Print

အသက် ၄၀ ကျော်လာချိန်တွင် ဝိတ်တက်ရသော အကြောင်းများ

  09-Mar-2020
Preview Image

အစာစားချင်စိတ် မြင့်မားခြင်း    

          ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏ မညီမျှတဲ့အခါ အစာစားချင်စိတ်တွေ မြင့်မားလာပြီး မကြာခဏ ဆာလောင်တတ်ပါတယ်။ ပုံမှန်အစာပိုစားတဲ့အပြင် တချို့လည်း အလွန်အကျွံစားတာကြောင့် ကိုယ်အလေးချိန်သိသိသာသာ တိုးလာပါတယ်။


အသက်ကြီးလာခြင်း

          အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်မှုတွေ နှေးလာပါတယ်။ အထူးသဖြင့် တစ်ကိုယ်တည်းနေသူတွေဟာ ပိုမိုသိသာလာပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှု နှေးတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းမှုတွေလည်း နှေးလာလို့ အဆီတွေ စုမိလာပါတယ်။ အထူးသဖြင့် ခါးတစ်ဝိုက်မှာ အဆီတွေစုပြီး ဝဖြိုးလာပါတယ်။


အင်ဆူလင်ဟော်မုန်း အာနိသင်လျော့နည်းခြင်း

          ဆွတ်ဆွတ်ဖြူတဲ့ သကြား၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစာတွေ စားသုံးမှုများတာက အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်ကို လျော့နည်းသွားစေပါတယ်။ အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင်တွေ လျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး ကိုယ်အလေးချိန်တက်လာပါတယ်။


အစာစားသုံးမှု အလေ့အကျင့်ကောင်းများ မရှိခြင်း

          ငယ်ရွယ်ချိန်မှာ သိပ်မသိသာပေမယ့် အသက် ၄၀ ကျော်လာချိန်မှာ သင့်ရဲ့အစာစားသုံးမှု အလေ့အထဆိုးတွေက သင့်ကို အမှန်တကယ် ဝဖြိုးစေတဲ့အကြောင်းပါ။ အလုပ်အကိုင်၊ အိမ်ထောင်မှုတွေနဲ့ မအားလပ်တာကြောင့် မနက်စာ မစားဘဲနေတာ၊ စားတဲ့အခါ အလွန်အကျွံဝအောင် စားသုံးတာတွေက ကိုယ်အလေးချိန်တက်ပြီး ဝဖြိုးလာစေပါတယ်။


စုပုံလာခြင်း

          အမျိုးသမီးများ အများစုက အသက် ၄၀ ကျော်လာချိန်မှာ သွေးဆုံးခါနီး အချိန်ကို ရောက်လာတာကြောင့် ခန္ဓာကိုယ်မှာ ကြွက်သားတွေ လျော့နည်းလာပါတယ်။ ကြွက်သားတွေ နည်းသွားတာကြောင့် အဆီတွေ အစားထိုးနေရာယူလာပါတယ်။


စိတ်ဖိစီးမှုများခြင်း

          အသက် ၄၀ ကျော်အရွယ်မှာ ငယ်စဉ်ကထက် စိတ်ဖိစီးမှုတွေ ပိုများလာပါတယ်။ ကလေးတွေအတွက် ပူပန်ရတာ၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးစတာတွေအတွက် ပူပန်မှုတွေ တစ်မျိုးမဟုတ်တစ်မျိုးက မရိုးအောင် ရှိနေပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ အက်ဒရီနယ်ဂလင်းက ကော်တီဇောဟော်မုန်းတွေထုတ်ပြီး စိတ်ဖိစီးမှုကို တွန်းလှန်ဖို့ကြိုးစားပါတယ်။ ကံမကောင်းစွာဘဲ ခန္ဓာကိုယ်မှာ ကော်တီဇောဟော်မုန်းက ကိုယ်အလေးချိန်လျော့နည်းမှု မဖြစ်စေဖို့ တားဆီးတာကြောင့် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကိုယ်အလေးချိန်မြင့်တက်လာပါတယ်။


ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

          အသက် ၄၀ ကျော်လာချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလည်း သိသိသာသာ လျော့နည်းလာပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါက ကယ်လိုရီတွေ လောင်ကျွမ်းပြီး အဆီဖြစ်ပေါ်မှုကို တားဆီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိပါက ခန္ဓာကိုယ်မှာ အဆီတွေ စုလာတာကြောင့် ဝဖြိုးလာပါတယ်။


ဆေးဝါးများ သောက်သုံးနေခြင်း

          အမျိုးသမီးတွေ  အသက် ၄၀ ကျော်လာတဲ့အခါ ကျန်းမာရေးပြဿနာတစ်ခုမဟုတ် တစ်ခု ရှိနေတတ်ပါတယ်။ အဲဒီကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ခန္ဓာကိုယ်ဝဖြိုးတတ်ပါတယ်။ စိတ်ကျရောဂါကုဆေးနဲ့ စတီးရွိုက်လို ဆေးမျိုးတွေက ကိုယ်အလေးချိန် တက်စေပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18