Print

ကာကွယ်ပါ သွေးတိုးရောဂါ

  23-Mar-2020
Preview Image

          သွေးတိုးရောဂါဆိုတာ ကာလရှည်ကြာဒုက္ခပေးတဲ့ရောဂါပါ။ သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲအနေနဲ့ နှလုံသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါစတဲ့ အသက်အန္တရာယ်ထိခုက်ဆုံးရှုံးစေနိုင်သော ရောဂါတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် သွေးတိုးရောဂါကို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါလို့ အကြံပြုပါရစေနော်။

          သွေးတိုးရောဂါဟာ အသက်အရွယ်၊ နေထိုင်မှုပုံစံ၊ အစားအသောက်၊ မျိုးရိုးစတာတွေကြောင့် အဖြစ်များပြီး ကြိုတင်ကာကွယ်ဖို့ရာ မခက်ခဲပါဘူး။ သွေးတိုးရောဂါကို ကာကွယ်ဖို့ဆိုရင် . . .


ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          အဝလွန်တဲ့သူတွေမှာ သွေးတိုးရောဂါအဖြစ်များတာ တွေ့ရသလို သွေးတိုးရောဂါကို ကာကွယ်ဖို့ဆိုရင် ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားဖို့ အကြံပြုပါရစေ။


အာဟာရမျှတစွာ စားသောက်ပါ။

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို မျှတစွာ စားသောက်ပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ကောင်းစွာထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ဆိုဒီယမ်ပမာဏကို လျှော့ချထိန်းပေးနိုင်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးဖို့နဲ့ အဆီ၊ အချိုနဲ့ ကယ်လိုရီစားသုံးမှုကို လျှော့ချပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ကောင်းကောင်းထိန်းညှိထားနိုင်မှာ ဖြစ်ပါတယ်။


ဆား (အငန်) စားသုံးမှု လျှော့ချပါ။

          သွေးတိုးရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ဆား(အငန်) လွန်ကဲစွာစားသုံးမှုက နံပါတ် (၁) ပါပဲ။ ဒါကြောင့် ဆား(အငန်) လွန်ကဲတဲ့ အစားအစာတွေ၊ အမြန်စာ၊ ဆားနယ်ထားတဲ့အသား၊ ငါး၊ ပြန်လည်ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ အကြံပြုပါရစေ။


လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

          သွေးတိုးရောဂါကို ထိရောက်စွာ ကာကွယ်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားကို တစ်ပတ်မှာ အနည်းဆုံး (၃) ကြိမ်၊ အနည်းဆုံးကြာချိန် မိနစ်(၃၀) ခန့် ပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုရော သွေးပေါင်ချိန်ကိုပါ ထိန်းထားနိုင်မှာပါ။


အယ်လ်ကိုဟောလ် (အရက်) ကိုလျှော့ချပါ။ တတ်နိုင်ရင် လုံးဝဖြတ်ပါ။

          အရက်၊ ဘီယာစတဲ့ အယ်လ်ကိုဟောလ်ပါဝင်တဲ့ အဖျော်ယမကာရည်တွေဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ အရက်ကို လုံးဝ မသောက်ရင် အကောင်းဆုံးဆိုပေမယ့် မသောက်ရ မနေနိုင်သူတွေအတွက် တစ်နေ့ (၁) ခွက် ၊ (၁) ပက်ထက်ပိုမသောက်ဖို့ အကြံပြုပါရစေ။


သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ။

          တချို့သောသူတွေက သွေးပေါင်ချိန်တက်နေပေမယ့် သွေးတိုးလက္ခဏာမပြတတ်လို့ သွေးတိုးလို့ တိုးနေမှန်းမသိကြပါဘူး။ ဒါကြောင့် သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းကြည့်ဖို့ လိုအပ်ပါတယ်။

          ဒီအချက်လေးတွေကို သတိပြုလိုက်နာဆောင်ရွက်ပြီး သွေးတိုးရောဂါကို ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

Credit : သဉ္စာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18