Print

သွေးအားနည်းခြင်းအကြောင်းသိကောင်းစရာ

  24-Jun-2018
Preview Image


ခန္ဓာကိုယ်တစ်လျှောက်ကို အောက်ဆီဂျင်တွေ သယ်ပို့ပေးနေတဲ့ သွေးနီဥတွေ မလုံလောက်တာကြောင့် သွေးအားနည်းတာ ဖြစ်လာပါတယ်။ အားနည်းတာ၊ ချာချာလည်မူးတာ၊ အသားအရေ ဖျော့တော့တာ၊ ခေါင်းကိုက်တာ၊ ခြေဖျားလက်ဖျားတွေ အေးနေတာ၊ ထုံနေတာ၊ ခန္ဓာကိုယ်အပူချိန် လျော့နည်းတာစတဲ့ လက္ခဏာတွေ သွေးအားနည်းနေတဲ့အခါ ခံစားရနိုင်ပါတယ်။

 

နှလုံးနဲ ့ပက်သက်ပြီးတော့လည်း နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာနဲ့ ရင်ဘတ်အောင့်တာ စတာတွေလည်း ခံစားရနိုင်ပါတယ်။ ကလေးငယ်တွေမှာ ဘာကြောင့်ဖြစ်ရသလဲဆိုရင်တော့ သံဓာတ်ပါဝင်တဲ့ အစာတွေ စားသုံးမှုနည်းတာကြောင့် ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ သွေးအားနည်းတာကို မကုသဘဲ နေပါက ဦးနှောက်ရဲ ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း အမျိုးသမီးတွေရဲ့သွေးပမာဏ ပြောင်းလဲမှုဖြစ်တာကြောင့် သွေးအားနည်းတာ ဖြစ်နိုင်ချေများပါတယ်။ စားသုံးတဲ့အစားအစာတွေကနေ သံဓာတ်၊ ဖောလိတ်၊ ဗီတာမင် B12 စတာတွေ လုံလောက်စွာ မရရှိခဲ့ရင်လည်း သွေးအားနည်းတာဖြစ်နိုင်ပါတယ်။ တချို့သွေးအားနည်းအမျိုးအစားတွေကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေက လစဉ် ရာသီသွေးဆင်းတာဖြစ်တာကြောင့် ယေက်ျားလေးတွေထက် သွေးအားနည်းတာ ပိုဖြစ်နိုင်ပါတယ်။

 

အစာအိမ်နဲ ့အူလမ်းကြောင်း ရောဂါတွေ ရှိတာ ဒါမှမဟုတ် အစာအိမ်ကိုဖြတ်တောက်ပြီး ကုသမှုခံယူသူတွေမှာ သံဓာတ်စုပ်ယူမှု အားနည်းတာကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ တချို့အစားအစာတွေနဲ့ ဆေးဝါးတွေက သံဓာတ်စုပ်ယူမှုကို ဟန့်တားတာကြောင့်လည်း ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ နေတတ်ပါတယ်။နာတာရှည်ဖျားနာတာ ဒါမှမဟုတ် ပိုးဝင်တာတွေကြောင့် သွေးနီဥဆဲလ် အရေအတွက်နည်းပြီး သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်းတာများတာ၊ အနာ၊ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ခွဲစိတ်ကုသတာ စတာတွေကြောင့် သွေးဆုံးရှုံးမှု များတဲ့အခါမှာလည်း သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်စေပါတယ်။

 

မျိုးရိုးဗီဇကြောင့်လည်း သွေးနီဥဆဲလ် ထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သွေးနီဥဆဲလ်၊ သွေးဖြူဥဆဲလ်၊ သွေးမွှားဥနဲ ့ဟေမိုဂလိုဘင်တွေရဲ့ အရေအတွက်ကို စစ်ဆေးကြည့် ဖို့လိုပါတယ်။ လိုအပ်ပါက ရိုးတွင်းခြင်ဆီ စစ်ဆေးမှုနဲ့ တခြားစစ်ဆေးမှုတွေ ဆရာဝန်မှ စစ်ဆေးပါလိမ့်မယ်။ သံဓာတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါအတွက် သံဓာတ်ဖြည့်စွက်အားဆေး သောက်သုံးဖို့လိုပါတယ်။ အစားအစာတွေက သံဓာတ်ကို ရယူနိုင်ရင်တော့ ပိုကောင်းပါတယ်။ လိမ္မော်ရည်လို ဗီတာမင်စီ ကြွယ်ဝတဲ့ အစာတွေကို စားသုံးပါ။ သံဓာတ်အားဆေးသောက်တဲ့အခါ ကယ်လ်စီယမ်ဖြည့်စွက်ဆေး၊ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ ရောပြီးမသောက်သုံးသင့်ပါဘူး။

 

တချို့တွေမှာတော့ သံဓာတ်အပြင် ဖောလစ်အက်စစ်နဲ ့ဗီတာမင် B12 ကိုလည်း ဖြည့်စွက် သောက်သုံးဖို့ လိုအပ်နေတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကလေးငယ်တွေကို သံဓာတ်အားဆေးတွေ မတိုက်သင့်ပါဘူး။ ကုသမှုသေချာခံယူမယ်၊ ကျန်းမာရေးနဲ ့ညီညွတ်မျှတအောင် စားသုံးမယ်၊ သံဓာတ်ဖြည့်စွက်အားဆေးတွေ မှီဝဲမယ်၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း နေထိုင်မယ်ဆိုရင် စိုးရိမ်ပူပန်နေစရာမလိုပါဘူးနော်။

 

Credit: ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18