Print

ကင်ဆာ

  28-Feb-2019
Preview Image

ကင်ဆာဆိုတာ ဘာလဲ

          ကင်ဆာ Cancer ဆိုတာ ဘာလဲလို့ မပြောခင်မှာ ပထမဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဆဲလ် Cell လို့ခေါ်တဲ့ သေးငယ်တဲ့ ကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို အရင်ဆုံးပြောရပါလိမ့်မယ်။ တကယ်တော့ ဆဲလ်ဆိုတာ တိုက်အိမ်တစ်လုံးမှာ ပါဝင်နေတဲ့ အုတ်ခဲတစ်လုံးစီနဲ့ အလားတူပါတယ်။ အုတ်ခဲတွေနဲ့တည်ဆောက်မှ တိုက်တစ်လုံးဖြစ်နိုင်သလို ဆဲလ်တွေပေါင်းပြီး တည်ဆောက်ထားလို့ ခန္ဓာကိုယ်ဆိုတာ ဖြစ်လာရတာပါပဲ။

 

         ဥပမာပြောရရင် အသည်းဆိုတာ အသည်းဆဲလ်တွေ အများကြီးနဲ့ တည်ဆောက်ထားသလို၊ အရေပြားဆိုတာကလည်း အရေပြားဆဲလ်တွေအများကြီးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါပဲ။ဒုတိယအနေနဲ့ အဲဒီဆဲလ်တွေဟာ ပွားများနိုင်တဲ့ စွမ်းရည်တွေ ရှိတယ်ဆိုတာ သိထားရပါမယ်။ ပွားများနိုင်လို့ပဲ မိခင်ကိုယ်ဝန်ထဲက သန္ဓေလို့ခေါ်တဲ့ အလွန်သေးတဲ့ အစိုင်အခဲလေးကနေ ကလေးတစ်ယောက်ဖြစ်ပြီးတော့ လူကြီးတစ်ယောက်အဖြစ် ဆက်လက်ကြီးထွားဖွ့ံ့ဖြိုးလာနိုင်တာပေါ့။ ဒီလို ဖွ့ံ့ဖြိုးကြီးထွားလာမှုဟာ ဆဲလ်တွေ ပွားများရင်း ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဥပမာ လက်ကိုဓါးရှမိတယ်ဆိုပါတော့ အဲ့ဒီပြဲသွားတဲ့ အရေပြားဟာ တစ်ပတ်လောက်ကြာရင် အလိုလို ပြန်ပိတ်သွားတာ တွေ့ဖူးကြမှာပါ။ ဒီဖြစ်စဉ်ဟာ အရည်ပြားဆဲလ်တွေ ပွားများပြီး နဂိုအတိုင်း အရေပြားကို ပြန်ဖြစ်အောင် လုပ်တဲ့ ဖြစ်စဉ်တစ်ခုပါပဲ။


          ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တစ်လုံးဟာ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီပွားများနိုင်တဲ့ စွမ်းရည်တွေ ပိုကဲလာပြီး ခန္ဓာကိုယ်မှာ အဖုအကျိတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ တချို့ ဒီလိုဖြစ်လာတဲ့ အကျိတ်တွေဟာ လူကို အန္တရာယ်မပေးဘဲ မိမိနေရာမှာ နှစ်ရှည်လများ ဖြစ်တည်နေတတ်ပါတယ်။ အဲဒီလို အကျိတ်မျိုးကို ဆေးပညာအရ ဘီနိုင်းကျူးမား Benign Tumour လို့ခေါ်ပါတယ်။ ဥပမာ- အဆီကျိတ်လို့ အကျိတ်မျိုးတွေပါ။


          တချို့အကျိတ်တွေကတော့ လူကိုအသက်အန္တရာယ် ပေးတတ်ပါတယ်။ဆေးပညာအရတော့ မလစ်ဂနှင့်ကျူးမား Malignant Tumour လို့ခေါ်ပြီး သာမာန်လူတွေကြားမှာ ကင်ဆာ Cancer လို့ ခေါ်တဲ့ အကျိတ်မျိုးပေါ့။ ဘယ်လိုအန္တရာယ်ဖြစ်သလဲဆိုတော့ အဲ့ဒီအကျိတ်တွေဟာ အနီးအနားက အင်္ဂါအစိတ်အပိုင်းတွေကို ဂဏန်းကောင်ရဲ့ လက်မကြီးတွေလို ထိုးဖောက် ဖျက်ဆီးတတ်ပါတယ်။


          တကယ်တော့ ကင်ဆာဆိုတာ လက်တင်ဘာသာစကားက ဆင်းသက်လာပြီး Crab (ဂဏန်းကောင်)လို့ အဓိပ္ပာယ်ရပါတယ်။ ပြီးတော့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ပျံ့နှံ့သွားပြီး ရောက်တဲ့နေရာတိုင်းမှာ ဆက်လက် ကြီးထွားကာ ဖျက်ဆီးပစ်တတ်ကြပါတယ်။ ပြီးတော့ အဲဒီ အကျိတ်တွေထဲက Cytokine လို့ခေါ်တဲ့ ဓါတ် တွေထည့်ပြီး အဲဒီဓါတ်တွေက လူကို ပိန်ချုံးအောင်၊ အစားအသောက်မစားချင်အောင် ဖြစ်စေပါတယ်။ အဲဒီဓါတ်တွေကပဲ လူရဲ့ ကိုယ်ခံအားကျအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကျိတ်မျိုးရှိတဲ့ လူဟာ စောစောစီးစီးသိပြီး မကုသခဲ့ရင် လုံးပါးပါးပြီး အသက်ဆုံးရှုံးရတာပါပဲ။ ဒီအကျိတ်မျိုးဟာ ကျွန်တော်တို့ အားလုံးသိကြတဲ့ ကင်ဆာဆိုတဲ့ အကျိတ်တစ်မျိုးပါပဲ။

  

        ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ သွားကလွဲရင် ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ကင်ဆာ အကျိတ် ဖြစ်နိုင်ပါတယ်။အကြမ်းဖျင်းအားဖြင့် ပြောရရင်တော့ ပတ်ဝန်းကျင်ကအကြောင်းတရားတွေကြောင့်နဲ့ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်ရတယ်လို့ ပြောရင်ရပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာဆိုတာ အနည်းစုပါ။

          ဒါကြောင့် ပထမဦးဆုံး ပတ်ဝန်းကျင်က ဘယ်လိုအကြောင်းတရားတွေဟာ ကင်ဆာဖြစ်နိုင်သလဲဆိုတော့

(၁) ဆေးလိပ်၊ ဆေးရွက်ကြီး Tobacco

(၂) အရက် Alcohol

(၃) လုပ်ငန်းခွင် Occupational Exposure

(၄) ပတ်ဝန်းကျင် ညစ်ညမ်းခြင်း Environmental pollution

(၅) အစားအစာထဲတွင် ရောနှောပါဝင်သောအရာများ Food Contaminants

(၆) ဆေးဝါးများ Medical Drugs

(၇) ရောင်ခြည်သင့်ခြင်း Radiation

(၈) အချို့သော နာတာရှည်ကူးစက်ရောဂါများ Chronic Infection

(၉) အစာအာဟာရ Diet and nutrition

(၁၀) ကိုယ်ခံအားကျခြင်း Immunosuppression

(၁၁) ဟော်မုန်းဓါတ် Reproductive Factors Hormone တို့ကြောင့် ကင်ဆာ ရောဂါဖြစ်စေနိုင်ပါသည်။


          ဆေးလိပ်၊ ဆေးရွက်ကြီးဟာ အဆုတ်ကင်ဆာ၊ အသံအိုးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ကို ဖြစ်စေပြီး အရက်သောက်တာနဲ့ တွဲမိရင်တော့ ဒီ ကင်ဆာတွေအပြင် ပါးစပ်ကင်ဆာနှင့် အစာရေမျိုပြွန်ကင်ဆာတွေကို ဖြစ်စေပါတယ်။အရက်ကြောင့်ဖြစ်တဲ့ အဓိက ကင်ဆာတွေကတော့ ပါးစပ်ကင်ဆာ၊ လည်ပင်း Pharynx ကင်ဆာ၊ အသံအိုး Larynx ကင်ဆာ၊ အစာရေမျိုပြွန် Oesophagus ကင်ဆာနှင့် အသည်းကင်ဆာတို့ပါပဲ။


          ၁၈ ရာစုလောက်ကတည်းက လုပ်ငန်းခွင်နဲ့ ကင်ဆာရောဂါ ဆက်စပ်မှုရှိကြောင်း သိရှိခဲ့ကြပါတယ်။အချို့သော လုပ်ငန်းခွင်က ထွက်ပေါ်လာတဲ့ ဓါတုပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ပြီး အဖြစ်အများဆုံးက အဆုတ်ကင်ဆာပါ။ အရေပြား၊ ဆီးလမ်းကြောင်း၊ နှာခေါင်းနဲ့ အဆုတ်အမြှေးပါး တွေမှာလည်း ကင်ဆာအဖြစ်များတာ တွေ့ပါတယ်။


          ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ရေ၊ လေနဲ့ မြေကြီးတို့ရဲ့ ညစ်ညမ်းမှုဟာလည်း ကင်ဆာရောဂါကို ပိုဖြစ်စေတယ်ဆိုတာ တွေ့ရှိလာကြပါတယ်။ ဒီလိုညစ်ညမ်းမှုဟာ ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၁ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ဖြစ်တာကို တွေ့ရှိရပါတယ်။


          သဘာဝအရ ဖြစ်ပေါ်လာတဲ့ အဆိပ်အတောက်ထဲမှာ ကင်ဆာရောဂါနဲ့ အဆက်အသွယ်ဆုံးကတော့ Aflatoxin ဆိုတဲ့ မှိုတစ်မျိုးပါ။ မြေပဲနဲ့ ပြောင်းဖူးတွေကို ပူပြီး စွတ်စိုတဲ့ ရာသီဥတုမှာ သိုလှောင်ထားရင် ဒီမှိုတွေ ပေါက်ပွားလာတတ်ပါတယ်။ Aflatoxin က အသည်းကင်ဆာဖြစ်စေတာကို တွေ့ရှိရပါတယ်။

  

        DDT လို ပိုးသတ်ဆေးတွေကတော့ ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ Lymphoma ခေါ် အကျိတ်ကင်ဆာနဲ့ သွေးကင်ဆာ Leukemia တွေကို ဖြစ်စေတာ တွေ့ရပါတယ်။


          အသားတွေကို မီးတောက်နှင့် ကြော်ခြင်း၊ ဖုတ်ခြင်း၊ ချက်ခြင်းက ထွက်ပေါ်လာတဲ့ Polycyclic Aromatic Hydercarbon တို့ဟာ ကင်ဆာဖြစ်စေတာကို တွေ့ရှိပါတယ်။ဆားနဲ့သိပ်ထားတဲ့ အသား၊ ငါး၊ ကျပ်တင်ထားတဲ့ အသားငါးတွေမှာ nitrosamine ဆိုတဲ့ ဒြပ်ပေါင်းတွေ ဖြစ်လာပြီး ၎င်းတို့ဟာ ကင်ဆာဖြစ်စေပါတယ်။


          သန္ဓေတားဆေးတွေ Combined OC Pill က အသည်းကင်ဆာ ဖြစ်နိုင်တာ တွေ့ရပေမဲ့ သူတို့က မျိုးဥအိမ် Ovary နဲ့ သားအိမ်ကင်ဆာတွေကို ကာကွယ်တာ တွေ့ရပါတယ်။ နိုင်ငံခြားမှာတော့ သွေးဆုံးရင် သောက်သုံးတဲ့ Estrogen ဟိုမုန်းဓါတ်ဟာ ရင်သားနဲ့ သားအိမ်ကင်ဆာတွေ အဖြစ်များစေတာကို တွေ့ရှိရပါတယ်။

  

        လူတွေကြောင့်ဖြစ်တဲ့ ရောင်ခြည်သင့်မှုတွေမှာ အထင်ရှားဆုံးကတော့ နျူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲမှုတွေ၊ နျူကလီးယား စမ်းသပ်မှုတွေပါပဲ။ ဒီလိုရောင်ခြည်သင့်မှုတွေကနေ သွေးကင်ဆာ၊ ရင်သားကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတို့ကို ဖြစ်စေပါတယ်။


          တစ်ကမ္ဘာလုံးမှာ ကင်ဆာဖြစ်ပွားမှုရဲ့ ၁၈ ရာခိုင်နှုန်းဟာ ကူးစက်ရောဂါတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုလို့ ဖြစ်ပါတယ်။ဥပမာ အသည်းရောင်အသားဝါ B နဲ့ C ပိုးတွေကြောင့် အသည်းကင်ဆာဖြစ်တာ၊ HIV ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်တာ၊ EB virus ပိုးကြောင့် Lymphoma အကျိတ်ကင်ဆာရောဂါ၊ H.pylori ခေါ် ဗက်တီးရီးယားကြောင့် အစာအိမ်ကင်ဆာဖြစ်တာတွေ အထင်အရှားပါပဲ။HIV ပိုးကြောင့် Kaposi Sarcoma လို့ခေါ်တဲ့ အရေပြားကင်ဆာ၊ Lymphoma အကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်နိုင်တာ သိရှိလာကြပါတယ်။

  

       ဆားကို လွန်လွန်ကဲကဲ စားခြင်းကြောင့် အစာအိမ်ကင်ဆာဖြစ်နိုင်တဲ့ အလားအလာရှိတာ တွေ့ရှိပါတယ်။

          ဗီတာမင်အနေဖြင့် ပြောရရင် ဗီတာမင်-စီ Vitamin-C ဓါတ်နည်းပါးစွာ စားခြင်းဟာ အစာအိမ်ကင်၊ ပါးစပ်ကင်ဆာ၊ လည်ပင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာတွေ ဖြစ်နှုန်းများလာတာ တွေ့ရပြီး ဗီတာမင်-အီး Vitamin-E ဓါတ်နည်းပါးခြင်းက အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ အူမကြီးကင်ဆာတွေအဖြစ်များလာတာကို တွေ့ရပါတယ်။


          တစ်သျှူးအစားထိုးကုသရာနဲ့ အချို့နာတာရှည် အဆစ်အမြစ်ရောင်ရောဂါ Rheumatoid Arthritis မှာသုံးတဲ့ Azathioprine, Cyclosporin ဆေးတွေဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး Lymphoma အကျိတ်ကင်ဆာရောဂါ အပါအဝင် Kaposi Sarcoma လို့ခေါ်တဲ့ အရေပြားကင်ဆာ၊ အသည်းကင်ဆာနဲ့ ကြွက်သားကင်ဆာ ဖြစ်နိုင်တာကို တွေ့ရှိရပါတယ်။


          အမျိုးသမီးများရဲ့ ဟော်မုန်းတွေကြောင့် ရင်သားကင်ဆာ၊ သားအိမ် Endometrium ကင်ဆာနဲ့ မျိုးဥကင်ဆာ Ovary ကင်ဆာတွေ ဖြစ်လာနိုင်တာ သိရှိလာခဲ့ကြပါတယ်။ သန္ဓေတားဆေးတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းကို ပိုများစေပေမယ့် မျိုးဥ၊ မျိုးအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်တာကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

 

         အခုဖော်ပြခဲ့တာတွေကတော့ ပတ်ဝန်းကျင်ကြောင့် ကင်ဆာဖြစ်နိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်နိုင်တာကတော့ ကင်ဆာရောဂါ ဖြစ်ပွားနှုန်း စုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တစ်ချို့မိသားစုတွေမှာ ကင်ဆာရောဂါ တစ်မျိုးမျိုးကို မိသားစုဝင် တော်တော်များများမှာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

          အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းတရားတွေကို ခြုံငုံပြီး ဖော်ပြတာဖြစ်ပါတယ်။


Credit

ဒေါက်တာစိုးအောင်

တွဲဖက်ပါမောက္ခ

ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး


 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18