Print

အစာအိမ်ကင်ဆာအကြောင်းသိကောင်းစရာ

  31-Jan-2020
Preview Image

ဘယ်လိုအကြောင်းတွေကြောင့် အစာအိမ်ကင်ဆာဖြစ်နိုင်ပါသလဲ။

          အစာအိမ်မှာ အနာဖြစ်တာကနေ ကင်ဆာဖြစ်လာတယ်။ ဒါမှမဟုတ် အစာအိမ်မှာ ကင်ဆာအနာကြီးဖြစ်လာတယ်။ ဒါကို အစာအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ တချို့တွေက အစားအသောက်မှာပါတဲ့ ရောဂါပိုးမွှားတွေကြောင့်ဖြစ်တယ်။  ပြီးတော့ သူရဲ့ နဂိုဗီဇအရ ကင်ဆာဖြစ်နိုင်ချေရှိနေတဲ့အခါ အစာအိမ်ကင်ဆာဖြစ်နိုင်တယ်။ နိုက်ထရိုစမင်း၊ နိုက်ထရိုစမိုက်လို့ခေါ်တဲ့ အခေါက်ကင်တွေမှာပါတဲ့ ယမ်းစိမ်းနဲ့လုပ်ထားတဲ့ အကင်တွေကို စားမိတဲ့အခါ၊ မဲတူးပြီး ကျွမ်းသွားတဲ့အစာတွေကို စားမိတဲ့အခါမှာ အစာအိမ်ကင်ဆာဖြစ်နိုင်ပါတယ်။ တချို့ကလည်း လက်လုပ်ချဉ်တွေစားရင် ဖြစ်တယ်လို့ပြောတယ်။ ဒါပေမယ့် လက်လုပ်ချဉ်နဲ့ပတ်သက်ရင် အရင်တစ်ခါကပြောတဲ့ အစာအိမ်ရောဂါပိုးဖြစ်တဲ့ H Pylori ရောဂါပိုးကြောင့် ဖြစ်နိုင်တယ်၊ ဒီပိုးက အစာအိမ်အနာပဲဖြစ်တာမဟုတ်ဘူး။ အစာအိမ်ကင်ဆာကိုလည်း ဖြစ်စေတယ်။ ပြီးတော့ လင်ဖိုးမား (Lymphoma) လို့ခေါ်တဲ့ တစ်ကိုယ်လုံးမှာ ဖြစ်တတ်တဲ့ အကျိတ်ကင်ဆာက အစာအိမ်မှာလည်း ဖြစ်နိုင်တယ်။ အစာအိမ်မှာဖြစ်တတ်တဲ့ အကျိတ်ရောင်ရောဂါကြောင့်လည်း အစာအိမ်ကင်ဆာဖြစ်နိုင်တယ်။ အစာအိမ်ရောင်ရမ်းတဲ့ရောဂါကို အကြာကြီးခံစားနေရတာမျိုးဆိုရင်လည်း နောင်တစ်ချိန်မှာ ဒီရောဂါက ကင်ဆာအဖြစ်ကို ပြောင်းသွားပြီး အစာအိမ်ကင်ဆာအဖြစ် ပြောင်းသွားနိုင်တယ်။ တခြားအကြောင်းအရာတွေကြောင့်လည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။


တခြားဘယ်လိုအကြောင်းတွေကြောင့် ဆက်စပ်ပြီး အစာအိမ်ကင်ဆာဖြစ်စေပါသလဲ။

          အစားအသောက်မှာ ကင်ဆာဖြစ်စေတဲ့ Carcinogenic Food ဆိုတာရှိတယ်။ တချို့အစားအစာတွေက ခန္ဓာကိုယ်မှာ ကင်ဆာအဖြစ်ကို ပြောင်းသွားစေတတ်တဲ့ ဓာတ်သဘောရှိတယ်။ အစာထဲမှာ ကင်ဆာဖြစ်စေတာတွေပါလာရင် အစာအိမ်က အကြာကြီးထိန်းသိမ်းထားပြီးတော့ ချေဖျက်ရတဲ့အခါ အစာအိမ်ထဲမှာ ကင်ဆာဖြစ်နိုင်ခြေ ရာခိုင်နှုန်းပိုများသွားပါတယ်။ အစားအသောက်နဲ့ ပတ်သက်တာရှိတယ်၊ အစားအသောက်ထဲက ရောဂါပိုးမွှားနဲ့ ပတ်သက်တာရှိတယ်။ အစာအိမ်က အက်စစ်ထုတ်ပေးတဲ့အလုပ်ကို လုပ်တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အက်စစ်ထုတ်မပေးနိုင်ဘူး။ အစာအိမ်ထဲက အက်စစ်က တချို့ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ သဘောရှိတယ်။ အစာအိမ်အက်စစ်မရှိတဲ့အခါ အစာအိမ်ရောင်ရမ်းလာပြီး ကြာလာတဲ့အခါ ကင်ဆာအဖြစ်ကို ပြောင်းသွားနိုင်တယ်။


ဒီလို အစားအစာတွေကို ဘယ်လောက်ထိကြာကြာစားရင် အစာအိမ်ကင်ဆာဖြစ်နိုင်မလဲ ဆရာ။

          အဲဒီလိုတော့ အတိအကျပြောလို့မရပါဘူး။ သေချာတိတိကျကျ တွေ့ထားတာမရှိဘူး။ ဆရာတို့ ဆေးကျောင်းသားဘဝတုန်းက သင်ဖူးတာက ဂျပန်နိုင်ငံမှာ အစာအိမ်ကင်ဆာဖြစ်တဲ့နှုန်းက တခြားနိုင်ငံတွေထက် အရမ်းများနေတာကို တွေ့ရလို့ လိုက်လေ့လာပြီး စစ်တမ်းကောက်ကြည့်တဲ့အခါ ငါးကင်၊ အသားကင်တွေ အစားများလို့ ဖြစ်တယ်လို့ ယူဆတယ်။ ပြီးတော့ ကင်ဆာဖြစ်စေတဲ့အထဲမှာ ဆိုးဆေးလည်းပါတယ်။ မစားသုံးသင့်တဲ့ ဆိုးဆေးတွေ၊ Aeromatic hych – ocarbon လို့ခေါ်တဲ့ မီးကျွမ်းပြီးမဲနေတဲ့ ကင်ဆာဖြစ်တဲ့ ဓာတ်တွေပါလာရင်၊ ဒါတွေကို အစားများရင် ကင်ဆာဖြစ်နိုင်တယ်။

          ကင်ဆာရဲ့ သဘောက ဒါစားလို့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သဘောတော့ မရှိဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ တချို့လူတွေမှာ မဖြစ်ဘူး၊ တချို့လူတွေမှာ ဖြစ်တယ်။ ဒါပေမယ့် ကင်ဆာဖြစ်တဲ့သူတွေနဲ့ ဒီအစားအသောက်တွေနဲ့တော့ ဆက်စပ်မှုရှိတယ်။ ဘယ်လောက်ကြာကြာ စားသလဲဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ပေါ်မူတည်ပြီး ကွာတယ်။ ဒါတွေစားရင် ဖြစ်တတ်တယ်ဆိုတာပဲ ရှိတယ်၊ ဘယ်လောက်ကြာကြာစားရင် ဖြစ်မယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူးပေါ့။


ရောဂါလက္ခဏာတွေကို ပြောပြပေးပါဆရာ။

          အစာအိမ်ကင်ဆာဖြစ်ပြီဆိုရင် ကနဦးလက္ခဏာတွေက အရင်တုန်းက အစာအိမ်ရောဂါအခံရှိတဲ့သူ မဟုတ်ပါ။ အသက် ၅၀၊ ၆၀ လောက်မှစပြီး ဖြစ်လာတယ်။ ပုံမှန်အစာအိမ်ရောဂါက အသက် ၁၀ နှစ်၊ ၁၅ နှစ်၊ အနှစ် ၂၀ လောက်ကြာတဲ့ နာတာရှည်ရောဂါဆိုတော့ ငယ်ငယ်ကတည်းက ဘာစားရင် မတည့်ဘူးဆိုတာကို သိတယ်။ ဒီလိုနှစ်ရှည်လများဖြစ်တာမဟုတ်ဘဲနဲ့ လတ်တလောသုံးလေးလအတွင်း အစာအိမ်ရောဂါရှိသလိုလိုဖြစ်နေတယ်။ မနက်ပိုင်းမှာ လေချဉ်တွေတက်တယ်။ အစာစားလိုက်ရင် ရင်ပြည့်သလို၊ အောင့်သလို တစ်ခါတစ်ခါဖြစ်တယ်။ အစာအိမ်ရောဂါရဲ့ လက္ခဏာအတိုင်းစပြီး ရှိလာတယ်။ နဂိုရှိတဲ့ အစာအိမ်ရောဂါမဟုတ်ဘူး။ အခုအသက်ကြီးကာမှ အစာအိမ်ရောဂါများ ဖြစ်သလားဆိုတာမျိုး ဖြစ်လာရင် အစာအိမ်ရောဂါပျောက်ဆေး၊ ကြော်ငြာတဲ့ဆေးတွေ၊ ဆေးခန်းကပေးတဲ့ဆေးတွေကို သောက်လို့ အစာအိမ်ရောဂါဖြစ်တာသေချာရင် သက်သာသွားရမယ်။ တကယ်လို့ မသက်သာရင် အစာအိမ်ကင်ဆာများ ဖြစ်နေသလားဆိုပြီး သံသယဝင်ပြီး အစာအိမ်မှန်ပြောင်းကြည့်သင့်တယ်။ အဲဒီအခါ ရိုးရိုးအစာအိမ်အနာဆိုရင်လည်း အစာအိမ်အနာရဲ့ ပုံစံကတစ်မျိုး၊ အစာအိမ်ကင်ဆာဆိုရင် အစာအိမ်ကင်ဆာရဲ့ ပုံစံကတစ်မျိုး တွေ့နိုင်တယ်။ အစာအိမ်ကင်ဆာတော့ မဖြစ်သေးဘူး။ မသင်္ကာဖြစ်ရင်လည်း အသားစယူပြီး စစ်ဆေးလို့ရတယ်။ အစာအိမ်ဖြစ်နေတဲ့ရောဂါကို မျက်မြင်ကိုယ်တွေ့တွေ့ပြီးတော့ အသားစယူပြီးတော့ ဘာဖြစ်နေသလဲဆိုတာကို တိတိကျကျသိနိုင်တယ်။ ဒါကြောင့် ဖြစ်စေချင်တာက အသက် ၄၀ ကျော် ၅၀ ကျမှ အစာအိမ်ရောဂါ ဖြစ်သလားမသိဘူး။ ဆရာဝန်နဲ့လည်း ပြတယ်။ ဆေးတွေလည်း သောက်တယ်၊ တစ်ပတ် နှစ်ပတ်နဲ့ မသက်သာဘူးဆိုရင် ခွဲစိတ်ဆရာဝန်တွေဆီမှာပဲဖြစ်ဖြစ် အစာအိမ်မှန်ပြောင်းတစ်ခါတော့ ကြည့်ထားလိုက်ရင် ကောင်းမယ်လို့ ထင်တယ်။


မှန်ပြောင်းကြည့်မယ်ဆိုရင်လည်း အများစုက ကြောက်ကြတယ်။

          မှန်ပြောင်းကြည့်တာက ပါးစပ်ထဲကို ပိုက်ထည့်တာ အချွန်အတက်နဲ့  ထိုးမိစေတဲ့ အန္တရာယ်ရှိတာမျိုးတော့ မပါဘူး။ ပိုက်အပျော့လေးနဲ့ လေလေးထိုးထိုးပြီး ထည့်တာ ခဏတော့ ကသိကအောက်ဖြစ်တယ်၊ ကြာချိန်ကလည်း အရမ်းမကြာဘူး၊ လွန်ရောကျွံရော ၁၅ မိနစ်ပဲ၊ ကျွမ်းကျင်မှုအပေါ်မှာမူတည်ပြီး မြန်ရင် ၅ မိနစ်လောက်နဲ့ ကြည့်တာ ပြီးရင် ပြီးသွားနိုင်တယ်။ ကြောက်စရာကောင်းလောက်တဲ့ အထိတော့မဟုတ်ပါဘူး။ ကျွမ်းကျင်ဖို့တော့ လိုတယ်။ မကျွမ်းကျင်ရင်တော့ အန္တရာယ်ရှိနိုင်တယ်။


အစာအိမ်ကင်ဆာဖြစ်မှန်းသိရင် ဘာတွေ ဆက်လုပ်သင့်ပါသလဲ

          မှန်ပြောင်းကြည့်ပြီး အသားစယူစစ်ပြီးလို့ အစာအိမ်ကင်ဆာဖြစ်တာ သေချာတယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ ပြရတော့မယ်။ ကင်ဆာက အနာ၊ အလုံး၊ အကျိတ်တစ်ခုခုဖြစ်နိုင်တယ်။ သူ့ရဲ့တည်နေရာကိုလိုက်ပြီး ဘယ်လိုခွဲစိတ်ရမလဲဆိုတာရယ်၊ ဒီကင်ဆာက အလုံးတစ်ခုတည်းပဲလား၊ ဘေးပတ်တွေမှာကော ပျံ့နေပြီလားဆိုတာကို စမ်းသပ်စစ်ဆေးဖို့တွေရှိသေးတယ်။ ဘယ်လောက်အထိခွဲရမလဲ၊ ခွဲလို့ကော ရသေးလားဆိုတာတွေကို ခွဲစိတ်ဆရာဝန်က ဆုံးဖြတ်ရမယ်။


အစာအိမ်ကင်ဆာနဲ့ ဆင်တူရောဂါတွေ

          အစာအိမ်ရောဂါလို့ပြောရင် အစာအိမ်မှာ အနာပေါက်တာရယ်၊ အစာအိမ်ကင်ဆာရယ် နှစ်မျိုးဖြစ်နိုင်တယ်။ ဒီနှစ်မျိုးရဲ့ လက္ခဏာက ဆင်တူတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ရောဂါလက္ခဏာတွေအတိုင်းပဲ။


ကုသမှုအပိုင်း

          ခွဲစိတ်နည်းတစ်ခုတည်းတင်မကဘူး။ ကင်ဆာဆေးတွေနဲ့လည်း ကုလို့ရတယ်။ တစ်ခါတစ်လေကျရင် ကင်ဆာလုံးက ကြီးတဲ့အခါ ဆေးသွင်းဓာတ်ကင်ပြီးမှ ကင်ဆာဆဲလ်ရှိတဲ့နေရာလေး ကျုံ့သွားတဲ့အခါ ဖြတ်ထုတ်လိုက်ရတာလည်း ရှိတယ်။ ဆရာတို့က ပြန်ဖြတ်ပြီး ခွဲစိတ်တဲ့အခါ ကင်ဆာဆဲလ်တွေကို အကုန်လုံးကုန်အောင် ထုတ်လိုက်တယ်ဆိုပေမယ့် မမြင်ရတဲ့ နေရာတွေမှာ ပျံ့နှံ့နေတဲ့ ကင်ဆာတွေရှိသေးတယ်။ အဲဒါတွေအတွက် ဆေးသွင်းတာတွေ ဓာတ်ကင်တာတွေလုပ်ရသေးတယ်။

          အစားအသောက်ကို သတိထားရမယ်။ အရင်တုန်းက ဂျပန်နိုင်ငံမှာ အစာအိမ်ကင်ဆာဖြစ်တဲ့သူတွေ အရမ်းများလာတဲ့အခါ အစာအိမ်ကင်ဆာကို အစောဆုံးသိရအောင် ရောဂါဖြစ်နိုင်လောက်တဲ့ လူတွေကို အစာအိမ်မှန်ပြောင်းကြည့်လိုက်တယ်။ အသားစယူတယ်၊ ပိုးမွေးတယ်၊ (H.Pyloi) ပိုးကိုမွေးပြီး စောင့်ကြည့်တယ်။ ပြီးတော့ အစာအိမ်ရဲ့ အမြှေးပါးလေးမှာပဲရှိတဲ့ ကင်ဆာဖြစ်ခါစပေါ့။ အစာအိမ်ရဲ့ အတွင်းပိုင်းအလွှာလေးတွေကိုတောင် မရောက်သေးဘူးပေါ့။ အဲဒါကို (Eanly Gastric Cancer) လို့ခေါ်တယ်။ ကင်ဆာဖြစ်တော့မယ်၊ စဖြစ်နေပြီဆိုတဲ့အခြေအနေကို တွေ့လိုက်ရတာနဲ့ ချက်ချင်းပဲ တစ်ခါတည်း ပြီးသွားတာပေါ့နော်။ စောစောစီးစီးသိလို့ စောစောစီးစီးခွဲလိုက်ရင် ဆေးဝါးကုန်ကျစရိတ်လည်း သက်သာမယ်၊ လူနာလည်းခံစားရတာ သက်သာမယ်။ အဲဒီလိုစောင့်ကြည့်ပြီး ကုသတဲ့အတွက် သူတို့ဆီမှာ အစာအိမ်ကင်ဆာဖြစ်တာ တော်တော်နည်းသွားပြီး ရောဂါလက္ခဏာမပေါ်သေးခင် အကောင်းအတိုင်းကြီးပဲရှိသေးတယ်။ လူနာတွေဆီမှာ ဘာရောဂါလက္ခဏာမှ တွေ့ရတာမဟုတ်သေးဘူး။ ဒါမျိုးဖြစ်နိုင်ခြေရှိတယ်ထင်လို့ စစ်ဆေးပြီး စောစောစီးစီးကုမယ်ဆိုရင် အစာအိမ်ကင်ဆာဖြစ်နိုင်တဲ့ လူဦးရေနည်းသွားမယ်။ သို့သော်လည်း ဒီမှာတော့ ရောဂါဖြစ်ဖြစ်ချင်းမသိရဘူး။ တော်တော်ကြီး အဆင့်ကျော်သွားပြီးမှ ရောက်လာကြတယ်။ ဒီဆေးရုံကိုရောက်လာတဲ့ လူနာတွေက ခွဲစိတ်ကုသလို့မရနိုင်တော့ဘူးဆိုတဲ့အဆင့်၊ တော်တော်ကြီးကို အဆင့်ကျော်သွားပြီးမှ ရောက်လာကြတယ်။ ဒါကြောင့် ပြည်သူတွေကို သိစေချင်တာက အစာအိမ်ကင်ဆာများဖြစ်သလားဆိုပြီး သံသယရှိတယ်ဆိုရင် စောစောစီးစီး ကိုယ့်ကိုယ်ကိုယ်သတိထားပြီး ဆရာဝန်နဲ့ တွေ့ပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်လို့ ပြောချင်ပါတယ်။

Credit : ဒေါက်တာ စိုးမင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18