Print

အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မည့် သာမန်အပြုအမူလေးမျာ...

  02-Mar-2020
Preview Image

          အယ်လ်ဇိုင်းမားကို အမြစ်ပြတ်ပျောက်အောင် လုပ်ပေးနိုင်တဲ့ ဆေး ဒါမှမဟုတ် ထိထိရောက်ရောက် ကုပေးနိုင်တဲ့ ဆေးရယ်လို့ မရှိသေးပါဘူး။ ဒါပေမယ့် အယ်လ်ဇိုင်းမားဖြစ်စေတဲ့ အဓိကအချက်တွေကိုတော့ ပါးပါးနပ်နပ် အနိုင်ပိုင်းလို့ရပါတယ်။ အယ်လ်ဇိုင်းမားဖြစ်စေတဲ့ အဓိကအချက်တွေကတော့ ဆီးချို၊ သွေးဖိအားမြင့်တာ၊ ကိုလက်စထရောမြင့်တာ၊ စိတ်ဖိစီးမှုများတာ၊ အထီးကျန်တာနဲ့ အိပ်ရေးပျက်တာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ဇိုင်းမားကို အနိုင်ပိုင်းနိုင်မယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။


မနက်ခင်းမှာ ကော်ဖီသောက်ပါ။

          ညနေဘက်မှာ ကော်ဖီသောက်ရင် အိပ်မရဖြစ်တတ်ပြီး အဆိုးဆုံးကတော့ နောက်ဆုံးမှာ ဦးနှောက်ကိုထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် မနက်ခင်းမှာ သောက်တဲ့ကော်ဖီနဲ့ မနက် ၁၁ နာရီလောက်မှာ သောက်တဲ့ကော်ဖီ ကတော့ အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြေရှိပါတယ်။ ကဖင်း ၂၀၀ မီလီဂရမ် (ကော်ဖီပြင်းပြင်းတစ်ခွက်မှာပါတဲ့ ကဖင်းပမာဏ) က မှတ်ဉာဏ်ပိုကောင်းအောင်၊ အချက်အလက်အသစ်တွေကို ပိုလွယ်လွယ်ကူကူနဲ့ မှတ်မိအောင် အထောက်အကူပြုပေးနိုင်ပါတယ်။


သူစိမ်းတွေနဲ့ စကားစမြည်ပြောပါ။

          လူတွေဟာ ဘတ်စကားပေါ်မှာ၊ လေယာဉ်ပေါ်မှာ၊ ရထားပေါ်မှာ သူစိမ်းနဲ့ ဘေးချင်းကပ်ထိုင်ရရင် မိတ်ဖွဲ့လေ့မရှိဘဲ ကိုယ့်ဘာသာကိုယ်ပဲ နေလေ့ရှိပါတယ်။ ဒါပေမယ့် သူစိမ်းနဲ့မိတ်ဖွဲ့ရတာ ထင်သလောက်မခက်လှဘူးလို့ ချီကာဂိုတက္ကသိုလ်လေ့လာချက်တစ်ခုက အခိုင်အမာဆိုပါတယ်။ တစ်ယောက်တည်း ငူငူကြီး ထိုင်နေတာထက် ဘေးက သူစိမ်းနဲ့ စကားပြောရင်း လိုရာခရီးသွားရတာကို ပိုကောင်းတယ်လို့ လေ့လာချက်မှာပါခဲ့တဲ့ လူတွေကဆိုပါတယ်။ အထီးကျန်ရင် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေများတော့ ဒီလိုစကားစမြည်ပြောတာက အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပါ။


တခြားခွေးပိုင်ရှင်တွေနဲ့ မိတ်ဖွဲ့ပြီး ခွေးကျောင်းအတူထွက်ပါ။

          အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတိုင်းအတွက် အဖော်မွန်ပါ။ ပိုင်ရှင်တွေ ရင်ဖွင့်သမျှကို သူတို့က စိတ်ဝင်တစားနားထောင်ပေးလေ့ရှိပါတယ်။ ကိုယ်က ခွေးမွေးထားတယ်ဆိုရင် အိမ်နီးချင်းခွေးပိုင်ရှင်တွေနဲ့ မိတ်ဖွဲ့ထားပြီး ခွေးကျောင်းထွက်ရင် အတူထွက်ပါ။ အပေါင်းအသင်းတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူရှိနေတာက အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ပေးနိုင်လို့ပါ။


အရောင်တောက်တဲ့ အသီးအနှံကို လျှော့စားပါ။

          အရောင်တောက်တဲ့အသီးအနှံတွေဟာ Antioxidant တွေ အများကြီးပါပါတယ်။ အသီးအနှံများများစားတဲ့လူဟာ အသက် ၆၅ နှစ်နောက်ပိုင်းမှာ သင်ယူနားလည်မှုစွမ်းရည် ကျသွားနိုင်ခြေနည်းပါတယ်။ အသီးအနှံတစ်နေ့လေးကြိမ်ကျော်စားရင် တစ်နေ့တစ်ကြိမ်ပဲစားတာထက် ပိုကောင်းပါတယ်။


ရယ်မောပါ

          “ရယ်သောသူ အသက်ရှည်၏” ဆိုသလိုပဲ ရယ်တာဟာ ကျန်းမာရေးကို တကယ်ကောင်းစေပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာဆို “ရယ်မောခြင်း ကလပ်အဖွဲ့” ဆိုပြီးအဖွဲ့တွေ ရှိပါတယ်။ အဲဒီအဖွဲ့တွေကို စိတ်ပညာရှင်တွေ၊ ကုထုံးပညာရှင်တွေ ဦးဆောင်ပါတယ်။ အားရပါးရရယ်မောလိုက်ရင် လူတွေဟာ စိတ်ရွှင်လန်းသွားပြီး နာကျင်မှု၊ စိတ်ဖိစီးမှုနဲ့ သွေးဖိအားလျော့ကျသွားပါတယ်။ ပြီးတော့ ကိုယ်ခံအားလည်းကောင်းလာပါတယ်။ နိုင်ငံခြားက ဘိုးဘွားရိပ်သာတွေမှာဆိုရင် တစ်ပတ်ကို နှစ်ကြိမ် လူရွှင်တော်တွေ လာဖျော်ဖြေရပါသတဲ့။ လူရွှင်တော် ပြက်လုံးတွေကို နားထောင်ပြီး ရယ်မောတဲ့ အဘိုးအဘွားတွေဟာ ရန်လိုတာ၊ ကဂျီကဂျောင်ကျတာ သိသိသာသာ နည်းသွားပါသတဲ့။


အပင်စိုက်ပါ

          ပေါင်းသင်တာ၊ ညှိုးနွမ်းနေတဲ့ သစ်ရွက်တွေကို လိုက်ခြွေပေးတာတွေဟာ နှလုံးခုန်နှုန်းကို မြန်လာစေပြီး လက်ချောင်း၊ လက်မောင်း၊ ပခုံး၊ ကျောနဲ့ ခြေထောက်ကြွက်သားတွေကို သန်မာစေပါတယ်။ အိမ်ပြင်ဘက်ထွက်ပြီး ပန်းကြားထဲ၊ အပင်တွေကြားထဲလျှောက်သွားနေရတာကိုက စိတ်ကို ရွှင်လန်းစေပါတယ်။ ပြီးတော့ အစေ့ကို ဘယ်အချိန်မှာ ပျိုးမယ်။ ဘယ်အချိန်မှာ အကိုင်းအခက်ချိုင်ပေးရမယ်၊ ပိုးမစားအောင် ဘယ်လိုကာကွယ်ပေးရမယ် စတာတွေကို စဉ်းစားနေရတာကိုက ဦးနှောက်ကို အလုပ်ပေးနေသလိုဖြစ်ပြီး အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို လျှော့ချပေးပါတော့တယ်။


အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်ပေးပါ။

          ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် မွေးထားတယ်ဆိုရင် သူတို့ကို ကိုယ်တိုင်ကိုယ်ကျသင်ပေးပါ။ ကိုယ့်ခွေးလေး၊ ကြောင်လေးကို တန်းကိုဘယ်လိုခုန်ရမယ်၊ ဝင်္ကပါလေးထဲကနေ ဘယ်လိုပြန်ထွက်ရမယ် စတာတွေသင်ပေးလို့ရပါတယ်။ ဒီလိုသင်ပေးရင် လုပ်ပြီးသားလည်း ဖြစ်သွားသလို ဦးနှောက်ကိုလည်း အလုပ်ပေးပြီးသားဖြစ်သွားပြီး ခွေးလေး၊ ကြောင်လေးနဲ့လည်း ပိုရင်းနှီးသွားပြီးသား ဖြစ်သွားပါလိမ့်မယ်။ သခင်နဲ့ ပိုပြီးနီးနီးကပ်ကပ်နေရရင် သူတို့လည်းပျော်သလို ကိုယ်လည်းပျော်မှာပါပဲ။


ငါးစားပါ။

          ဆယ်လ်မွန်ငါးနဲ့ တခြားငါးတွေ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်စားတဲ့လူတွေဟာ ငါးသိပ်မစားတဲ့လူ ဒါမှမဟုတ် ငါးလုံးဝ မစားတဲ့လူတွေအတွက် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါပေမယ့် မွေးမြူရေးငါးထက် သဘာဝအတိုင်းရတဲ့ငါးက အာဟာရတွေ အများကြီးပိုပါပါသတဲ့။

Credit : ချယ်ရီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18