Print

ရင်တုန်ုခြင်း

  05-Nov-2020
Preview Image

မင်္ဂလာပါ။ ကျွန်တော်ကတော့ ၇၈၈၇ ကျန်းမာရေး Call Center က ဒေါက်တာဖြိုးဝေထွန်း ဖြစ်ပါတယ်။ ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တဲ့ ကျန်းမာရေးအကြောင်းအရာကတော့ တချို့လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရင်တုန်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ ရင်တုန်ခြင်းဆိုတာကတော့ နှလုံးခုန်နှုန်းမြန်နေခြင်းကြောင့်ဖြစ်တာပါ။ တစ်နည်းအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် မိမိရဲ့နှလုံးခုန်နှုန်းမြန်နေခြင်းကို မိမိကိုယ်တိုင် သိရှိရခြင်းကို ရင်တုန်ခြင်းလို့ ခေါ်ပါတယ်။

          ရင်တုန်စေသော အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ တစ်ခုသိချင်စေတာကတော့ ရင်တုန်တိုင်း နှလုံးရောဂါမဟုုတ်ပါ။ အထူးသဖြင့် ရင်တုန်တာဟာ ခဏခဏဖြစ်တာမဟုတ်ဘဲ တချို့အချိန်တွေလောက်သာ ဖြစ်ပြီး ဖြစ်တဲ့အချိန်ဟာလည်း စက္ကန့်ပိုင်းလောက်ပဲ ကြာတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ မလိုအပ်ပါ။ စိုးရိမ်စရာ မရှိသောကြောင့်ဖြစ်ပါတယ်။

          သို့သော် ရင်တုန်တာက မကြာခဏဖြစ်နေတယ်ဆိုရင်တော့ (သို့မဟုတ်) ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး၊ အရေးအကြီးဆုံးဖြစ်တဲ့ နှလုံးရောဂါရှိမရှိကို စစ်ဆေးကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ရင်တုန်တာအပြင် ရင်ဘတ်အောင့်တာ၊ သတိလစ်တာတွေရှိရင်တော့ အရေးပေါ်ဆေးရုံ၊ ဆေးခန်းသို့သွားပြီး ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။

          နှလုံးရောဂါအပြင် ရင်တုန်ခြင်းကိုဖြစ်စေသော တခြားအကြောင်းအရင်းများမှာ -

-       စိတ်ဖိစီးမှု သို့မဟုတ် စိတ်ပူပန်မှု သို့မဟုတ် စိတ်ကြောက်လန့်မှုအရမ်းများသွားခြင်း။

-       စိတ်ဓာတ်ကျခြင်း

-       လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်ခြင်း

-       စိတ်ကိုကြွစေသော ဆေးဝါးများ (ဥပမာ -Amphetamine Cocaine) နှင့် ကော်ဖီ၊ ဆေးလိပ် စသည်တို့ သောက်သုံးခြင်း။

-       အဖျားကြီးခြင်း

-       အမျိုးသမီးများ ဓမ္မတာလာချိန် သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် သွေးဆုံးချိန် စသော ဟော်မုန်းအပြောင်းအလဲ ကာလများကို ရောက်ရှိနေခြင်း

-       လည်ပင်းတွင် ရှိသော သိုင်းရွိုက်ဂလင်းမှထွက်ရှိသော သိုင်းရွိုက်ဟော်မုန်းများနေခြင်း (ဥပမာ - သိုင်းရွိုက်ဟော်မုန်းများသော လည်ပင်းကြီးရောဂါ)

 

တစ်ခါတစ်ရံ သွေးတွင်း သကြားဓာတ်အရမ်းကျနေသော အခြေအနေမျိုးတွင်လည်း ရင်တုန်သလို ကတုန်ကရင်မျိုးလည်း ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုထိန်းဆေး မှီဝဲနေရသော ဆီးချိုဝေဒနာရှင်များတွင် ထိုသို့ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

          မိမိမှာ ရင်တုန်၍ ဆရာဝန်ကို သွားပြသောအခါ ဆရာဝန်မှ မိမိအား ကနဦးအနေဖြင့် နှလုံးရောဂါရှိမရှိကို နှလုံး၏လျှပ်စီးကြောင်း လှိုင်းလေးများကို တိုင်းတာကြည့်ရှုသော ECG ကို ဆွဲပေးပါလိမ့်မယ်။ လိုအပ်ပါက အိမ်တွင် ၂၄ နာရီလုံး နှလုံးခုန်နှုန်းနှင့် စည်းချက်ကို စောင့်ကြပ်ကြည့်ရှုပေးရန် Holter ဟုခေါ်သော ၂၄ နာရီ ECG စက်ကို ယာယီတတ်ခိုင်းပါလိမ့်မယ်။ ထိုမှတဖန် လိုအပ်ပါက နှလုံး၏ လုပ်ငန်းဆောင်တာများ ပုံမှန်ဟုတ်မဟုတ်ကို တွက်ချက်သိရှိရန် Echo ပါ ရိုက်ခိုင်းပါလိမ့်မယ်။ တစ်ချိန်တည်းမှာပါပဲ တခြားရင်တုန်စေတတ်သော ရောဂါများရှိမရှိကိုလည်း သွေးဖောက်စစ်ခြင်း ကဲ့သို့သော လိုအပ်သော စမ်းသပ်စစ်ဆေးမှုများကို လုပ်ပေးပါလိမ့်မယ်။

          ရံဖန်ရံခါ ရင်တုန်တာဟာ အန္တရာယ်မရှိနိုင်သော်လည်း မကြာမကြာရင်တုန်ခြင်းဖြစ်ပြီး ပို၍ ဆိုးရွားလာပါက သတိမေ့လျော့ခြင်း၊ သွေးလန့်ခြင်း သို့မဟုတ် shock ဖြစ်ခြင်း၊ နှလုံးလုပ်ငန်းဆောင်တာ ပျက်စီးသွားခြင်း၊ လေဖြတ်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။

          ရင်တုန်ခြင်းမှ ကာကွယ်နိုင်ရန် စိတ်ဖိစီးမှုများကို လျော့ချပါ။ ကော်ဖီ၊ ဆေးလိပ်မသောက်ပါနဲ့။ စိတ်ကိုကြွစေသော ဆေးဝါးများကို မသုံးစွဲပါနဲ့။ နှလုံးရောဂါအခံရှိပါက ဆရာဝန်တစ်ယောက်နှင့် ကြပ်ကြပ်မတ်မတ် ပုံမှန်ကုသပေးပါ။ အားလုံးကျန်းမာသုခနဲ့ ပြည့်စုံပါစေ။

 

Dr. Phyo Wai Htun



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18