Print

သည်းခြေကျောက်တည်ခြင်းအကြောင်း သိကောင်းစရာ

  12-Nov-2020
Preview Image

သည်းခြေကျောက်တည်ခြင်းအကြောင်း သိကောင်းစရာ

          သည်းခြေကျောက်ဆိုသည်မှာ သည်းခြေအိပ်ထဲတွင် အစာခြေရည်များ၏ အကြွင်းအကျန်များ အနည်ထိုင်ရာမှ မာကြောသောအနည်လေးများဖြစ်ပေါ်လာခြင်းဖြစ်သည်။ သည်းခြေအိပ်သည် သေးငယ်သော သစ်တော်သီးပုံ အစိတ်အပိုင်းလေးဖြစ်သည်။ ဝမ်းဗိုက်၏ညာဖက်ခြမ်း အသည်း၏အောက်တွင် ရှိသည်။ သည်းခြေအိပ်သည် အစာခြေရည်များကို အူထဲသို့ပို့ပေးရန် လက်ခံထားသည့် နေရာဖြစ်သည်။

          သည်းခြေကျောက်သည် သေးငယ်သော ပဲစေ့သာသာမှ ဂေါ်လီလုံးလောက်ထိ အရွယ်အစား ကွာခြားမှုရှိသည်။ တချို့လူတွေမှာတော့ သည်းခြေကျောက်ဟာ တစ်လုံးတည်းဖြစ်တည်လာပြီး တချို့မှာတော့ အစိတ်စိတ်နှင့် တစ်ချိန်တည်းမှာ များစွာ ဖြစ်ပွါးနေတတ်ပါတယ်။

          သည်းခြေကျောက်တည်ခြင်းမှာဆိုလျှင် သိသာထင်ရှားတဲ့ လက္ခဏာတွေမပြလျှင်တော့ ကုသမှု မလိုအပ်ပါဘူး။

 

သည်းခြေကျောက်တည်ခြင်း၏လက္ခဏာများ

သည်းခြေကျောက်ကိုယ်တိုင်ကတော့ ရှိသည်မရှိသည်ကို လက္ခဏာမပြနိုင်ပါဘူး။ သည်းခြေကျောက်က သည်းခြေပြွန်ကို ပိတ်သွားတယ်ဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ပြပါတော့တယ်။

-ဗိုက်၏ ညာဖက်အထက်ပိုင်းနေရာ(သို့) ရင်ညွန့်မှာ ရုတ်တရက် အလွန်အမင်း နာကျင်တတ်ပါတယ်။

-လက်ပြင်ရိုးနှစ်ခုအကြား နောက်ကျောမှာလည်း နာကျင်တတ်ပါတယ်။

-ညာလက် ပုခုံးနာကျင်တတ်ပါတယ်။

-ပျို့ခြင်း အန်ခြင်းများ ဖြစ်တတ်ပါတယ်။

နာကျင်ခြင်းကတော့ နာရီအနည်းငယ်လောက်ထိ ကြာတတ်ပါတယ်။

              သင့်တွင် မခံမရပ်နိုင်အောင် ဗိုက်နာလာပြီး ခန္ဓာကိုယ်အနေအထား ပြောင်းကြည့်လည်း သက်သာမှုမရှိဘူးဆိုလျှင်၊ သင့်အရေပြားနှင့် မျက်စိအတွင်းအဖြူသားဟာ ဝါနေမယ်ဆိုလျှင်၊ ချမ်းတုန်ပြီး ဖျားနေမည်ဆိုလျှင် ဆရာဝန်နှင့်ပြသင့်ပါတယ်။

 

သည်းခြေကျောက်အမျိုးအစား နှစ်မျိုးရှိပါသည်။

(၁)ကိုလတ်စရောကြောင့်ဖြစ်စေတဲ့ သည်းခြေကျောက်ကတော့ အဝါရောင်ရှိပါတယ်။ အဖြစ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။

(၂)ရောင်ချယ်ပစ္စည်း( Pigment)ကြောင့်ဖြစ်တဲ့ သည်းခြေကျောက်ကတော့အနက်ရောင်(သို့) အညိုရင့်ရောင် ရှိပါတယ်။

         

          သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းအရင်းတွေတော့ မရှိသေးပါဘူး။ လေ့လာတွေ့ရှိချက်များအရတော့ သည်းခြေအရည်ထဲမှာ ကိုလတ်စရော နှင့် ဘီလီရူဘင်လို့ခေါ်တဲ့ သွေးနီဥပေါက်ကွဲရာမှ ထွက်လာတဲ့ ဓာတုပစ္စည်း တွေများနေတဲ့ အတွက်ကြောင့်နှင့် သည်းခြေအိပ်ဟာ သည်းခြေရည်များကို ကုန်အောင်မထုတ်ပစ်နိုင်တဲ့အတွက်ကြောင့်လို့ ယူဆရပါတယ်။

          သည်းခြေကျောက်တည်ခြင်းအဖြစ်များတဲ့သူတွေကတော့

-အမျိုးသမီးများ

-အသက်၄၀ထက်ကြီးသူများ

-အဝလွန်သူများ

-အထိုင်များသူများ

-ကိုယ်ဝန်ဆောင်အမျိုးသမီးများ

-အဆီစားများသူများ

-ကိုလတ်စရောပါသောအစား စားသူများ

-အမျှင်ဓာတ်အစားနည်းသူများ

-မိသားစုတွင် သည်းခြေကျောက်တည်ခြင်း ရှိသူများ

-ဆီးချိုရောဂါရှိသူများ

-ကိုယ်အလေးချိန်ကို လျှင်မြန်စွာ ချသူများ

-အီစထရိုဂျင်ပါသောဆေး ဥပမာ-သန္ဓေတားဆေးသောက်နေသူများ

-အသည်းရောဂါရှိသူများ ပဲဖြစ်ပါတယ်။

 

သည်းခြေကျောက်တည်ခြင်းကြောင့် ဖြစ်စေသော နောက်ဆက်တွဲ ပြဿနာများမှာ

(၁) သည်းခြေအိပ်ရောင်ရမ်းခြင်း- သည်းခြေကျောက်ဟာ သည်းခြေအိပ်ရဲ့ အဝကို ပိတ်မိသွားသဖြင့် သည်းခြေအိပ် ရောင်ရမ်းလာခြင်းဖြစ်ပါတယ်။ ပြင်းထန်စွာ နာကျင်စေပြီး ဖျားတတ်ပါတယ်။

(၂) သည်းခြေပြွန်ပိတ်သွားခြင်း- သည်းခြေကျောက်ဟာ သည်းခြေပြွန်ကို ပိတ်ဆို့သွားပြီး သည်းခြေရည်များကို အူအတွင်းသို့ ထုတ်မပေးနိုင်တော့တဲ့အတွက် အသားဝါခြင်းနှင့် သည်းခြေပြွန် ပိုးဝင်ခြင်းတို့ကို ဖြစ်စေပါတယ်။

(၃)မုန့်ချိုအိပ်ပြွန်ပိတ်သွားခြင်း- သည်းခြေကျောက်ဟာ မုန့်ချိုအိပ်ရဲ့ ပြွန်ကို ပိတ်ဆို့သွားပြီး မုန့်ချိုအိပ်ကထုတ်ပေးတဲ့ အစာခြေရည်များကို မပို့နိုင်တဲ့အတွက် မုန့်ချိုအိပ်ဟာ ရောင်ရမ်းလာပါတယ်။ ထိုအခါမှာ အဆက်မပြတ်ဗိုက်အောင့်လာတတ်ပါတယ်။ မုန့်ချိုအိပ်ရောင်ပြီဆိုရင်တော့  ဆေးရုံတက်ရန်လိုအပ်ပါတယ်။

(၄)သည်းခြေအိပ်ကင်ဆာ- သည်းခြေကျောက်တည်ခြင်းရှိသူတွေဟာ သည်းခြေအိပ်ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ သို့သော် သည်းခြေအိပ်ကင်ဆာဟာ အဖြစ်နည်းပါတယ်။

 

သည်းခြေကျောက်တည်ခြင်းကို စမ်းသပ်စစ်ဆေးနိုင်သော နည်းလမ်းများမှာ

(၁)ဗိုက်ကို တီဗွီဓာတ်မှန်ရိုက်ကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန် ရိုက်ကြည့်ခြင်း

(၂)သံလိုက်ဓာတ်မှန် ရိုက်ကြည့်ခြင်း၊ သည်းခြေအိပ်ကို အစာအိမ်မှန်ပြောင်းနှင့်ကြည့်ခြင်း

(၃)နောက်ဆက်တွဲ ပြဿနာများအတွက် သွေးစစ်ကြည့်ခြင်း တို့ဖြစ်ပါသည်။

 

သည်းခြေကျောက်တည်ခြင်းကို ကုသခြင်း

          လက္ခဏာများ မပြသေးသ၍ ကုသရန်မလိုအပ်ပါ။

(၁)သည်းခြေကျောက်များကို ချေဖျက်ပေးသော ဆေးဝါးများနှင့်ကုသခြင်း

          စားဆေးပေး၍ကုသခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းနဲ့ သည်းခြေကျောက်ချေခြင်းဟာ နှစ်ချီလချီ ကြာတတ်ပါတယ်။ ပြီးတော့ သည်းခြေကျောက်ပြန်ဖြစ်နိုင်ချေ များပါတယ်။ တစ်ခါတရံမှာလည်း ဆေးစားခြင်းဟာ အလုပ်သိပ်မဖြစ်ပါဘူး။ ခွဲစိတ်ကုသမှုကို ငြင်းဆန်သူများကိုသာ စားဆေးပေးလေ့ရှိပါတယ်။

 

(၂)သည်းခြေအိပ်ကို ခွဲစိတ်ဖယ်ရှားပစ်ခြင်း

          စားဆေးစားသော်လည်း သည်းခြေကျောက်တည်ခြင်းဟာ မကြာခဏ ပြန်ဖြစ်နေတယ်ဆိုရင်တော့ သည်းခြေအိပ်ကို ခွဲထုတ်ဖယ်ရှားပစ်ဖို့ သင့်ပါတယ်။ သည်းခြေအိပ်မရှိခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်လုပ်ဆောင်မှု တွေကို အနှောက်အယှက်မဖြစ်နိုင်ပါဘူး။ သည်းခြေရည်တွေဟာ အသည်းမှတဆင့် အူအတွင်းသို့ တိုက်ရိုက် ရောက်သွားနိုင်တဲ့အတွက် အစာချေခြင်းစွမ်းရည်ကိုလည်း မထိခိုက်နိုင်ပါဘူး။

 

သည်းခြေကျောက်တည်ခြင်းမဖြစ်စေရန် မိမိဘာသာ ကာကွယ်နိုင်ရန် အောက်ပါတို့ကို ဆင်ခြင်ရပါမယ်။

-အစားကို အချိန်မှန်စားပါ။

-ကိုယ်အလေးချိန်လျှော့ချလျှင် ဖြည်းဖြည်းချင်းချပါ

-အဝမခံပါနှင့်

-ကိုယ်လက်လှုပ်ရှားမှု မနည်းပါစေနှင့်။

 

ဒေါက်တာ လွင်

Reference: Mayo clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18