Print

မေးခိုင်ရောဂါ ကာကွယ်ပါ

  26-Nov-2020
Preview Image

မေးခိုင်ရောဂါ ကာကွယ်ပါ


        မေးခိုင်ရောဂါသည် ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်သော ပြင်းထန်သောရောဂါတစ်မျိုးဖြစ်ပါတယ်။ အာရုံကြောအဖွဲ့အစည်းအပေါ်မှာထိခိုက်စေပြီး ကြွက်သားများကိုတောင့်တင်းနာကျင်စေပါတယ်။ အထူးသဖြင့် မေးရိုးနဲ့ လည်ပင်းမှာရှိတဲ့ ကြွက်သားများမှာ ပိုပြီးဖြစ်စေပါတယ်။ မေးခိုင်ရောဂါဟာ အသက်ရှူရခက်ခဲစေပြီး အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ရှိပါတယ်။ မေးလှုပ်လို့မရအောင် ခိုင်သွားစေသဖြင့် အလွယ်တကူပဲ မေးခိုင်ရောဂါဟု ခေါ်ကြပါတယ်။

        မေးခိုင်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ မေးခိုင်ရောဂါဖြစ်သွားပြီဆိုရင်တော့ ပျောက်ကင်းအောင်ကုသဖို့ရာ ဆေးမရှိပါ။ ကုသရာမှာ မေးခိုင်ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ထိန်းသိမ်းကုသပေးခြင်းဖြင့် မေးခိုင်ပိုးရဲ့ အဆိပ်အတောက်များ ပြေပျောက်သွားသည်အထိ စောင့်ရှောက်ပေးရခြင်းဖြစ်ပါတယ်။

 

 

မေးခိုင်ရောဂါ၏ လက္ခဏာများ

        ရောဂါလက္ခဏာများဟာ အများအားဖြင့် ခန္ဓာကိုယ်အတွင်း မေးခိုင်ပိုးဝင်ပြီး ရက်အနည်းငယ်မှ လအနည်းငယ်အတွင်းမှာ ပေါ်လာနိုင်ပါတယ်။ ပျမ်းမျှရောဂါပိုးပွါးချိန်ကတော့ ၇ ရက်မှ ၁၀ ရက်အတွင်းမှာဖြစ်ပါတယ်။ အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ မေးရိုးကြွက်သားများ တောင့်တင်းသွားခြင်း၊ လည်ပင်းကြွက်သားများ တောင့်တင်းသွားခြင်း၊ အစာ(သို့) ရေ မျိုရခက်ခဲခြင်း၊ ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းသွားခြင်းတို့ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံးရှိ ကြွက်သားများ တောင့်တင်းပြီး အလွန်အမင်းနာကျင်ခြင်းဟာ ပတ်ဝန်းကျင်မှ သာမန်အနှောက်အယှက်လေးများဖြစ်တဲ့ ဆူညံမှု၊ အလင်းရောင် နှင့် လက်ဖြင့်ညင်ညင်သာသာ တို့ထိခြင်းတို့ကြောင့်ပင် ပိုမိုဆိုးရွားစေတာဟာ သိသာတဲ့ အချက်တစ်ခုပါပဲ။

        အခြားဖြစ်နိုင်ခြေရှိသေးတဲ့ ရောဂါလက္ခဏာများကတော့ အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ဖြစ်ပါတယ်။

 

မေးခိုင်ရောဂါဖြစ်စေသောအကြောင်းများ

        မေးခိုင်ရောဂါဖြစ်စေသော Clostridium Tetani  ဆိုတဲ့ဘက်တီးရီးယားရဲ့ Spore လို့ခေါ်တဲ့ အမှုန်အမွှားလေးများဟာ မြေကြီး၊ ဖုန်မှုန် နှင့် တိရိစ္ဆာန်မစင်တွေထဲမှာ ရှိနေတတ်ပါတယ်။ မေးခိုင်ပိုးအမှုန်လေးများဟာ ကျဉ်းမြောင်းပြီး နက်နဲတဲ့အနာ( သံစူးခြင်း၊ ခွေးကိုက်ခြင်း) ထဲကိုဝင်သွားတဲ့အခါမှာ မေးခိုင်ဘက်တီးရီးယားအဖြစ်ကြီးထွားလာပြီး ကြွက်သားများကို တောင့်တင်းစေတဲ့ အားပြင်းတဲ့ အဆိပ်တွေကို ထုတ်ပေးပါတယ်။ ဒီမှာတင်ပဲ မေးခိုင်ရောဂါရဲ့ လက္ခဏာများ ဖြစ်ပေါ်စေပါတယ်။

မေးခိုင်ရောဂါဖြစ်သောလူနာအားလုံးနီးပါးဟာ မေးခိုင်ကာကွယ်ဆေး ထိုးမထားတာ တွေ့ရပါတယ်။ တစ်ချို့တွေကျတော့ ကာကွယ်ဆေးတော့ထိုးထားပြီး ၁၀ နှစ်ကြာမှ ပြန်ထိုးရမယ့် အားဖြည့်ကာကွယ်ဆေး( Booster) ထိုးမထားတာတွေ့ရပါတယ်။ မေးခိုင်ကာကွယ်ဆေးကို အာနိသင်ပြည့်အောင်ထိုးထားရင်တော့ မေးခိုင်ရောဂါမဖြစ်နိုင်တာ တွေ့ရပါတယ်။

 

 

မေးခိုင်ရောဂါဖြစ်နိုင်နိုင်ချေများသူများ(သို့) ဖြစ်နိုင်သော အခြေအနေများ

        မေးခိုင်ကာကွယ်ဆေးထိုးမထားသူများ၊ ကာကွယ်ဆေးကို အာနိသင်ပြည့်အောင် Booster ထပ်မထိုးထားသူများ၊ နက်နဲပြီး ကျဉ်းမြောင်းသော ဒဏ်ရာ ရရှိထားသူများ၊ သံစူးထားသူများ မှာ မေးခိုင်ရောဂါဖြစ်နိုင်ခြေများပါတယ်။

        မေးခိုင်ရောဂါပိုးဝင်နိုင်သော ဒဏ်ရာများမှာ ထွင်းဖောက်ဒဏ်ရာ၊ သေနတ်ဒဏ်ရာ၊ အရိုးမွကြေဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ဆေးထိုးထားသောဒဏ်ရာ၊ တိရစ္ဆာန်ကိုက်သောဒဏ်ရာ၊ သွားရောဂါ၊ မွေးကင်းစကလေးများတွင် ချက်ကြိုးအတွင်း ပိုးဝင်ခြင်း စတဲ့ ဒဏ်ရာများဖြစ်ပါတယ်။

 

 

မေးခိုင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

        မေးခိုင်ပိုးဟာ အာရုံကြောတွေကို ပေါင်းလိုက်ပြီဆိုတာနဲ့ ဖယ်ထုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ မေးခိုင်ပိုးဝင်ပြီး ပျောက်သွားလျှင်တောင်မှ အာရုံကြောအသစ်လေးများ ဖွံ့ဖြိုးရန်အတွက် လပေါင်းများစွာ ကြာတတ်ပါတယ်။ မေးခိုင်ရောဂါပိုးဝင်ပြီဆိုလျှင်နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ ကြွက်သားတောင့်တင်းတဲ့ ပမာဏအပေါ်မှာ မူတည်ပြီးတော့ ကျောရိုးမကြီး နှင့် အခြားအရိုးများ ကျိုးခြင်း၊ အဆုတ်သွေးကြော ပိတ်ခြင်း( Pulmonary embolism)၊ အသက်ရှူရာမှာ အထောက်အပံ့ပေးသော ကြွက်သားများ တောင့်တင်းခြင်းကြောင့် အသက်ရှူရပ် သေဆုံးခြင်း နှင့် နမိုးနီးယား( အဆုတ်ရောင်ခြင်း)ကြောင့်သေဆုံးခြင်း တို့ ဖြစ်စေပါသည်။

 

 

မေးခိုင်ရောဂါကာကွယ်ခြင်း

        မေးခိုင်ရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် မေးခိုင်ရောဂါကို အပြည့်အဝ ကာကွယ်နိုင်ပါတယ်။  ကလေးတွေမှာတော့ အသက် ၂လ၊ ၄လ၊ ၆လ၊ ၁၈လ နဲ့ ၅ နှစ်တွေမှာ နိုင်ငံတော်အစီအစဉ်နဲ့ ထိုးပေးပါတယ်။ ထိုးပေးတဲ့ ကာကွယ်ဆေးနာမည်ကတော့ ငါးမျိုးစပ်ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီကာကွယ်ဆေးထဲမှာ DPT ကာကွယ်ဆေးပါဝင်ပါတယ်။ ဆုံစို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့  မေးခိုင်ရောဂါပိုး တို့ကို ကာကွယ်ပေးပါတယ်။ မေးခိုင်ကာကွယ်ဆေးကို အာနိသင်ဖြည့်ဖို့အတွက် ၁၀နှစ်တစ်ခါတော့ Booster ထိုးရပါမယ်။

ကာကွယ်ဆေးကလည်း အပြည့်အဝကာကွယ်ပေးတယ်၊ ပြီးတော့မေးခိုင်ပိုးဝင်ပြီဆိုလျှင်လည်း အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အတွက် မေးခိုင်ကာကွယ်ဆေးကိုတော့ မဖြစ်မနေ ထိုးစေချင်ပါတယ်။ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

 

Reference- Mayo clinic

Dr. Lwin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18