက်ပါပြီ။

          နောက်တစ်ခါ လိမ်းတဲ့နေရာမှာ နေပူထဲ မထွက်ခင် ၁၅ မိနစ်လောက် ကြိုလိမ်းဖို့လည်း လိုတယ်။ Skin Care တွေက လိမ်းပြီးပြီးချင်း Action ရတာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် နေပူထဲမထွက်ခင်  ၁၅ မိနစ်လောက် ကြိုလိမ်းသင့်တယ်။ အဲဒီ Lotion တွေဟာ နေရောင်နဲ့ ထိတဲ့အခါ ရေခဲမုန့်လိုပဲ ပျော်ပျက်သွားတဲ့သဘော ရှိပါတယ်။ ဒါ့ကြောင့် ဘယ်လို Lotion ကိုပဲ လိမ်းလိမ်းမနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် နှစ်ကြိမ်လောက် လိမ်းသင့်ပါတယ်။

          အချုပ်ပြောရရင် ရုံးတွင်းမှာ အလုပ်လုပ်ရတဲ့ လူမျိုးတွေအတွက် UV SPF 15 လောက်ဆိုရင် လုံလောက်ပါတယ်။ နေရောင်ထိတွေ့မှုများတဲ့၊ အပြင်ထွက်များတဲ့လူတွေအတွက် နေကာလိမ်းဆေးအပြင် ထီးဆိုရင် အရောင်ရင့်ရင့်ဆောင်တာမျိုး၊ အင်္ကျ ီဆိုရင်အရောင်နုနု၊ ပွပွလက်ရှည် ဝတ်တာမျိုး ဦးထုပ်ဆိုရင် အနားပတ် အဝိုင်းကြီးကြီးပါတာမျိုးတွေကို ဆောင်းပြီး သွားလာလုပ်ကိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။

 

Credit: ဒေါက်တာစိုးဝင်းဦး (အရေပြားအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18