Print

မျက်နှာပေါ်က အဆီဖုလေးတွေ

  30-Oct-2016
Preview Image

တကယ်တော့ မျက်နှာပေါ်မှာ ခပ်ပျော့ပျော့ အဖုလေးတွေ တွေ့တိုင်း အဆီဖုလေးတွေပါလို့ အများ သူငှာတို့က ကောက်ချက်ချလေ့ရှိပါတယ်။ပြောရရင် မျက်နှာပေါ်က အဆီဖု၊ အဆီကျိတ်တွေကို သုံးမျိုးလောက်ခွဲလို့ရပါတယ်။ လိုက်ပိုးမား (Lipoma) ဆိုတဲ့ အရေပြားအောက်ကနေ အဆီကျိတ်၊ ဇံသိုးမား (Xanthoma) ဆိုတဲ့ အရေပြားထဲက အဆီဖုနဲ့ Sebaceous Hyperplasia ဆိုတဲ့ အဆီအိတ်ကြီးထွား လာကြောင့်ဖြစ်တဲ့ အဆီဖုဆိုပြီး သုံးမျိုးရှိပါတယ်။ လိုက်ပိုးမားနဲ့ ဇံသိုးမား အဆီကျိတ်တွေကတော့ ဇရာနဲ့သိပ် ပြီး မသက်ဆိုင်တာမို့ ရှင်းမပြတော့ဘဲ အရေပြားရဲ့ အဆီအိတ်ကြီးထွားတာ (Sebaceous Hyperplasia) အကြောင်းပဲ ဆွေးနွေးသွားမှာပါ။ 

အရေပြားထဲကအဆီအိတ်

အရေပြားရဲ့ အလယ်လွှာထဲမှာ Sbaceous Gland ဆိုတဲ့ အဆီအိတ်တွေရှိပါတယ်။ ခြေဖဝါးကလွှဲရင် ခန္ဓာကိုယ်အနှံ့အပြားမှာ ရှိပါတယ်။ ဒါပေမဲ့ မျက်နှာနှင့် ဦးခေါင်းအရေပြားမှာတော့ ထူထူထပ်ထပ်ကို တွေ့ရ တာပါ။ ဒီအဆီအိတ်တွေဟာ သီးသန့်နေတာထက် မွေးညင်းအိတ်နဲ့ ပူးတွဲပြီးရှိနေတာမို့ တဲ့ အဆီအိတ်နဲ့ ဆံဖြည်အိတ် ယှဉ်တွဲနေတဲ့ အင်္ဂါစာစုပေါ့။ အဆီအိတ်က အဆီတွေကို ပြွန်နဲ့ပဲ အရေပြားပေါ် စွန့်ထုတ်ပါတယ်။ အရေပြားအဆီပေါ့။ ဒီအဆိပ်ဓာတ်တွေကြောင့် အရေပြားဟာ ချောမွေ့စွတ်စိုနေ တာပါ။ ပုံမှန်အဆီအိတ်၊ အဆီပြွန်ကို မမြင်ရပေမယ့် အဆီအိတ်ဟာ အလွန်ကြီးသွားရင်တော့အရေပြား ပေါ်မှာ ဖောင်းကြွနေတဲ့ အဖုအသွင် မြင်ရတော့တာပါ။ ပြောရရင် အရေပြားအလယ်လွှာထဲက ပုံမှန်ရှိနေတဲ့ အဆီအိတ်တွေ အရွယ်ကြီးလွန်းမက ကြီးသွားတာမို့ အရေပြားမျက်နှာပြင်ပေါ်မှာ ထိုးထွက်နေတဲ့ သဘောပါ။

အလှပျက်တဲ့ အသွင်အပြင်

ဒီလိုအဆီအိတ်တွေ ကြီးထွားလာတာကြောင့် အကျိုးဆက်ကတော့ အလှပျက်တာပါပဲ။ မျက်နှာမှာ လည်း အဖြစ်များတာကိုး။ မျက်နှာမှာမှ နဖူး၊ နှာခေါင်း၊ ပါးဆိုတော့ ဖုံးလို့၊ ဖိလို့ မလွယ်ပါဘူး။ ရှားရှားပါးပါး ရင်ဘတ်နဲ့ ရင်သားမှာလည်း ဖြစ်နိုင်ပါတယ်။ အဆီအိတ်ဆိုတော့ ညိုဝါအောင် ဒါမှမဟုတ် ဖြူဝါ၀ါအရောင်ပါ။ ကိုင်ကြည့်ရင် ပျော့စိစိပါပဲ။ မာမာခဲခဲ မဟုတ်ရပါဘူး။ အဖုလေးတွေက များသောအားဖြင့် မီးခြစ်ဆံခေါင်းသာသာ အရွယ်ပါ။ တချို့ကျတော့ ကုလားပဲစေ့အရွယ်အထိ ကြီးတာမျိုးရှိပါတယ်။ တစ်လုံးစ၊ နှစ်လုံးစလောက်အထိ ရှိတတ်သလို တချို့ကျတော့ အများကြီးလိို တွေ့ရတတ်ပါတယ်။ အဖုလုံးလေးတွေ များလေ၊ ဖုံးရ၊ ဖိရခက်လေပါ။ သေချာအနီးကပ်ကြည့်ရင် အဆီဖုလေးတွေက နည်းနည်း ချိုင့်ဝင်နေပြီး မျက်နှာပြင်ဟာ မညီမညာပါ။ အဖုရဲ့ဘေးပတ်လည်မှာလည်း ဆံခြည်မျှင်သွေးကြောတွေ ထုံးနေတာတွေ့ရမှာပါ။ နာလည်း မနာ၊ ယားလည်းမယား၊ မှည့်ပြီးပြည်ဝတ်လည်းမထွက်၊ ဘာသိဘာသာ နေတဲ့ အဆီဖုလေးတွေပါ။ ပြောရရင်နောင်တစ်ချိန်မှာ ကင်ဆာလည်း ဖြစ်မသွားနိုင်ပါဘူး။

ဇရာရဲ့လက္ခဏာ

အဆီအိတ်ကြောင့်ဖြစ်တဲ့ ပြဿသနာပမယ့် လူငယ်၊ လူရွယ်တွေမှာလို ၀က်ခြံပေါက်တာ မဟုတ်ပါဘူး။ အသက်အရွယ်ရလာတဲ့အခါ လူကြီးပိုင်း လူအိုပိုင်းရောက်လာတဲ့အခါမှာမှ ထွက်လာတတ်တဲ့ အဆီဖုလေး တွေပါ။ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ တွေ့ရနိုင်တဲ့ကိစ္စပါ။ ဒီလိုအဆီဖုလေးတွေကို အသက်ကြီးရင့် လေ၊ ပိုပြီးတွေ့ရလေပါ။ တကယ်တော့ တခြားဇရာရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီဘိုးရစ်ကာရာတိုးစစ် (Seborrhic Keratosis) ဆိုတဲ့ ညိုညိုမည်းမည်း မှဲ့လိုအသားဖုတွေ၊ တိုးလိုးတွဲလောင်းအသားပို လေးတွေ၊ ညိုပြာပြာနေလောင်ကွက် တွေလည်း တစ်ချိန်တည်း၊ တစ်ပြိုင် တည်း မျက်နှာပေါ်မှာတွေ့ရတတ်ပါတယ်။ ဒီတော့ ခြုံပြောရမယ်ဆိုရင် ဇရာထောင်းနေတဲ့ ရုပ်သွင်ပါပဲ။ဒါပေမဲ့ ကိုယ်ခံအားကျဆင်းနေတဲ့သူတွေမှာတော့ ဒီပြဿနာ တွေ့ရများပါတယ်။ ပြောရရင်လေ့လာမှု တစ်ခုအရ စိုင်ကလိုစပိုရင်-အေ (Cyclosporin-A) ဆိုတဲ့ ကိုယ်ခံအားကျဆေးကို ရေရှည်စွဲသောက်နေရတဲ့ သူတွေမှာ အတွေ့များတာမို့ပါ။ ဘာလို့ အဆီအိတ်တွေကြီးလာရတာလည်း အရေပြားထဲက အဆီအိတ်တွေ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ပြီးတော့ အဆီထွက်ရှိမှုဟာ သွေးထဲက အင်ဒရိုဂျင် (Androgen) ဟော်မုန်းဓာတ်ပေါ်မှာ မူတည်ပါတယ်။ လူပျို၊ အပျိုဝင်တဲ့အချိန်မှာ ဒီဟော်မုန်းဓာတ်တွေ များ လာလို့ အဆီအိတ်တွေလည်း ဖွံ့ဖြိုးပြီးအဆီတွေ ပိုထွက်လာတာပါ။ အဲဒီအဆီတွေကြောင့် အခန့်မသင့်ရင် ၀က်ခြံဖုတွေ ထွက်လာတာပါ။ တကယ်တော့ အသက်ကြီးလေ အင်ဒရိုဂျင်ဟော်မုန်းတွေ နည်းသွားလေမို့ အဆီအိတ်တွေလည်း ပိုမိုဖွံ့ဖြိုးလာစရာ အကြောင်းမရှိပါဘူး။ 

ဒါတွေနဲ့လည်း မှာတတ်တယ်

ခက်တာက ပြောလို့သာ လွယ်တာပါ။ မျက်နှာပေါ်မှာ တခြားအဖု၊ အပျဉ်၊ အကျိတ်သေးသေးလေး တွေလည်း ရှိတတ်လေတော့ အတွေ့အကြံုမရှိရင် တစ်ခုနဲ့တစ်ခု ခွဲခြားရခက်ပါတယ်။ အခုပြောနေတဲ့ အဆီအိတ်ကြီးထွားလို့ ပေါ်လာတဲ့အဖုငယ်လေးတွေနဲ့ မှားနိုင်တဲ့ တခြားပြဿနာတွေကတော့ အများကြီးပါ။ BCC ဆိုတဲ့ အရေပြားကင်ဆာတစ်မျိုးနဲ့လည်း ဆင်တူပါတယ်။ အဖုလေးကလည်း အများအားဖြင့် နှခေါင်းနားနာ အလယ်ကလည်း နည်းနည်းချိုင့်ဝင်နေတော့ မှားချင်စရာပါ။ နောက်ပြီး အသားပို (Achocordon) နဲ့လည်း ခပ်ဆင်ဆင်ပါ။ ဒါပေမဲ့ အသားပိုကတော့ အရေပြားပေါ်မှာ ထိုးထိုးထောင်ထောင် ရှိတာ များပါတယ်။ နောက်ပြီး အရေပြားပေါ်မှာ ဖြူတူတူ ပြောင်လက်လက် မီးခြစ်ဆံခေါင်း အလုံးလေး တွေအဖြစ်တွေ့ရတဲ့ မီလီရာ (Milia) ဆိုတဲ့ ပြဿနာတစ်မျိုးနဲ့လည်း မှားနိုင်ပါတယ်။ 

ကုလို့ မခက်ပါ

တကယ်တော့ ဒီအလှပျက်စေတဲ့ဇရာအို အမှတ်တံဆိပ်အဆီဖုလေးတွေကို ကုရတာ မခက်ပါဘူး အီလက်ထရိုကော်ထရီ (Electrocautery) ဆိုတဲ့ လျှပ်စစ်အပူဓာတ်နဲ့ ကုသနည်းလမ်းရှိပါတယ်။ ဒါမှမဟုတ် လေဆာကုထုံးပေါ့။ သေချာကုရင် အမာရွက်လည်း မကျန်တတ်ပါဘူး။တကယ်လို့ အဖုလေးတွေ များလွန်းလို့ အဲဒီကုထုံးတွေမကြိုက်ရင် အိုင်ဆိုထရက်တီနွံ (Isotretinon) သောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရင်လည်း သက်သာသွားတာပါ။ ရေရှည်တော့ စွဲသောက်ရတာပေါ့။ပြန်ဖြစ်တတ်တာကိုး။စောစောပြန်ပြပါ မျက်နှာပေါ်က ရံဖန်ရံခါတွေ့နေကျအဖု၊ အပြင်၊ အကျိတ်လေးတွေဟာ ဒုက္ခကြီးကြီးမားမား မပေးတတ် တဲ့ ရောဂါတွေဖြစ်ပေမဲ့ အရေပြားကင်ဆာလိုပြဿနာကြီးလည်း ဖြစ်နိုင်တာမို့ မသင်္ကာရင် စောစောစီးစီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသစေချင်ပါတယ်။ 

Ref:

ဒေါက်တာဦးကျော်ကျော်

(အရေပြားအထူးကုဆရာဝန်)

Arogyam Magazin No.270, Pg.85-87, January.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18