Print

လည်ပင်ကျီးပေါင်းဝေဒနာကို သက်သာစေမည့် လေ့ကျင့်ခန်း

  17-Sep-2020
Preview Image

၁။ လည်ပင်းကွေးဆန့်လေ့ကျင့်ခန်း (ခေါင်းငုံ့၊ ခေါင်းမော့လေ့ကျင့်ခန်း)

  မတ်မတ်ရပ်ပါ သို့မဟုတ် ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။

  မေးစေ့ကို ရင်ဘတ်ဆီသို့ အနီးကပ်ဆုံးဆွဲကပ်သွားစေဖို့ ဦးခေါင်းကို တဖြည်းဖြည်းချင်းငုံ့ပေးပါ။

  ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းထားပေးပြီးရင် မူလအနေအထားကို ပြန်သွားပါ။

  ပြီးရင် ဦးခေါင်းကို နောက်ဘက်ဆီ တဖြည်းဖြည်းချင်း လှန်ချရင်း လည်ပင်းကို ဆွဲဆန့်ပေးပါ။

  ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ ထိန်းထားပေးပါ။ ပြီးရင် မူလအနေအထားကို ပြန်သွားပါ။

  ဒီနည်းအတိုင်း ခေါင်းငုံ့ခေါင်းမော့လေ့ကျင့်ခန်းကို ၅ ကြိမ်ပြုလုပ်ပေးပါ။


၂။ ဘယ်ညာခေါင်းစောင်းလေ့ကျင့်ခန်း

  မတ်မတ်ရပ်ပါ သို့မဟုတ် ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။

  ဦးခေါင်းကို ညာဘက်ပခုံးဆီ စောင်းချပေးပါ။ ဘယ်ဘက်ပခုံးကပါ လိုက်မမြောက်လာစေဖို့ သတိပြုပါ။

  ဒီပုံစံအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ ထိန်းထားပါ။ ပြီးရင် ဦးခေါင်းကို မူလအနေအထားပြန်ထားပါ။

  ဘက်ပြောင်းပြီး ဦးခေါင်းကို ဘယ်ဘက်ပခုံးဆီ စောင်းချပေးပြီး ညာဘက်ပခုံးကို လိုက်မမြောက်လာစေဖို့ သတိပြုပေးပါ။

  ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းထားပေးပြီး ဦးခေါင်းကို မူလအနေအထားပြန်ထားပါ။

  ဘယ်ညာနှစ်ဖက်လေ့ကျင့်တာကိုမှ ၁ ကြိမ်လို့ သတ်မှတ်ပြီး ၅ ကြိမ်ပြုလုပ်ပေးပါ။


၃။ လည်ပင်းလှည့်လေ့ကျင့်ခန်း

  မတ်မတ်ရပ်ပါ သို့မဟုတ် ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။

  မေးစေ့ကို တည့်တည့်ထားလျက်နဲ့ပဲ မျက်နှာကို ညာဘက်ဆီ တဖြည်းဖြည်းချင်းလှည့်လိုက်ပြီး လည်ပင်းကို ဆန့်ပေးပါ။

  ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်ထိ ထိန်းထားပြီးရင် မျက်နှာကို ရှေ့ဘက်ဆီပြန်ကြည့်ပေးပါ။

  ပြီးရင် အလားတူနည်းအတိုင်းပဲ မျက်နှာကို ဘယ်ဘက်ဆီ တဖြည်းဖြည်းချင်းလှည့်ပေးပြီး လည်ပင်းကို ဆန့်ပေးပါ။

  ဘယ်ညာနှစ်ဖက်ကို ၅ ကြိမ်စီလှည့်ပေးပါ။


၄။ လည်ပင်းဆွဲသွင်းလေ့ကျင့်ခန်း

  ထိုင်ခုံမှာ ကျောမှီလျက်ထိုင်ပါ။ ဦးခေါင်းကို တည့်တည့်ထားပါ။

  မေးစေ့ကို အောက်မချမိစေဘဲ တည့်တည့်အနေအထားအတိုင်းအတွင်းဘက်သို့ ဆွဲသွင်းပေးပါ။

  ဆွဲသွင်းထားသည့် အနေအထားအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်အထိ ထိန်းထားပြီး လည်ပင်းမှာ ဆန့်တင်းမှုရှိနေတာကို အာရုံပြုပေးထားပါ။

  ပြီးရင် မူလအနေအထားကို ပြန်သွားပါ။ ဒီနည်းအတိုင်း ၅ ကြိမ်ပြုလုပ်ပေးပါ။


၅။ ပခုံးလှည့်လေ့ကျင့်ခန်း

  ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ သို့မဟုတ် ခြေနှစ်ဖက်ကို အနည်းငယ်ချဲကားလျက် မတ်မတ်ရပ်ပေးပါ။

  ဦးခေါင်းကို မငုံမိ၊ မမော့မိစေဘဲ တည့်တည့်ထားပြီး ပခုံးတွေကိုပဲ အပေါ်မြှောက်ထားပြီး နောက်ဘက်ဝိုက်ချကာ စက်ဝိုင်းပတ်အပြည့်ပုံစံ လှည့်ပေးရမှာဖြစ်ပါတယ်။

  ၅ ကြိမ်ပြည့်သွားရင် လှည့်တဲ့ဘက်ကို ပြောင်းပြန်ပြန်လှည့်တဲ့အနေနဲ့ ပခုံးတွေကို အပေါ်မြှောက်တင်ပြီး ရှေ့ဘက်ကနေ ဝိုက်ချကာ စက်ဝိုင်းပတ်အပြည့်ပုံစံနဲ့ ၅ ကြိမ်လှည့်ပေးပါ။


၆။ လည်ပင်းဆန့်ထုတ်လေ့ကျင့်ခန်း

  ဦးခေါင်းနောက်ဘက်ကို လက်ဖဝါးနှစ်ဖက်ယှက်တင်ထားပေးပါ။

  ဦးခေါင်းက လက်တွေဆီ တုံ့ပြန်တွန်းပေးထားရင်း လည်ပင်းကို ဆန့်ပေးပါ။

  ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းပေးထားပြီးမှ မူလအနေအထားကိုသွားပါ။


၇။ လည်ပင်းဆွဲတင်း လေ့ကျင့်ခန်း

  လက်နှစ်ဖက်က လက်ညှိုးနဲ့ လက်ခလယ်တွေကို မျက်လုံးနှစ်ဖက်ကြားနေရာမှာ ထောက်ပေးထားပြီး နောက်ဘက်ကို နည်းနည်းလေးတွန်းပေးထားပါ။

  ဦးခေါင်းကိုလည်း လက်ချောင်းတွေ တွန်းထားတဲ့လားရာအတိုင်းဘဲ နောက်ဘက်ဆွဲကာ လည်ပင်းကို ဆွဲသွင်းပေးပါ။

  ဒီအတိုင်း ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းပေးထားပါ။


၈။ ဘေးဘက်တွန်းလေ့ကျင့်ခန်း

ဦးခေါင်းကို မတ်မတ်ထားရင်း ထိုင်ပါ။

 ဦးခေါင်း၏ ယာဘက်နားထင်တွင် ဘယ်ဘက်လက်ဖဝါးနှင့် ထောက်ပေးရင်း တွန်းပေးပါ။

 လက်ဖဝါးကတွန်းသည်ကို ဦးခေါင်းက ဆန့်ကျင်ဘက်တုံ့ပြန်ရင်း ပြန်တွန်းပေးပါ။

 ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းထားပါ။

လက်ကိုဘက်ပြောင်းကာ ဦးခေါင်း၏ ဘယ်ဘက်နားထင်တွင် ဘယ်လက်ဖဝါးနှင့် တွန်းပေးကာအလားတူနည်းအတိုင်း ဦးခေါင်းနှင့် လက်ဖဝါးကို ဆန့်ကျင်ဘက်သို့ ပြန်တွန်းပေးပါ။

 ၅ စက္ကန့်ကနေ ၁၀ စက္ကန့်ထိ ထိန်းထားပြီးမှ မူလအနေအထားကို ပြန်သွားပါ။


၉။ ဦးခေါင်းဆွဲချလျက် လည်ပင်းဆန့်ထုတ်လေ့ကျင့်ခန်း

မတ်မတ်ရပ်ပါ သို့မဟုတ် ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။

ညာဘက်လက်က ဦးခေါင်းအပေါ်ကကျော်ပြီး ဘယ်ဘက်နားထင်နားထိ ထားလိုက်ပါ။

ပြီးရင် ဦးခေါင်းကို ညာဘက်ပခုံးဆီကို တဖြည်းဖြည်းချင်းဆွဲချပေးပါ။ ဘယ်ဘက်ပခုံးကို လိုက်မမြောက်လာစေဖို့ သတိပြုပါ။

လည်ပင်းမှာ တင်းဆန့်နေတာကို အာရုံပြုရင်း ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်လောက်ထိ ထိန်းပေးထားပါ။

ပြီးရင် ဦးခေါင်းကို တဖြည်းဖြည်းပြန်ထောင်ပြီး မူလအနေအထားကို ပြန်သွားပါ။

ဒီနည်းအတိုင်း ဘက်ပြောင်းပြီး ဘယ်ဘက်လက်က ဦးခေါင်းပေါ်ကကျော်ကာ ညာဘက်နားထင်နားထိရင်း ဦးခေါင်းကို ဘယ်ဘက်ပခုံးဆီ တဖြည်းဖြည်းချင်းဆွဲချပေးရမှာ ဖြစ်ပါတယ်။ ညာဘက်ပခုံးကိုလည်း လိုက်မမြောက်လာအောင် သတိပြုပေးပါ။

၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်ထိ ထိန်းထားပေးပြီးရင် မူလအနေအထားကို ပြန်သွားပေးပါ။


၁၀။ လည်ပင်းဘေးကြွက်သားဆန့်ထုတ်လေ့ကျင့်ခန်း

လည်ပင်းဘေးကြွက်သားတွေကို ဆန့်တင်းနိုင်ဖို့ရာအတွက် ပခုံးတွေကို တည့်တည့်ထားရင်း ဦးခေါင်းကို ညာဘက်ပခုံးဘက်ဆီ တိမ်းစောင်းရင်း နောက်လှန်ချပေးပါ။ လည်ပင်းကြွက်သားတင်းနေတာကို ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။

ဒီအနေအထားအတိုင်း ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်အထိ ထိန်းထားပေးပြီး မူလအနေအထားကို တဖြည်းဖြည်းချင်းပြန်သွားပါ။

ဒီနည်းအတိုင်း ဦးခေါင်းကို တိမ်းစောင်းတာကို ဘက်ပြောင်းပြီး တစ်ဖန်ပြုလုပ်ပေးပါ။


Credit : သံသာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18