Print

မပေါ့ဆစေချင်သော နာတာရှည်ထိပ်ကပ်နာရောဂါ

  02-Jan-2021
Preview Image

ထိပ်ကပ်နာဆိုသည်မှာ နှာနုရိုးဘေးပတ်ပတ်လည်မှာရှိတဲ့ Sinus လို့ခေါ်တဲ့ အကန့်လေးတွေ ရောင်ယမ်းနာကျင်ခြင်းကိုခေါ်ပါတယ်။ ဆေးကုတဲ့ကြားက အနည်းဆုံး နှစ်ပတ်ကြာအောင် ခံစားနေရတတ်ပါတယ်။ ဒီအခြေအနေမှာဆိုရင် နှာခေါင်းထဲမှာ နှာရည်တွေဟာ ပျစ်တွဲပြီး ခဲနေ ပိတ်နေတတ်ပါတယ်။ အသက်ရှူရခက်ခဲခြင်း၊ မျက်ရိုး ပါးရိုးများနာနေခြင်းများ ရှိနေတတ်ပါတယ်။

          ထိပ်ကပ်နာဖြစ်စေတဲ့အကြောင်းအရင်းများကတော့


၁။ ဓာတ်မတည့်ခြင်း (Hay Fever)

          ပန်းဝတ်မှုန်များ၊ ဓာတုဗေဒပစ္စည်းများနဲ့ မတည့်ခြင်းကြောင့် နှာခေါင်းအတွင်းသားတစ်လျောက် ရောင်ယမ်းလာပြီး Sinus လေးများပါ ရောင်ယမ်းလာစေခြင်းဖြင့် ထိပ်ကပ်နာကို ဖြစ်စေပါတယ်။


၂။ နှာခေါင်းအတွင်း အသားပို ( Nasal Polyp)

          Nasal Polyp လို့ခေါ်တဲ့ နှာခေါင်းအတွင်း အသားပိုလေးတွေကလည်း အသက်ရှူရခက်ခဲစေပြီး Sinus လေးတွေကို ပိတ်သွားစေပြီး ရောင်ယမ်းလာစေခြင်းဖြင့် ထိပ်ကပ်နာကို ဖြစ်စေပါတယ်။


၃။ နှာခေါင်းအတွင်းကန့်ပေးထားသော နှာနုရိုး စောင်းနေခြင်း ( Deviated Septum)


၄။ အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်း ( Viral or Bacterial infection) တို့ ပဲဖြစ်ပါတယ်။

 

အခြားဖြစ်စေတဲ့အကြောင်းအရင်းများကတော့ ရင်ကြပ်ပန်းနာ( Asthma)၊ စားချဉ်ပြန်ခြင်း( GERD)၊ ကိုယ်ခံအားနည်းစေသော HIV နဲ့  ခန္ဓာကိုယ်အကျိအချွဲများကို ပျစ်ခဲစေသော ရောဂါ Cystic Fibrosis တို့ပဲ ဖြစ်ပါတယ်။

 

ထိပ်ကပ်နာရောဂါရဲ့ လက္ခဏာများမှာ

-နှာခေါင်းအတွင်းမှအရည်ကြည်များ လည်ချောင်းထဲသို့စီးကျကာ မကြာခဏ မျိုချနေရခြင်း

-အနံ့ အရသာ မသိခြင်း။

-ဝါညစ်ညစ် စိမ်းဖန့်ဖန့် နှာရည်များထွက်ခြင်း

-နှာခေါင်းပိတ်ခြင်း

-မျက်နှာတင်းတင်းကြီးဖြစ်ပြီး ထူပူပူကြီးဖြစ်နေခြင်း၊ အထူးသဖြင့် မျက်ရိုးများ ပါးရိုးများနာခြင်း စသည်တို့ ဖြစ်ပါတယ်။ အခြားလက္ခဏာများကတော့ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မေးရိုးနာခြင်း၊ သွားကိုက်ခြင်း၊ ငြီးစိစိဖြစ်နေခြင်း၊ နှာခေါင်းအတွင်း အနံ့အသက် မကောင်းခြင်း များရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ၁၂ပတ်ထက်ပိုကြာနေမယ်ဆိုရင်တော့ နာတာရှည်ထိပ်ကပ်နာလို့ သတ်မှတ်ပါတယ်။

 

          နာတာရှည်ထိပ်ကပ်နာအတွက် ကုသမှုနည်းလမ်းများစွာရှိပါတယ်။ ဖြစ်စေတဲ့အကြောင်းအရင်းများကို ကုသခြင်းနည်းနဲ့ မိမိဘာသာ သက်သာရုံ အိမ်တွင်းကုသနည်းလေးတွေ လည်း ရှိပါတယ်။


ကုသမှုနည်းလမ်းများ

          အနာသက်သာအောင် အရောင်ကျအောင် အတွက်ဆိုရင် Paracetamol 500mg၊ Ibuprofen 400mg/200mg နှင့် Fluticasone ပါတဲ့ ဖြန်းဆေး တွေသုံးလို့ ရပါတယ်။ ဖြန်းဆေးကတော့ နှာခေါင်းအတွင်း အသားပို (Nasal Polyp) ကိုပါ သေးသွားစေပါတယ်။ တကယ်လို့ ပိုးဝင်လို့ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေးပါသောက်ရန်လိုအပ်ပါတယ်။

          တချို့အခြေအနေတွေမှာဆိုရင် ဆေးသောက်ရုံ အိမ်တွင်းကုထုံးနဲ့တင် မသက်သာတဲ့အခါမှာ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ ခွဲစိတ်ကုသမှုနည်းလမ်းတွေကတော့

၁။မှန်ပြောင်းနှင့်ကြည့်ရှုကုသခြင်း

          အလင်းရောင်နှင့် ကင်မရာ ပါသော ပျော့ပျောင်းတဲ့ မှန်ပြောင်းလေးနဲ့ နှာခေါင်းအတွင်းကို ထည့်သွင်းကြည့်ပြီး ပိတ်နေတဲ့ နှာချေး၊ နှာရည်အပျစ်အချွဲတွေကို ဖယ်ရှားခြင်းဖြင့် ရောင်ယမ်းတာတွေကို သက်သာစေပါတယ်။ နှာခေါင်းအတွင်း အသားပို (Nasal Polyp) လေးတွေကိုလည်း ခွဲထုတ်ဖယ်ရှားနိုင်ပါတယ်။

၂။Septoplasty (နှာနုရိုးကို ခွဲစိတ်ပြုပြင်ခြင်း)

နောက်ဆက်တွဲ ဆိုးကျိုးများ

၁။ အနံ့ခံအာရုံကြောကို ပျက်စီးသွားစေနိုင်တဲ့အတွက်ကြောင့် တစ်သက်လုံး အနံ့ အာရုံ မရတော့ခြင်း

၂။ ရောဂါပိုးဝင်ခြင်းဟာ မျက်လုံးဆီသို့ ပျံ့သွားနိုင်တဲ့အတွက်ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြင်း

၃။ ဦးနှောက်အမှေးပါး ရောင်ရမ်းခြင်း

၄။ အရေပြားနှင့် အရိုးများကို ရောဂါပိုးပျံ့နှံ့သွားခြင်း များဖြစ်ပါတယ်။

 

အိမ်တွင်းကုထုံးများ

-အနားယူခြင်းဖြင့် ကိုယ်ခံအားကောင်းစေကာ အရောင်ကျစေခြင်း။

-အရည်များများသောက်ခြင်းဖြင့် အကျိအချွဲများ စီးဆင်းမှု ကောင်းစေခြင်း

-Nasal sinus လေးများကိုမခြောက်သွေ့ဘဲ စိုထိုင်းနေစေရန် ရေငွေ့ရှူခြင်း

-မျက်နှာတွင်နာနေတဲ့နေရာတွေကို ရေနွေးအိတ်ကပ်ခြင်း

-နှာခေါင်းအတွင်းကို နှာခေါင်းသန့်ဆေးနှင့် ဆေးခြင်း

-ခေါင်းကို မြှင့်၍အိပ်ခြင်း

          နောက်ဆက်တွဲဆိုးကျိူးတွေရှိတဲ့အတွက် နာတာရှည်ထိပ်ကပ်နာရောဂါကို မပေါ့ဆစေချင်ပါ။ ကျန်းမာသုခနှင့် ပြည့်စုံကြပါစေ။

 

Reference- Mayo clinic and Health Line

Dr. Lwin Moe Kyaw



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18