Print

အဖြစ်များတဲ့ သွေးပြန်ကြောအားနည်းခြင်း

  10-Sep-2020
Preview Image

          ဒီဆောင်းပါးဟာ ကမ္ဘာ့လူဦးရေ သန်း၇ထောင်ကျော်မှာ သန်း ၅ ထောင်ကျော်နီးပါး သတိမထားမိတဲ့ သွေးပြန်ကြောအားနည်းခြင်း၊ ခြေထောက်ရောင်ခြင်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

          လူ့ခန္ဓာကိုယ်မှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောဆိုပြီး နှစ်မျိုးရှိပါတယ်။ နှလုံးက ထွက်လာတဲ့သွေးမှန်သမျှ ခန္ဓာကိုယ်အနှံ့ သွေးလွှတ် (Artery) ကတစ်ဆင့် ပို့ဆောင်ပေးတယ်။ Artery ရဲ့ ထောက်ပံ့မှုကြောင့် ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ကို ရရှိနေတယ်။ ခန္ဓာကိုယ်ထဲရောက်တဲ့ သွေးတွေကို သွေးပြန်ကြော (vein) ကတစ်ဆင့် နှလုံးဆီ ပြန်လည်ပို့ဆောင်တယ်။ ဒီနည်းနဲ့ ခန္ဓာကိုယ်သွေးကြောတွေဟာ စက်ဝိုင်းပုံ လည်ပတ်နေပါတယ်။

          သွေးပြန်ကြောမှန်သမျှ Venous Valves ခေါ်တဲ့ အဆို့ရှင်တွေ ရှိပါတယ်။ Leflets တွေဟာ တစ်ဖက်ပွင့်တံခါးချပ်တွေဖြစ်ပြီး သွေးအပေါ်ရောက်တာနဲ့ တံခါးချပ်ကို အလိုလိုပိတ်ပြီးဖြစ်တယ်။ ဒါ့ကြောင့် သွေးပြန်ကြောထဲ သွေးတွေဟာ အောက်ပြန်မကျဘဲ နှလုံးဆီ ဦးတည်သွားနေတာ ဖြစ်ပါတယ်။

          သွေးပြန်ကြောတွေဟာ အထက်ကို ဆန်တက်ရတာမို့ အချိန်ကြာလာတာနဲ့အမျှ ခံနိုင်ရည်ကျဆင်းလာတာ သဘာဝဖြစ်တယ်။ အထူးသဖြင့် အဆို့ရှင်မလုံတာ၊ ပျက်စီးယိုယွင်းတဲ့အခါမျိုးမှာ သွေးပြန်ကြောအားနည်းပြီး ခြေထောက်မှာ သွေးတွေအိုင်လာတယ်။ ဒါကို Venous Insufficiency ခေါ်ပါတယ်။


ဘာလို့အဆို့ရှင်မလုံသလဲ

          အများစုဟာ ဇရာသဘောအသက်ကြီးလာတဲ့အခါ အဆို့ရှင်တွေ ပျက်စီးရာက ဖြစ်လာတယ်။ အလုပ်အကိုင်နဲ့လည်း သက်ဆိုင်တတ်ပါတယ်။ အထိုင်များတာ၊ မတ်တတ်ရပ်များတာတွေကြောင့်ဖြစ်တယ်။ လှုပ်ရှားမှုနည်းသူ၊ အပျင်းထူသူတွေမှာ ပိုဖြစ်တယ်။ ဆေးလိပ်သောက်တာ၊ လှုပ်ရှားမှုမရှိတာနဲ့လည်း သက်ဆိုင်တတ်တယ်။

          အထူးသဖြင့် အပေါ်ဝိတ်များသူ၊ ကိုယ်ဝန်ဆောင်သူတွေမှာ ပိုအဖြစ်များတယ်။ လေ့လာမှုတွေအရ မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် ပိုဖြစ်နိုင်တယ်။ မျိုးရိုးရှိရင် ဖြစ်နိုင်ခြေပိုများတယ်။

          သွေးပြန်ကြောအားနည်းခြင်းရဲ့ ကနဦးလက္ခဏာရပ်တွေက ခြေထောက်၊ ခြေချင်းဝတ် စတင်ရောင်ကိုင်းလာတာဖြစ်တယ်။ ခြေထောက်ထုံကျဉ်တာ၊ ကိုက်ခဲတာ၊ ခဲဆွဲထားသလို လေးလံတာမျိုးရှိတယ်။ သွေးအိုင်တာ အချိန်ကြာလာတာနဲ့အမျှ ခြေထောက်ခြေချင်းဝတ်အရေပြားတွေ ထူလာ၊ ကြမ်းတမ်းလာတယ်။ ဒါဆို အရေပြားစတင်ယားယံလာပါပြီ။ အချိန်ကြာ မတ်တတ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါမျိုးမှာ ပိုမိုနာကျင်တတ်ပါတယ်။ ညပိုင်း ကြွက်တက်လွယ်လာတယ်။

          ခြေထောက်သွေးကြော အားနည်းသူတွေ ဆက်လက်ဖြစ်လာနိုင်တဲ့ အဆင့် (၆) ဆင့်ရှိပါတယ်။

(၁) ဆံခြည်မျှင်သွေးကြော ပေါ်လာတာ

(၂) သွေးပြန်ကြောဖောင်းကားလာတာ

(၃) ခြေထောက်ရောင်ရမ်းတာ

(၄) အရေပြားအရောင် စတင်ပြောင်းလဲလာတာ

(၅) ခြေထောက်အနာ စတင်ပေါ်ပေါက်လာတာ

(၆) ခြေထောက်အနာရင်းလာတာ စတဲ့အဆင့်တွေ ဖြစ်ပါတယ်။


          သွေးသဘောက အိုင်တာကြာရင် ခဲပြီး ပိတ်ဆို့လာတတ်တယ်။ ခြေထောက်သွေးပြန်ကြောပိတ်တာကို deep vein thrombosis ခေါ်ပါတယ်။ ပိတ်နေတဲ့ သွေးခကြ အငြိမ်မနေဘဲ ပြုတ်ထွက်သွားရင်တော့ အဆုတ်မှာ ပိတ်ဆို့တတ်တယ်။ အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) ဖြစ်ရင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။

          သွေးပြန်ကြောအားနည်းခြင်းအတွက် ကုသနည်းအမျိုးမျိုးရှိတယ်။

(၁) သောက်ဆေး (venoactive drug)

(၂) လိမ်းဆေး (topical)

(၃) ခြေအိတ်ရှည်ဝတ်ခြင်း (compression stocking)

(၄) သွေးကြောရှုံ့ဆေးထိုးခြင်း (sclerotherapy)

(၅) ခွဲစိတ်နည်း (surgery) တွေဖြစ်တယ်။

          ဒီထဲမှာ ပြန်ရည်ကြောအားကောင်းစေတဲ့ဆေး (venoactive drug) တွေက အသုံးများဆုံးဖြစ်ပါတယ်။ ဈေးကွက်မှာ daflon ဆေးက လူသိများပါတယ်။ အလွယ်ရနိုင်တယ်။ လိပ်ခေါင်းရောဂါမှာလည်း ပေးတယ်။


          Micronized နည်းပညာအသုံးပြုထားလို့ ပျောက်တာ တခြားဆေးထက် မြန်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ခွဲစိတ်ပြုပြင်တာဖြစ်တယ်။ ခွဲစိတ်နည်းကို လူနာရဲ့ ၁၀ %အောက်မှာပဲ သုံးကြပါတယ်။


ဘယ်လိုကာကွယ်တားဆီးမလဲ

          ထိုင်သည့်အခါ ခြေထောက်ကို အရာဝတ္ထုတစ်ခုခုအပေါ်မြှင့်ထားပါ။ ဒေါက်အလွန်မြင့်သော ဖိနပ်တွေမစီးပါနဲ့။ ကြာရှည်စွာ မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်းမျိုးရှောင်ပါ။ အဝမလွန်စေဖို့ ကိုယ်အလေးချိန်ထိန်းပါ။ အပေါ်ဖိအားသက်သာစေဖို့ပါ။ နေပူခံခြင်း၊ ရေပူချိုးခြင်းတို့ကို ရှောင်သင့်တယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ခြေထောက်ကို ရေအေးဖြင့် လောင်းပေးပါ။ ခြေထောက်ကို ရသလောက် မြှောက်ပြီး ၅ မိနစ်လောက်ထားပြီးမှ အိပ်ပါ။ ပြန်ရည်ကြောအားကောင်းဖို့ ခြေထောက်ကို နှိပ်နယ်ပေးသင့်တယ်။

Credit : ဒေါက်တာ အေးမင်းထူး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18