Print

အစားအစာနှင့် ကင်ဆာ

  30-Jan-2020
Preview Image

          အစားအစာဆိုတာ နေ့စဉ် စားသောက်နေတာမို့ အထူးအထွေ ရှင်းနေစရာ မလိုပေမယ့် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို အစာကို ဆေးဖြစ်အောင် စားနိုင်ဖို့တော့ လိုပါတယ်။ ပြုပြင်ထားတဲ့ တချို့အစာတွေဟာ အသွင်သဏ္ဍာန်နဲ့ အရသာကောင်းပေမယ့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးသုတေသန တွေ့ရှိမှုတွေအရ ကမ္ဘာအနှံ့မှ ဆေးပညာရှင်တွေအားလုံးက ကင်ဆာရောဂါဖြစ်သူတွေရဲ့ သုံးပုံတစ်ပုံဟာ အစားအသောက်နဲ့ ပတ်သက်တာကို တွေ့ရှိရသလို ကင်ဆာရောဂါဟာ ယခုအခါ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခုလည်း ဖြစ်လာပါတယ်။


          တကယ်တော့ ကင်ဆာရောဂါဟာ ကမ္ဘာ့သက်တမ်းနဲ့ မတိမ်းမယိမ်းလောက်ရှိပါတယ်။ ဗြိတိန်က ပြတိုက်ကြီး အတွင်းမှာရှိတဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၂၅ မှာ ပေါ်ထွန်းခဲ့တဲ့ ဒိုင်နိုစော (Dinosau) သတ္တဝါရဲ့ ကျောက်ရုပ်ကြွင်း အမြီးရိုး (Fossilised tail bone) မှာ ကင်ဆာဖြစ်တဲ့ လက္ခဏာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသိန်းကျော်မှာနေသွားတဲ့ ဂျာဗားလူ (Java Mam) မှာလည်း ကင်ဆာရှိတဲ့ အထောက်အထားတွေကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ကင်ဆာဟာ အလွန်ရှေးကျတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။


          ကင်ဆာဆိုတာ ဆေးပညာမှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ (DNA) ဖောက်ပြန်မှုကြောင့် နဂိုမူလအရည်အသွေး လုပ်ဆောင်မှုတွေ မရှိတော့ဘဲ ပုံမှန်မဟုတ်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ လိုတာထက် ပိုမိုများပြားလာမှုနဲ့၊ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေမယ့် ဓာတ်ပစ္စည်းထုတ်လုပ်မှုတွေကြောင့် ဆဲလ်တွေဟာ ပုံမှန်အတိုင်းမပွားဘဲ အထိန်းအချုပ်အကန့်အသတ်မရှိဘဲ ပွားများနေတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ စားသောက်တဲ့အစားအစာတွေကြောင့် ကင်ဆာကို ပိုမိုဆိုးရွားရှင်သန်သလို ကင်ဆာကို ကာကွယ်တားဆီးပြီးသားလည်း ဖြစ်သွားတတ်တာကို တွေ့ရပါတယ်။


          အစားအသောက်ကြောင့် ကင်ဆာမဖြစ်စေရေးနှင့် လူသားတိုင်းရခဲလှတဲ့ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ရွေးချယ်စားသောက်သင့်တဲ့ အစားအစာတွေကို ရှင်းလင်းရေးသားသွားပါမယ်။


ကြက်သွန်ဖြူ၊ ကြက်သွန်နီ

          ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့မှာဆိုရင် ကင်ဆာကို ခုခံကာကွယ်နိုင်တဲ့ ဓာတ်အမျိုးပေါင်း ၃၀ ခန့်ပါဝင်တဲ့အတွက် အဓိကအားဖြင့် အစာအိမ်၊ အသည်းနဲ့ အဆုတ်ကင်ဆာတွေကို အဓိက ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် စားသုံးမှုပုံစံ မမှန်ရင်တော့ ထိရောက်တဲ့ အကျိုးရရှိမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကြက်သွန်ဖြူကို စားမယ်ဆိုရင် အခွံနွှာပါးပါးလှီးပြီး ရေဆေး ၁၀ မိနစ် ၁၅ မိနစ် လေသလပ်ခံပြီးမှစား “Oxygen” နဲ့ ထိတွေ့ဓာတ်ပြုမှသာ ကင်ဆာကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရရှိလာမှာ ဖြစ်ပါတယ်။


ရေနွေးကြမ်းနှင့် လက်ဖက်

          ရေနွေးကြမ်းနှင့် လက်ဖက်စိမ်း (Green Tea) ဟာ အရေပြားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာတွေရဲ့ ဖြစ်ပွားနှုန်းကို ရာခိုင်နှုန်းအတော်များများ လျှော့ချပေးပါတယ်။


ပဲပြား၊ ပဲပုပ်နှင့် ပဲအမျိုးမျိုး

          ပဲပြား၊ ပဲပုပ်၊ ပဲနို့တွေကို စားသောက်တာဟာ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေကို ကာကွယ်ရာမှာ သိသာတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒါ့အပြင် ပဲပုပ်မှာ ပါတဲ့ “Proteinase” ဟာ အစာလမ်းကြောင်းတစ်လျှောက်ရဲ့ ကင်ဆာဖြစ်ပွားမှုကို လုံးဝနီးပါးဖြတ်တောက်နိုင်တာ တွေ့ရပါတယ်။ ပဲပိစပ်မှာ “Phytoestrogen” ပါတာကြောင့် အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းအပေါ်မှီခိုနေတဲ့ (Estrogen Dependent) ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။


ခရမ်းချဉ်သီးနှင့် အသီးအရွက်အမျိုးမျိုး

          ခရမ်းချဉ်သီးလိုအနီရောင် အသီးတွေဖြစ်တဲ့ ဖရဲသီး၊ မုန်လာဥနီတို့မှာ ကင်ဆာကို ကာကွယ်နိုင်တဲ့ ဇီဝပစ္စည်းတွေ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးမှာ အဓိကပါဝင်တဲ့ “Lycopene (Terpenoid)” တွေက ဆီးကျိတ်ကင်ဆာ ကာကွယ်ရာမှာ အလွန်ထိရောက်ပါတယ်။ အသီးအရွက်အမျိုးမျိုးထဲမှာဆိုရင် ဗီတာမင်မျိုးစုံနဲ့ ကလိုရိုဖီးဆိုတဲ့ အစိမ်းရောင်ခြယ်ဓာတ်တွေပါဝင်ပြီး အားလုံးကို ကင်ဆာကိုကာကွယ်နိုင်ပါတယ်။ လိမ္မော်သီး၊ ရှောက်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ စပျစ်သီး စတာတွေမှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ ဓာတ်ပစ္စည်းအမြောက်အများ ပါဝင်ပါတယ်။


ဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်ညင်း

          အမျိုးသမီးဟော်မုန်း “Oestrogen”  ရဲ့ အကျိုးသက်ရောက်မှုကို လေ့လာတဲ့အခါမှာ ဂေါ်ဖီမျိုးရင်းတွေဟာ ရင်သားကင်ဆာအပေါ်မှာ ကာကွယ်အနိုင်ယူနိုင်စွမ်းရှိတာ တွေ့ရှိခဲ့ရပါတယ်။ ဂေါ်ဖီမှာ ကင်ဆာဆဲလ်တွေသေဖို့ အထောက်အကူပြုတဲ့ “Thiocyanine” တွေ အများကြီးပါပါတယ်။ မုန်ညှင်းမျိုးနွယ်တွေမှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ မဟော်မုန်းကို လောင်ကျွမ်းပစ်လိုက်တာကြောင့် ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သားအိမ်ကင်ဆာကနေ ဆိုးရွားတဲ့အဆင့် ကူးပြောင်းသွားမှုကို ဟန့်တားပစ်နိုင်တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် သီးနှံတွေမှာ ပိုးသတ်ဆေးတွေပါနေရင် အဆင်မပြေတာကြောင့် ဂေါ်ဖီထုပ်စားမယ်ဆိုရင် တစ်လွှာချင်း ပြောင်စင်အောင် သေချာရေဆေးစားရင်စား၊ ဒါမှမဟုတ် ဆားပါတဲ့ ရေနွေးနွေးနဲ့ဆေးပြီး စားမှသာ အန္တရာယ်ကင်းတဲ့အာဟာရကို ရရှိနိုင်မှာပါ။


ငါးအမျိုးမျိုးနှင့် ရေထွက်အစားအစာများ

          အဓိကအားဖြင့် ငါးတွေရဲ့အဆီဟာ ကင်ဆာဆဲလ်တွေ နောက်ထပ်နေရာသစ်မှာ မပြန့်ပွားအောင်၊ အမြစ်မတွယ်အောင် တားဆီးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ရေထွက်စားသောက်ကုန်တွေမှာ ဗီတာမင်ဒီပါဝင်မှု သိသာစွာမြင့်မားတာကြောင့် ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ငါးစားမယ်ဆိုရင်တော့ ဗီတာမင်ဒီကြွယ်ဝလှတဲ့ ငါးသလောက်၊ ငါးသေတ္တာတွေဟာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် မည်သည့်ငါးကိုပဲစားစား ကင်ဆာကို အနည်းနဲ့အများတော့ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးဝါးအနေနဲ့ဆိုရင်လည်း ငါးကြီးဆီကို မှီဝဲစေချင်ပါတယ်။


သြဂဲနစ်အစားအစာ

          သြဂဲနစ်အစားအစာဟာ လူတိုင်းအတွက် သဘာဝကပေးတဲ့ အစာဖြစ်လို့ စိတ်ချရပြီး ဘေးကင်းမှုလည်း ရှိပါတယ်။ ဓာတုပိုးသတ်ဆေးပါဝင်တဲ့ အစားအစာနဲ့ ဓာတုပိုးသတ်ဆေးကင်းစင်တဲ့ အစားအစာနှစ်ခုဟာ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ သြဂဲနစ်အသီးအနှံတွေဟာ သမရိုးကျသီးနှံတွေထက် အင်တီအောက်ဆီဒင့်ပါဝင်မှု ၄၀ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ အင်တီအောက်ဆီးဒင့်ပိုများတာနဲ့အမျှ ကင်ဆာကာကွယ်နိုင်စွမ်းပိုများပါတယ်။ အရသာပိုင်းမှာလည်း သြဂဲနစ်သဘာဝအစားအစာတွေဟာ ပိုမိုသာလွန်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ ငွေကြေးတတ်နိုင်သူတွေက သြဂဲနစ်အစားအစာတွေကိုသာ ရွေးချယ်စားသောက်နေကြတာဖြစ်ပါတယ်။

          ကင်ဆာကို ကာကွယ်နိုင်တဲ့ အစားအသောက်တွေက မှို၊ ဒိန်ချဉ်၊ ဂျုံ၊ သံလွင်ဆီ၊ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ဖို့အားပေးတဲ့ တခြားအစားအစာတွေကတော့ ခြေလေးချောင်းအသားမျိုးစုံ၊ ပြည့်ဝဆီအမျိုးမျိုး၊ လက်တည်ချဉ်၊ အကင်မျိုးစုံ၊ ရက်လွန်မှိုတက်စာ၊ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာတို့ပဲ ဖြစ်ပါတယ်။


နို့အမျိုးမျိုး

          နို့ပုံမှန်သောက်သူတွေဟာ ပုံမှန်နို့မသောက်သူတွေထက် အူလမ်းကြောင်းတစ်လျှောက်ဖြစ်ပွားတတ်တဲ့ ကင်ဆာနဲ့၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေဖြစ်ပွားမှုနှုန်းနိမ့်တာကို တွေ့ရပါတယ်။ နို့မှာ တခြားဗီတာမင်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ အဓိကကတော့ နို့ကို သောက်သုံးမယ်ဆိုရင် အဆီဖယ်ထုတ်ပြီးသား၊ အဆီလျှော့ပြီးသားကိုမှ သောက်စေချင်ပါတယ်။ ဒါမှ အဝလွန်ခြင်း၊ သွေးအတွင်း အဆီဓာတ်များပြားခြင်းစတဲ့ နောက်ဆက်တွဲအန္တရာယ်တွေက ကင်းဝေးမှာဖြစ်ပါတယ်။


အသားမျိုးစုံ

          အသားထဲမှာပါတဲ့ အဆီဓာတ်ဟာ ကင်ဆာကို အားပေးပါတယ်။ တိရစ္ဆာန်အဆီဓာတ်ဟာ အူလမ်းကြောင်းထဲမှာ အဏုဇီဝပိုးတွေကို တိုးပွားစေပြီး အူမကြီးကင်ဆာကို ဖြစ်ပွားဖို့ အားပေးပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ဟင်းသီးဟင်းရွက်နဲ့ပေါင်းပြီး ကင်ဆာကို လျှော့ချနိုင်ပေမယ့် တိရစ္ဆာန်အဆီဓာတ်ကတော့ အမျှင်ဓာတ်ကို တိုက်ဖျက်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုကို မြင့်မားစေပါတယ်။ အထူးသဖြင့် အနီရောင်အသား “Red Meat”  တွေဖြစ်တဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သားတွေကို လျှော့စားသင့်ပြီး ကင်ဆာကို ကာကွယ်နိုင်တဲ့ ငါး၊ ကြက်၊ ဘဲသားတွေကို ပုံမှန်စားသင့်ပါတယ်။


ဆီအမျိုးမျိုး

          အားလုံးသောဆီတွေဟာ ကင်ဆာဖြစ်စေတယ်လို့တော့ ပြောလို့မရပါဘူး။ ငါးအဆီဟာ ကင်ဆာဆဲလ်တွေကို ခုခံနိုင်သလို သံလွင်ဆီမှာပါတဲ့ “Fatty Acid” တစ်မျိုးမျိုးဟာလည်း အကျိုးပြုအဆီတစ်မျိုးဖြစ်ပါတယ်။ အဆီတွေဟာ သည်းခြေရည်ဖြစ်ထွန်းမှုကို အားပေးပြီး အူမကြီးကင်ဆာကို ပိုမိုဖြစ်ပွားစေပါတယ်။


လက်တည်ချဉ်၊ အကင်မျိုးစုံ၊ ရက်လွန်မှိုတက်စာ

          အထက်ပါအစားအစာတွေဟာလည်း ကင်ဆာကို ပိုမိုဖြစ်ပွားစေပါတယ်။ ကင်ဆာဖြစ်စေတဲ့ “Carcinogen” တွေဟာ ကင်ထားတဲ့အစားအစာ (Barbecued Food) တွေမှာ ပါဝင်ပါတယ်။ အကင်စားတာဟာ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာတွေဖြစ်ဖို့များပါတယ်။ ဝက်အူချောင်းကတော့ အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ မြေပဲမှိုတက်မှာ မှိုဆိပ် “ Aflatoxin” ပါပြီး ဆီထဲပျော်ဝင်နေတာကြောင့် အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ပိုးသတ်ဆေး အကြွင်းအကျန်ပါဝင်တဲ့ အစားအစာတွေဟာ ဦးနှောက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ ဟော့ကင်းမဟုတ်သော လင့်ဂလင်းကင်ဆာ “Non Hodgkin Lymphoma” တွေ ဖြစ်စေပါတယ်။   


အရက်နှင့် ဆေးလိပ်သောက်ခြင်း

          အရက်သောက်သူတွေအတွက် ဆိုးကျိုးကတော့ အထူးအထွေ ရှင်းပြစရာမလိုပါဘူး။ ဆေးလိပ်သောက်တာဟာလည်း အလားတူပဲဖြစ်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကြောင့်ဖြစ်ပွားတဲ့ ကင်ဆာတွေကတော့ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။

          ဒါကြောင့် အာဟာရဖြစ်အောင် စားသောက်တယ်ဆိုပေမယ့် တချို့အစားအသောက်တွေဟာ ကင်ဆာတစ်မျိုးကို ကာကွယ်နိုင်ပေမယ့် နောက်ကင်ဆာတစ်မျိုးကိုတော့ ပိုမိုဖြစ်ပွားစေပါတယ်။ ဒါကြောင့်မို့ ဘယ်အစားအစာမဆို နှိုင်းနှိုင်းချင့်ချင့်နဲ့ “မျက်စိအကျင့်၊ ဝမ်းအချင့်” ဆိုသလို စားသုံးသင့်ပါတယ်။ စာဖတ်သူတွေအားလုံးကိုလည်း မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကာကွယ်စားသောက်မယ်ဆိုရင် အပြည့်အဝမဟုတ်တောင် အတော်များများကင်ဆာတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ အစားအသောက်သာမက ကိုယ်လက်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာ၊ လမ်းမှန်မှန်လျှောက်ပေးတာ ဖြူစင်အေးချမ်းတဲ့ စိတ်ကလေးနဲ့ နေတာ၊ သတိရှိတဲ့စိတ်ကလေးနဲ့ နေနိုင်ကြမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ ပုံမှန်ဖြစ်ပြီး နုပျိုကျန်းမာစွာနဲ့ ဘဝတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်မှာ ဖြစ်ပါတယ်။


Credit : စိန်လင်း(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18