Print

တင်းနစ်အဲလ်ဘိုး

  08-Oct-2020
Preview Image

တင်းနစ်အဲလ်ဘိုး

          တင်းနစ်အဲလ်ဘိုးဆိုတဲ့စကားလုံးကို မိတ်ဆွေ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ တံတောင်ဆစ်မှာ အကြောနာတဲ့ရောဂါကို နာမည်ပေးထားတာဖြစ်ပါတယ်။ တင်းနစ်က တင်းနစ် Tennis၊ အဲလ်ဘိုး Elbow က တံတောင်ဆစ်လို့ ပြောချင်တာ။

          တံတောင်ဆစ်ကို ရှေ့၊ နောက်၊ အတွင်း၊ အပြင် (ဘေးဘက်) ဆိုပြီး ခွဲလိုက်ရင် ဒီအနာက ဘေးဘက်မှာနာတဲ့ အနာ၊ လက်မလှုပ်ရှားတဲ့ အချိန်ဆို မနာဘူး၊ လှုပ်လိုက်ရင်နာပြီ။

          ဟိုစမ်းဒီစမ်းကြည့်တော့ တံတောင်ဆစ်ဘေးက အရိုးဖုလေးအပေါ်မှာ ဖိကြည့်ရင် နာတယ်။

          လိမ်းနေကျ အကြောဆေးလေးတွေလိမ်းကြည့်တယ်။ သက်သာသလိုလိုအရှိသား။ ဒါပေမယ့် ပြန်ပေါ်တယ်။ ဒီတစ်ခါ ပိုနာလာတယ်။ လိမ်းရင်းနာရင်းနဲ့ ပိုဆိုးလာတော့ ဒူးနာတုန်း၊ ခါးနာတုန်းကသောက်တဲ့  အကိုက်အခဲပျောက်ဆေးလေးသောက်ကြည့်တယ်။ သက်သာတော့ ဆေးဆက်မသောက်၊ အလုပ်ဆက်လုပ်၊ တအားပြန်နာ၊ ဒီတစ်ကြိမ် ဆေးသောက်တော့ သိပ်မပျောက်ချင်တော့ဘူး။

          လက်မောင်းရိုးရဲ့ အဖျားပိုင်းဟာ လက်ဖျံရိုးနှစ်ချောင်းရဲ့ အရင်းပိုင်းနဲ့ လာဆက်ပြီး တံတောင်ဆစ်ဖြစ်ပါတယ်။ လက်မောင်းရိုးဟာ အဲဒီနေရာမှာ ဖုန်းကညာတစ်ပါးလိုပဲ လုံးရာက ပြားသွားပါတယ်။ ပြားရုံတင်မက ကားလည်းကားပါတယ်။ ဘေးတိုက်ကားကားကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ အရိုးစွန်းအဖုလေးတွေ ဖြစ်နေသေးတယ်။ အတွင်းဖု Medical epicondyle နဲ့ အပြင်ဖု Lateral epicondyle လို့ ခေါ်ပါတယ်။

          လက်ကောက်ဝတ်နှင့် လက်ချောင်းလေးတွေကို ကော့စေတဲ့ ကြွက်သားတွေဟာ အပြင်ဖုမှာ တွယ်ထားကြတယ်။ အဲဒီအရိုးနဲ့ ကြွက်သားတွယ်ထားရာနေရာလေးမှာ ရောင်ရင်၊ နာရင် အဲဒါတင်းနစ်အဲလ်ဘိုးပါ။ တင်းနစ်သမားတွေ အဖြစ်များလို့။

          အတွင်းဖုမှာကျတော့ လက်ကောက်ဝတ်နှင့် လက်ချောင်းလေးတွေကို ရှေ့သို့ကုပ်စေတဲ့ ကြွက်သားတို့က ခြေကုပ်ယူရတယ်။ ဂေါက်သမားတွေ အရိုက်များသွားလို့ နာတဲ့အခါ အဲဒီနေရာလေးမှာ နာတတ်တာမို့ ဂေါ်လဖာ Golfer elbow။

          တင်းနစ်သမားက တံတောင်ဆစ်အပြင်ဘက် (ဘေးဘက်) ပိုင်းမှာ နာပြီး ဂေါက်ဆရာက တံတောင်တစ်အတွင်းဘက်ပိုင်းမှာ နာတယ်ဆိုပါစို့ ဒါက ဘိုကြီးတွေရဲ့ သတ်မှတ်ချက်ပါ။

          တင်းနစ်အဲလ်ဘိုးမှန်းသိအောင် စမ်းရတာက လွယ်ပါတယ်။ လူနာကို လက်ဆန့်ခိုင်း၊ လက်ခုံကို မှောက်ထားခိုင်း။ ဆရာဝန်က လက်ကောက်ဝတ်ကို ကိုင်ပြီး ကွေးချလိုက်ရင် တံတောင်ဆစ်မှာ သွားနာလိမ့်မယ်။ နောက်တစ်နည်းအနေနဲ့ ပြောင်းပြန်စမ်းလိုက်ပါဦး။ လက်ကောက်ဝတ်ကို အစကတည်းက အကွေးခိုင်းထား။ ဆရာဝန်က အဲဒီအတိုင်း ထိန်းထားပြီး လက်ကောက်ဝတ်ကို အကော့ခိုင်း။ အားနဲ့ အကော့ခိုင်းတဲ့ သဘောပေါ့။ တံတောင်ဆစ်မှာ သွားနာမှာပဲ။ ဒါဟာ တင်းနစ်အဲလ်ဘိုးပေါ့။

          မနာအောင် ဘာလုပ်မလဲဆိုတော့ အလွယ်လေးပါ။ နာတဲ့အလုပ်တွေ မလုပ်နဲ့။ နားလိုက်။ သူများဆီမှာဆို နာတဲ့လက်ကို အကောင်းဆုံး အနားပေးနိုင်အောင် လက်သိုင်းလေးနဲ့ ထားတယ်တဲ့။

          အဲဒီလို လက်သိုင်းလေးနဲ့သာ နေနိုင်ရင် အလွန်သက်သာပါတယ်။ သောက်တဲ့၊ လိမ်းတဲ့ ဆေးအာနိသင်လည်း ပိုထိရောက်ပါတယ်။

          တင်းနစ်အဲလ်ဘိုးလို နာတိုင်းအကြောရောင်လို့ချည်း မဟုတ်ဘူးဆိုတာလေး တစ်ခုတော့ သတိပေးရဦးမယ်။ အာရုံကြောညပ်လို့တို့၊ အဆစ်ကိုက ရောင်တာတို့ ဖြစ်နိုင်သေးတယ်။ ဒါတွေက ပညာရှင်အဆင့်မို့ မပြောတော့ပါဘူး။ အဖြစ်လည်း မများလို့ပါ။

          ကျွန်တော် ဒီဆောင်းပါးကို ရှေးရေစက်ကြောင့် မျက်စိလည် လမ်းမှားပြီး ဖတ်မိသူတွေအတွက် တင်းနစ်အဲလ်ဘိုး Tennis Elbow ဆိုတဲ့ စကားလုံးလေးတစ်လုံး ကြားဖူးနားဝ ရှိသွားမယ်ဆိုရင်ကိုပဲ ကျေနပ်လှပါပြီ ခင်ဗျာ။

Credit : ဒေါက်တာအောင်ကျော်မြင့်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18