Print

အမျိုးသမီးတွေရဲ့ အိပ်မက်ဆိုး “ရင်သားကင်ဆာ”

  05-Apr-2020
Preview Image

          ရင်သားအတွင်းကဆဲလ်တွေ ပုံသဏ္ဍာန်ပြောင်းလဲရာမှ ရင်သားကင်ဆာစတင်ဖြစ်ပေါ်လာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ ၂၀၁၂ ခုနှစ်က အမျိုးသမီးတွေမှာ ရင်သားကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အဖြစ်အများဆုံး၊ သေဆုံးမှုရောဂါအများဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုဖြစ်ရတာက တွေ့တာနောက်ကျပြီး ကုရခက်သွားလို့ စတဲ့ အကြောင်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရင်သားကင်ဆာရောဂါအဖြစ်အများဆုံးရောဂါပဲဖြစ်ပါတယ်။

          အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေအများဆုံး ဆိုပေမယ့် အမျိုးသားတွေလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။


          မိခင်၊ ညီအစ်မ၊ အဘွားနဲ့ အဒေါ်တွေမှာ ရင်သားကင်ဆာဖြစ်ဖူးသူ၊ အသက် ၁၂ နှစ်မတိုင်မီ စောစီးစွာ ရာသီစလာသူ၊ အသက် ၅၅ နှစ်နောက်ပိုင်းမှ သွေးဆုံးသူ၊ အမျိုးသမီး ဟော်မုန်းတွေကို ငါးနှစ်အထက် အသုံးပြုသူ၊ ကိုယ်အလေးချိန် များလွန်းသူ၊ အဝလွန်သူနဲ့ ဆေးလိပ်သောက်သုံးသူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ သတိပြုရမယ့် အချက်က ဘယ်လိုဖြစ်နိုင်ခြေမှ မရှိပေမယ့်လည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၃၀ ကျော်မှ သားဦးမွေးတဲ့သူ၊ ကလေးမမွေးတဲ့သူနဲ့ မိမိကလေးကို နို့ချိုမတိုက်ကျွေးတဲ့ သူတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ အသက် ၄၀ ကျော်လာလေ၊ ရင်သားကင်ဆာဖြစ်ပွားနှုန်းများလာလေ ဖြစ်တယ်ဆိုတာကို သတိပြုပြီး စောစောရှာဖွေသင့်ပါတယ်။


          အမျိုးသမီးတွေအားလုံး မိမိသည် ရင်သားကင်ဆာဖြစ်နိုင်သည်လို့ ခံယူပြီးတော့ ကာကွယ်လို့ရတာ ကာကွယ်မယ်၊ စောစစ်ဖို့လည်း လိုပါတယ်။

          ရင်သားကင်ဆာက မျိုးရိုးဗီဇနဲ့ ဆက်စပ်နေပါတယ်။ မျိုးရိုးဇီဇ HER 2 (Human Epidermal Growth Factor Receptor 2) က ရင်သားကင်ဆာဆဲလ်ပွားများစေတာနဲ့ ပါဝင်ပတ်သက်နေလို့ ရင်သားကင်ဆာမျိုးရိုးရှိရင် အဓိက စစ်ဆေးသင့်တာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီးငါးဦးမှာ တစ်ဦးက HRE 2 မျိုးရိုးဗီဇများနေတာကို တွေ့ရပါတယ်။


          ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ ရင်သားနဲ့ ချိုင်းနေရာမှာ အလုံး၊ အကျိတ်ပေါ်လာတာ၊ ရင်သားအရေပြားရောင်ရမ်းတာ၊ အရောင်ပြောင်းလာတာ၊ ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန်ပြောင်းလဲသွားတာ၊ ရင်သားအရေပြားချိုင့်ဝင်တာ၊ နို့သီးယားယံတာ၊ နို့သီးအနာဖေးတက်တာ၊ နို့သီးခေါင်းက အတွင်းကို ချိုင့်ဝင်သွားတာ၊ နို့သီးခေါင်းကနေ အရည်နဲ့သွေးထွက်တာ၊ ရင်သားတစ်နေရာတည်းမှာ တင်းတာ၊ နာတာစတာတွေဖြစ်ပါတယ်။ ရင်သားအပေါ် အပြင်ဘက်မှာ အလုံး၊ အကျိတ်တွေ့ရင် အထူးသတိထားပြီး စစ်ဆေးဖို့ လိုပါတယ်။


          မိမိရင်သားကို မိမိဘာသာ စမ်းသပ်တာက စရိတ်စကလည်းမရှိဘဲ လွယ်ကူရိုးစင်းပြီး ထိရောက်တဲ့နည်းဖြစ်ပါတယ်။ အသက် ၂၀ ကျော်ချိန်ကစပြီး မိမိရင်သားမိမိကိုယ်တိုင်စမ်းသပ်မှုကို စတင်လုပ်ဆောင်သင့်ပါတယ်။ လစဉ်ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပေါ်တဲ့ နေ့ရက်ကနေ တစ်ပတ်အကြာမှာ အဲဒီလို စမ်းသပ်ပြီး ပုံမှန်မဟုတ်တဲ့ အသွင်အပြင်၊ ခံစားမှု၊ ရင်သားပြောင်းလဲမှုမှန်သမျှ သတိပြုမိတာနဲ့ ဆရာဝန်ထံ ချက်ချင်းအသိပေးရမှာ ဖြစ်ပါတယ်။


          စမ်းတဲ့နည်းက လွယ်ပါတယ်။ စနစ်သိပ်ကျဖို့ မလိုဘူး၊ စမ်းဖြစ်ဖို့ပဲလိုပါတယ်၊ မှန်ရှေ့မှာ တည့်တည့်ရပ်ပြီး လက်နှစ်ဖက်လုံးကို ဘေးမှာဖျော့ပြီး ချထား၊ ပြီးရင်မိမိရင်သားကို သေချာကြည့်ရမယ်။ ပြီးရင် လက်လေးသုံးချောင်းနဲ့ စက်ဝန်းအတိုင်း လှည့်ပြီးစမ်းကြည့်ရမယ်။ ဘယ်ဘက်ကို ညာလက်နဲ့စမ်းရမယ်။ ညာလက်ကိုဘယ်လက်နဲ့စမ်းရမယ်။ ပက်လက်လှန်ပြီးလည်း စမ်းလို့ရတယ်။ ချိုင်းနှစ်ဖက်စလုံးကိုလည်း စမ်းဖို့မမေ့ပါနဲ့။ ရင်သားဓာတ်မှန်ရိုက်တာ (Mammogram) ကိုတော့ အသက် ၄၀ နဲ့ အထက် ၄၄ နှစ်အထိ တစ်နှစ်တစ်ကြိမ်ရိုက်ပြီး စမ်းလို့ရတယ်။ အသက် ၄၅ နှစ်နဲ့ ၅၄ နှစ်အထိဆိုရင်တော့ တစ်နှစ်တစ်ကြိမ် မဖြစ်မနေပေါ့။ စမ်းသပ်သင့်တယ်။ အသက် ၅၅ နှစ်နဲ့ အထက်ကတော့ တစ်နှစ်ခြားပြီး တစ်ကြိမ်စမ်းသပ်လို့ရပါတယ်။ နှစ်ခုစလုံး ပေါင်းလုပ်တာကတော့ ကောင်းပါတယ်။

 

         ကုသနိုင်တဲ့နည်းတွေကတော့ ရောဂါအဆင့်ပေါ်မူတည်ပြီး လူနာတစ်ယောက်တည်းမှာပဲ ခွဲလည်းခွဲရတယ်၊ ဓာတ်ရောင်ခြည်လည်းပြရတယ်၊ ကင်ဆာဆေးလည်းသွင်းရတယ်၊ ဟော်မုန်းဆေးလည်းသွင်းရတယ်။


          ရင်သားကင်ဆာ အဆင့်တစ်ဆိုရင် ရင်သားမှာပဲ ရှိသေးတယ်၊ ပျောက်ကင်းနိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိတယ်၊ အဆင့် ၂ ဆိုရင် ချိုင်းရောက်သွားပြီ။ ပျောက်ကင်းနိုင်ခြေက ၈၈ ရာခိုင်နှုန်း၊ အဆင့်သုံးက ရင်သားမှာပဲ အကျိတ်က ကြီးလာပြီ။ ဒါဆိုရင် ၅၂ ရာခိုင်နှုန်းနဲ့ အဆင့်လေးကတော့ ဆဲလ်ကနေရာ အတော်များများပျံ့နှံ့နေတတ်တော့ ပျောက်ကင်းနိုင်ခြေ ၁၆ ရာခိုင်နှုန်းရှိပါတယ်။


          ရင်သားကင်ဆာရောဂါကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရောဂါကို စောစောစီးစီး တွေ့ရှိတာကသာ အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ စောစောရှာဖွေတွေ့ရှိရင် ရင်သားကင်ဆာကြောင့် သေဆုံးမှုကို လျှော့ချနိုင်မှာပါ။ စောစောစီးစီးတွေ့တာ၊ ရောဂါ အဆင့်နုချိန် (အဆင့် ၁၊ ၂) မှာတွေ့ရှိတာ၊ တွေ့ရှိတာနဲ့ သက်ဆိုင်ရာဆရာဝန်ဆီကို အချိန်မီ လွှဲပြောင်းကုသစေတာ၊ လူနာကလည်း ရောဂါရှာဖွေပြီး ဆေးကုသမှုကို ထိရောက်တဲ့အထိ ခံယူတာ စတဲ့အချက်တွေက ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းကို လျှော့ချနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ရှက်တာ၊ ကြောက်တာတွေရယ်၊ ဆေးမြီးတိုတွေနဲ့ ကုသတာကြောင့် ရောဂါက ပိုရင့်ပြီး ဆိုးဝါးလာစေပါတယ်။


          ကင်ဆာကို ဘယ်သူမှ မဖြစ်ချင်ကြဘူး။ ကာကွယ်လို့ရတဲ့ ကင်ဆာတွေကို ကာကွယ်ကြမယ်။ ကင်ဆာကာကွယ်လို့ရတာက သုံးယောက်မှာတစ်ယောက်ရှိပါတယ်။ ကာကွယ်လို့မရတဲ့ ကင်ဆာတွေကို စောသိဖို့လိုပါတယ်။ ကာကွယ်လို့ရတယ်ဆိုတာက ဆေးလိပ်၊ အရက်၊ ဆေးရွက်ကြီးစတာတွေကို မလုပ်ဘဲ နေရမယ်။ ဒါတွေကလည်း လူတိုင်းမလုပ်ဘူး။ ဒါတွေမလုပ်တဲ့သူတွေက အသည်းရောင်ဘီပိုးရှိ၊ မရှိ စစ်ပါ။ မရှိဘူးဆိုရင် ကာကွယ်ဆေးထိုးတဲ့အခါ အသည်းရောင်ဘီပိုးကြောင့်ဖြစ်တဲ့ ကင်ဆာကို ကာကွယ်ပြီးသားဖြစ်သွားတယ်။ ကင်ဆာမဖြစ်ပါစေနဲ့ဆိုပြီး ဆုတောင်းလို့လည်းမရဘူး။ ဒါကြောင့် အသက်အရွယ်တစ်ခုရောက်လာပြီဆိုရင် အစားအသောက် အနေအထိုင်ထိန်းသိမ်းမယ်၊ အဝမလွန်စေနဲ့၊ အမျိုးသမီးငယ်လေးတွေ အရွယ်ရောက်လာတဲ့အခါ မိမိရင်သားကို စမ်းတာကို အကျင့်လေးလုပ်ပြီး သင်ပေးရမယ်။ ဖြစ်တဲ့သူတွေလည်း အားမငယ်ပါနဲ့ ရင်သားဆိုတာ အမျိုးသမီးတွေအတွက် အလှအပဆိုင်ရာတစ်ခုဖြစ်လို့ အခုဆိုရင် ရင်သားအတုတွေလည်း ပေါ်လာပါပြီ။ နိုင်ငံတကာမှာတော့ အစားထိုးတာလုပ်တာ ရှိပါတယ်။ အမျိုးသမီးတိုင်း ရင်သားကင်ဆာ ရောဂါကင်းဝေးပြီး ကျန်းမာလှပနိုင်ပါစေ။

Credit : ပါမောက္ခ ဒေါက်တာ ရင်ရင်ထွန်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18