Print

ဝမ်းတလုံးကောင်း ခေါင်းမခဲ Diarrhea

  25-Feb-2017
Preview Image

မဖြစ်ဘူးသူ မရှိတဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးက ဘာလဲ။ မှန်အောင်ဖြေနိုင်သူတွေရော မှားသူတွေပါ ဝမ်းလျှောတာ မကြာမကြာ ဖြစ်ကြရတယ်။ ဘယ်ဆေး သောက်ရမလဲကိုလည်း လူတိုင်းလိုလိ်ုက ဆေးနည်း ပေးတတ်ကြသေးတယ်။ အရင်ကဆို ဗမာပြည်မှာ (သာလာဆပ်) သောက်ခိုင်းကြမယ်။ နောက်ပိုင်းလူတွေက ပိုသိလာကြတာမို့ ORS ဓါတ်ဆား ထုပ်ကို ညွှန်းမယ်။ စေတနာ ပိုသူတွေက (မက်ထရို) ကိုပါ အသောက် ခိုင်းချင်ခိုင်းလိမ့်မယ်။ မသိတသိနဲ့ နည်းနည်း သိတာတွေထဲက လွဲတာတွေ့ရင် ပြင်နိုင်အောင် ရေးပါရစေ။ရောဂါနာမည်တွေက Diarrhea, Loose motion, GE, Traveler’s diarrhea အမျိုးမျိုး ခေါ်ပါတယ်။ တနေ့မှာ ၃ ခါထက် ပိုသွားရင် ဝမ်းလျှောတာလို့ WHO က ဦးတိကျတွေက သတ်မှတ်ပါတယ်။ အမှန်ကတော့ လူတိုင်း ကိုယ့်အကျင့်နဲ့ ကိုယ် ရှိကြတာပါ။ သွားနေကြထက် “ပိုရင်၊ ပြောင်းရင်” တခုခုဖြစ်ပြီလို့ သိလိုက်ပါ။ တခုခုလုပ်ပါ။

ဝမ်းပျက်-ဝမ်းလျှော ကို (ဗိုင်းရပ်စ်) ပိုးကြောင့်က အများဆုံး ဖြစ်စေတယ်။ အများဆုံးဆိုတာ တကယ့်အများဆုံး။ ၁၀ ခါ ဖြစ် ၉ ခါ ဖြစ်စေတာ (ဗိုင်းရပ်စ်)ပါ။ ကြုံတုံးရေးရအုံးမယ်။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တခြားရောဂါတွေကလည်း များတယ်။ HIV ပိုး၊ အသဲရောင် A, B, C ပိုး၊ တုပ်ကွေး၊ အအေးမိ၊ ကျောက်၊ ဦးနှောက်မြှေးရောင်၊ ဝက်သက်၊ ကြွက်နို့၊ (ပိုလီယို)၊ ခွေးရူး၊ စတာတွေပါ။ (ဗိုင်းရပ်စ်) ဆိုတဲ့ အင်မတန်
သေးငယ်လွန်းလှတဲ့ ဒီအကောင်ကို အလွန်မတန် နာမည်ကြီးလှတဲ့ ဆရာဝန်တွေတောင်
မှမနိုင်ကြသေးပါ။ Virus ကြောင့် မဟုတ်ရင် (ဗက်တီးရီးယား) ကြောင့် 
ဝမ်းပျက်စေပါတယ်။ ဘယ်ကဝင်သလဲ။ ပါးစပ်ကနေဝင်တာ။ ပါးစပ်ထဲ ဘာထည့်ကြလဲ။ အစားအသောက်နဲ့ ရေ။ ကလေးငယ်ဆိုရင် တွေ့ကရာထည့်တာ။ ဘယ်အကောင် ဝင်လာလာ အူသိမ်ကို ရောင်စေတယ်။ အစာအိမ်ရော အူပါ ရောင်ရင် GE ခေါ်
တယ်။ ရောင်လာရင် လှုပ်ရှားတာ ပိုမြန်လာတယ်။ အူတွေ လှုတ်လွန်းတာ နားကြပ်မပါဘဲ လူနာကိုယ်တိုင် သိတယ်။ ဗိုက်နာမယ်။ စားလိုက် သောက်လိုက်တဲ့ အစာနဲ့ ရေကို ကောင်းကောင်း စုပ်မယူနိုင်တော့ဘဲ၊ ဝမ်းထဲပါသွားမယ်။ ဝမ်းသွားရတဲ့ အကြိမ်တွေ များမယ်။

လူဆိုတာက ရေကို စုပ်တာဖြစ်ဖြစ်၊ ထုတ်တာဖြစ်ဖြစ် ဆားပါမှ လုပ်နိုင်တာ။၏
ရေတွေထွက်တော့ ဆားတွေပါ ထွက်တာပေါ့။ ဒါ့ကြောင့် ဝမ်းလျှော-ဝမ်းပျက်ရဲ့ မကောင်းကျိုးဆက်ဟာ ရေဓါတ်-ဆားဓါတ် ဆုံးရှုံးတာ ဖြစ်တယ်။ ဝမ်းသွားရင်း ရေတွေ အများကြီး ပါသွားတာက ကောင်းကျိုး တမျိုးတော့ ရတယ်။ ပိုးတွေပါ ပါသွားတာကိုး။ ဒါ့ကြောင့် ဝမ်းပိတ်ဆေးကို အလွယ် မသုံးသင့်ကြဘူး။ ပြောခဲ့သလို (ဗိုင်းရပ်စ်) ကို သတ်တဲ့ဆေးက မရှိဘူး။ ဓါတ်ဆားထုပ်သာ အရင်လုပ်ပါ။ဆေးလိုလို့ သုံးရင် Loperamide (Imodium, Kaopectate II) ကို ၄ မီလီဂရမ်၊ ၂ ပြား စသောက်ပြီး၊ ဝမ်း ၁ ခါ သွားတိုင်း၊ ၁ ပြား သောက်နိုင်တယ်။ အာခေါင်ခြောက်၊ ခေါင်းနဲနဲမူးတာသာ
ဖြစ်တတ်တယ်။ Lomotil ကိုတော့ တခါသောက် ၂ ပြား၊ တနေ့ ၃-၄ ကြိမ်။ တခြား ဆေးတွေကတော့ Bismuth Subsalicylate, Diphenoxylate and Atropine, Tincture of Opium (ဘိန်း)၊ Charcoal (မီးသွေး) စတာတွေ ဖြစ်တယ်။ ဘိန်းလည်း အရမ်းမစားနဲ့ မီးသွေးလဲ အရမ်းမဝါးနဲ့။ ဝမ်းသွားတာအပြင် နဲနဲဖျားတာ ရှိမယ်။
သွေး-အကြိအချွဲပါမယ်၊ တပြည်တရွာ သွားရင်းဖြစ်မယ် ဆိုရင် (ဗက်တီးရီးယား) ကြောင့်
ဖြစ်နိုင်တယ်။ ORS အပြင် ပိုးသေစေမဲ့ဆေးကို သေခြာပေါက် သောက်ရမယ်။ Septrin လို့ လူသိများတဲ့ဆေး Co-trimoxazole ကို (ဆာလ်မိုနဲလား) ကြောင့် ဝမ်းပျက်တာ။ (ရှီဂဲလား) ဝမ်းကိုက်တာတွေမှာ သုံးနိုင်တယ်။ ၂ နှစ် အောက် ကလေးတွေကိုတော့ မပေးသင့်ဘူး။ ဒီဆေးက ယေက်ျား ဆီးအိမ်-ဆီးကြိတ်ရောင်၊ ကျောက်ကပ်ပြွန်ရောင်၊ ဆိုင်းနပ်စ်၊ နားကိုက်တာတွေ အတွက်ပါ သုံးပါသေးတယ်။Furazolidone ဆေးကိုတော့ (ဂိုင်ယာဒီးယား) ပိုးဝင်လို့ ဝမ်းပျက်တာ၊ (ဗက်ဆလရီ) ဝမ်းကိုက် နဲ့ ခရီးသွား ဝမ်းပျက်တာ တွေအတွက် ပေးနိုင်တယ်။

Metronidazole (မက်ထရို-နိုက်ဒါဇိုးလ်) ဆိုတဲ့ဆေးက ရောဂါအတော်များများ
အတွက် သုံးနိုင်တယ်။ (GE) အစာလမ်း ရောင်တာ၊ ခရီးသွားဝမ်းပျက်တာ၊
(ဂိုင်ယာဒီးယား)ပိုးဝင်လို့ ဝမ်းပျက်တာ၊ (အမီးဘား) ဝမ်းကိုက်တာ၊ (အမီးဘား) သွားဖုံး ရောင်တာ၊ (အမီးဘား) အသဲပြည်တည်တာ၊ လေမကြိုက်တဲ့ပိုးကြောင့် အူမကြီးရောင်တာ၊ မွေးလမ်းကြောင်း ရောင်တာ၊ တင်ပါးဆုံအတွင်း အင်္ဂါတွေ ရောင်တာ၊ ဦးနှောက် ပြည်တည်နာ၊ ဆီးပြွန်ရောင်တာတွေ အတွက်ပါ ပေးတယ်။ ရောဂါ မတူရင် ဆေးအဆ မတူပါ။ ၁ ပြား ၃ ကြိမ်ကနေ ၂ ပြား ၃ ကြိမ်အထိ ပေးရတယ်။ ကိုယ်ဝန် နုသေးရင် မပေးသင့်ဘူး။ နို့တိုက်နေရင် နို့ထဲပါတယ်။ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိတယ်။ ပျို့-အန်၊ ဗိုက်နာ၊ ဆီးနီ၊ အစားပျက်၊ ကိုယ်ပူမယ်။ တကယ် မလိုဘဲ မသောက်ပါနဲ့။ORS ဓါတ်ဆားထုပ်ကို ပါးစပ်ကနေ နိုင်အောင် ဖြည့်မပေးနိုင်ရင်
သွေးကြောထဲကနေ သွင်းရမယ်။ လူကို ကြည့်ရင် ပြော့ခွေနေမယ်။ မျက်တွင်းချိုင့်-ငယ်ထိပ်ခွက်နေမယ်။ လက်နဲ့ ဗိုက်က အရေပြားမကြည့်ရင် တော်တော်နဲ့ အောက်ကို
ပြန်မကျဘူး။ ခြေလက် အေးစက်နေမယ်။ လက်ကောက်ဝတ် သွေးခုန်တာ စမ်းလို့ခက်၊ စမ်းမရဖြစ်မယ်။ သွေးဖိအားကျ၊ တိုင်းမရ။ အရေးကတော့ ပေါ်ပြီ။ အသက်လုရပါတော့
မယ်။RL ဆိုတဲ့ Drip က ORS ပါဘဲ။ များများသွားရင် မြန်မြန်သွင်းပါ။ အကြိမ်များတာ
ထက် ပြောခဲ့တဲ့ လက္ခဏာတွေက ပိုအရေးကြီးတယ်။ သွင်းတာ နှေးသေးရင် နှစ်လုံး တပြိုင်နက် သွင်းပါ။ တခါတလေ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းကနေ Drips လေးစင်း တပြိုင်ထဲ သွင်းရတတ်တယ်။ ဒါမှ လေးဘက်နာတာ။ GE နဲ့ ကာလဝမ်းလိုဖြစ်ရင် လုပ်ရတတ်တာမျိုး။Cholera ကာလဝမ်း ဖြစ်စေတဲ့ အကောင်တွေကနေ အဆိပ်လိုမျိုးပါ ထုတ်တယ်။ Secretory diarrhea ခေါ်တယ်။ အူနံရံက (ဆဲလ်) တွေထဲက ရေတွေပါ ထွက်သွားစေတယ်။ ကပ်ရောဂါတခု ဖြစ်တယ်။ အမြန်ကူးစက်လို့၊ နေရာတခုမှာ လူတွေ အများကြီးလာ ဖြစ်တယ်။ ရေနဲ့ဓါတ်ဆား နိုင်အောင် ပြန်မဖြည့်နိုင်ရင် သေတယ်။
ရွာတရွာမှာ ကာလဝမ်းဖြစ်တယ်။ တချို့သေကုန်ကြပြီ။ အဖိုးကြီးတယောက် သားတွေ၊ သမီးတွေက အစားအသောက် ဆင်ခြင်ဘို့ ပြောတာ နားမထောင်ဘူး။ သူ့မှာ အားကိုးစရာ ရှိတာကိုး။ ဗေဒင်က “သူများသတ်လို့သာ သေရမယ်” လို့ ဟောထားတာ။ ဝမ်းရောဂါကအစ ဘာရောဂါမှ ဂရုစိုက်စရာ မလိုဘူးပေါ့။ ကူးပါလေရော၊ ဖြစ်ပါလေရော။
သေပါလေရော။ ကာလဝမ်းမို့ ချက်ချင်း သင်္ဂြိုလ်ကြရတယ်။ အကာလညအခါ ဖျာလိပ်
ထဲမှာထည့် သင်္ချိုင်းကုန်းပို့ရတယ်။ သုဘရာဇာများက မူးချိန်ပေါ့။ အဖိုးကြီးအလောင်း တွင်းထဲပြစ်ချ၊ အရက် ဆက်ချနေလိုက်ကြတယ်။ အဖိုးကြီးက တကယ် မသေသေးဘူး။ Coma-like state မြောနေတယ် ခေါ်တာမျိုးပေါ့။ သတိပြန်ရလို့ မြေကျင်းထဲက ထလာတော့တယ်။ အရက်မူးမူးနဲ့ သုဘရာဇာတွေက တစ္ဆေမှတ်ပြီး၊ ပေါက်ပြားနဲ့
ခေါင်းချလိုက်တာ အခုမှ တကယ်သေပါလေရော။ မှန်လိုက်တဲ့ ဗေဒင်။
ဝမ်းရောဂါ ကင်းစင်ကြပါစေ။

Ref:Dr. တင့်ဆွေ
public health in Myanmar
Monday, June 14, 2010



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18