Print

ဦးနှောက်အပေါ် အရောင်တို့၏ အကျိုးသက်ရောက်မှု

  18-Jul-2020
Preview Image

          အရောင်အသွေးများသည် လူသားများအပေါ်ကောင်းကျိုးဆိုးကျိုးသက်ရောက်မှုများရှိကြသည်။ ထို့ကြောင့် စားသောက်ဆိုင်အများစု၏ အမှတ်တံဆိပ်များတွင် တူညီသော အရောင်နှစ်ခုပါဝင်နေခြင်း၊ ဆေးရုံများတွင် ခွဲခန်းကူသူနာပြုများ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ခြင်းတို့သည် တိုက်ဆိုင်မှုများ မဟုတ်ကြချေ။

          လူအများက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လူသားများသည် အရောင်တို့၏ သက်ရောက်မှုကို ခံယူကြရသည်။ စိတ်ပညာရှင်အများစုက အရောင်များသည် အခြေအနေတစ်ရပ်ကို လူသားများလက်ခံနိုင်ရန် တွန်းအားပေးကြောင်း ယူဆကြသည်။

          သုတေသီအချို့ကလည်း လူသားများ၏ ဦးနှောက်သည် အရောင်တူများနှင့် ဆက်သွယ်၍ ခံစားမှုများကို ဖြစ်ပေါ်စေကြောင်း သဘောတူကြသည်။ ဥပမာအားဖြင့် လူအများစုအတွက် အနီရောင်သည် အန္တရာယ်နှင့် ဆက်နွယ်လျက်ရှိပြီး လူ့ဦးနှောက်သည် အရောင်တစ်မျိုးစီကို အကြောင်းခြင်းရာတစ်ခုစီအတွက် နားလည်သည်ဟု ဆိုသည်။ ထို့ကြောင့် အရောင်များသည် လူသားများအပေါ် တစ်နည်းနည်းဖြင့် သက်ရောက်မှုရှိနေပေသည်။


အနီရောင်

          လူသားများ၏ ဦးနှောက်သည် အနီရောင်ကို အန္တရာယ်ဟု သိရှိထားသည်ဟု ဆိုသော်လည်း အနီရောင်နှင့် စပ်လျဉ်းသည့် ထူးခြားသော အချက်များကို တွေ့ရှိကြရသည်။

          အနီရောင်သည် အမျိုးသမီးများအား ကိုယ်ကာယနှင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကိုဖြစ်စေသဖြင့် မိန်းကလေးတစ်ဦးသည် မိမိကိုယ်မိမိအလှဆုံးဖြစ်စေရန် အနီရောင်ဝတ်စုံကိုဝတ်၊ အနီရောင်နှုတ်ခမ်းဆိုးဆေးကို ဆိုးသင့်သည်ဟုဆိုသည်။ ထို့ပြင် အနီရောင်သည် ဆွဲဆောင်အားကို တိုးမြင့်စေကာ တုံ့ပြန်မှုအင်အားနှင့် အရှိန်ကို မြင့်စေနိုင်သည်။

          သို့သော် အနီရောင်သည် မိမိ၏ တုံ့ပြန်မှုအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ကာ စိုးရိမ်ပူပန်မှုကို တိုးမြင့်စေနိုင်သည်။ အနီရောင်ဝတ်ဆင်ထားသူတစ်ယောက်နှင့် ယှဉ်ပြိုင်သူတစ်ဦးသည် ရှုံးနိမ့်နိုင်ခြေရှိကာ စာမေးပွဲမတိုင်မီ အနီရောင်နှင့် အထိအတွေ့များသည့် ကျောင်းသားသည် အဆိုးဆုံးအခြေအနေများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုထားသည်။


အဝါရောင်

အဝါရောင်သည် ပျော်ရွင်မှု၊ ပွင့်လင်းမှု၊ ခင်မင်ရင်းနှီးမှုတို့နှင့် ပေါင်းစပ်နေသည်။ အရောင်စိတ်ပညာရှင်များဖြစ်ကြသည့် Eiseman နှင့် Wright တို့က အဝါရောင်သည် စိတ်ခံစားမှု၊ မိမိကိုယ်မိမိတန်ဖိုးထားမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှုတို့ကြောင့် အပြင်းထန်ဆုံးအရောင်ဟု ခေါ်ဆိုခဲ့ကြသည်။ အဝါရောင်သည် ပျော်ရွှင်မှုနှင့်နှီးနွယ်နေသဖြင့် လူသားများ၏ စိတ်ခံစားမှုသည် ယေဘုယျအားဖြင့် ပျော်ရွှင်မှုနှင့်အတူ မြင့်တက်လာလေ့ရှိသည်။ ထို့ကြောင့် ပျော်ရွှင်ရယ်မောဖွယ်ရာများ၊ မျှော်လင့်ချက်များ၊ အကောင်းမြင်မှုများသည် အဝါနှင့်ဆက်စပ်နေကာ အဝါရောင်လွှမ်းမိုးသော နေသာသည့်နေ့ရက်များတွင် လူများသည် သာမန်နေ့ရက်များထက် ပိုမိုပျော်ရွှင်လေ့ရှိကြပေသည်။


အစိမ်းရောင်

          သစ်တောများ၏ အရောင်နှင့် သင်၏ စမတ်ဖုန်းမှ ဖုန်း၏ application များသည် လှပသော အစိမ်းရောင်ဖြစ်နေကြသည်။ သင်၏ ခဲတံဘူးရှိ အသုံးမပြုရသေးသော ရောင်စုံမင်တံများတွင် အစိမ်းရောင်မင်တံပါရှိနေလျှင် လွှင့်မပစ်ပါနှင့်။ စိတ်ပညာရှင်များက အစိမ်းရောင်သည် ဖန်တီးတီထွင်မှုစွမ်းအားကို တိုးတက်စေကြောင်း တွေ့ရှိခဲ့သည်။ ထို့အတူ အစိမ်းရောင်သည် ရှုပ်ထွေးသော အတွေးအခေါ်မြော်မြင်မှု၊ မြင့်မားသော အတွေးအခေါ်များနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ကာ အနားယူအပန်းဖြေမှု၊ စိတ်အာရုံအတွင်းပိုင်းစူးစိုက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့နှင့်လည်း ဆက်စပ်နေသည်။

          လူသားများသည် အစိမ်းရောင်ကို စဉ်းစားချိန်တွင် သဘာဝနှင့် ကြီးထွားမှုကိုလည်း သတိရမိတတ်ကြခြင်းသည် အစိမ်းရောင်ကို မိမိတို့ကိုယ်တိုင် ကြီးပွားတိုးတက်မှုများနှင့် ယှဉ်တွဲလျက် ယင်းခံစားမှုများကို မိမိတို့ကိုယ်တိုင် စိတ်တွင် စွဲထင်လက်ခံထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သုတေသီများက အစိမ်းရောင်သည် လုပ်သားများ၏ ကုန်ထုတ်စွမ်းအားကို ပိုမိုမြင့်မားစေနိုင်သည်ဟု ယူဆကာ အလုပ်ရုံများကို အစိမ်းရောင်သုတ်ရန် ထောက်ခံကြသည်။


အပြာနု

          အပြာရောင်သည် အနီရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အနီရောင်ပြီးလျှင် လေ့လာမှု ဒုတိယအများဆုံးဖြစ်သည်။ တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုကိုဖြစ်စေသည့် အပြာနုရောင်သည် သွေးဖိအားလျော့နည်းမှုကို ဖော်ပြနေသည်။ ထို့ကြောင့် ဆရာဝန်များနှင့် သူနာပြုများသည် အပြာနုရောင်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ကြခြင်းဖြင့် လူနာကို ပိုမိုတည်ငြိမ်မှု ခံစားရစေသည်။ ယင်းအချက်သည် တစ်ခါတစ်ရံ၌ ဆေးရုံဆေးခန်းများ၏ နံရံများကို အပြာနုရောင်သုတ်ထားခြင်း၏ အကြောင်းတစ်ခုလည်း ဖြစ်ပေသည်။

          အပြာနုရောင်သည် ပွင့်လင်းမှုနှင့် ငြိမ်းချမ်းမှုများနှင့် ဆက်နွယ်မှုရှိသည်။ ထို့ကြောင့် Google တွင် ငြိမ်းချမ်းရေးနေ့ (Peace day) ကို ရှာကြည့်ပါက အပြာနုရောင်နောက်ခံတွင် အကိုင်းငယ်တစ်ခုကို ကိုက်ချီထားသည့် အဖြူရောင် ချိုးတစ်ကောင်ပုံကို မြင်တွေ့ကြရမည်ဖြစ်ပေသည်။ ယင်းပုံသည်ပင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အမှတ်လက္ခဏာဖြစ်သည်။


ပန်းရောင်

          တစ်ချိန်က မိန်းကလေးများ နှစ်ခြိုက်ခဲ့သော်လည်း ယခုအခါတွင် ယောကျ်ားလေးများပါ နှစ်ခြိုက်လာကြသည့် ပန်းရောင်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် အရောင်တစ်မျိုးဖြစ်သည်။ ပန်းရောင်သည် လူသားများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများ ရှိနေပေသည်။ သုတေသီများသည် စိတ်ပညာရှင်များက pink prisons ဟု ခေါ်ဆိုသည့် လူသားများ၏ အမူအကျင့်ကို ပြောင်းလဲစေသည့် ပန်းရောင်၏ သက်ရောက်မှုများကို တွေ့ရှိခဲ့သည်။

          ၁၉၇၉ ခုနှစ်တွင် အကျဉ်းသားများကို တောက်ပသော ပန်းရောင်သုတ်ထားသည့် အခန်းတွင်ထားရှိခဲ့ရာမှ ယင်းသက်ရောက်မှုကို တွေ့ရှိခဲ့ကြသည်။ ယင်းသို့ ပန်းရောင်အခန်းတွင် ထားရှိချိန်၌ အကျဉ်းသားများသည် ကြက်သားများပြေလျော့၍ ရန်လိုမှုများ ချက်ချင်းကျဆင်းခဲ့သည်။ ယင်းတို့၏ ဂနာမငြိမ်ဖြစ်မှုနှင့် စိတ်ပျက်ဖွယ်ရာ အခြေအနေများသည်လည်း သိသိသာသာ လျော့နည်းခဲ့သည်။ ထို့ကြောင့် မျက်မှောက်ခေတ် ဆွစ်ဇာလန်နိုင်ငံရှိ ထောင်များတွင် ထိန်းသိမ်း၍ မရသည့် အကျဉ်းသားများကို ထားရှိရန် ပန်းရောင်အကျဉ်းတိုက် အနည်းဆုံးတစ်ခုကို အရန်ထားလေ့ရှိသည်။


အဖြူရောင်

          အဖြူရောင်သည် ရန်လိုမှု အလွန်နည်းပါးခြင်းနှင့် ဆက်နွယ်နေသည်။ သို့သော် အဖြူရောင်ဝတ်ဆင်ထားသည့် အမျိုးသားများသည် ဆွဲဆောင်မှုပိုရှိသည်။ ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သာမန်အဖြူရောင်တီရှပ်ဝတ်ထားသည့် အမျိုးသားသည်ပင် အမျိုးသမီးများ၏ အာရုံစိုက်မှုကိုခံရကြောင်း တွေ့ရှိခဲ့သည်။ ထို့အတူ အမျိုးသမီးများသည်လည်း အဖြူရောင်ဝတ်ဆင်ထားချိန်တွင် အနီရောင်ဝတ်ထားချိန်ထက် ပိုမိုဆွဲဆောင်နိုင်မှု ရှိနေပေသည်။

          အဖြူရောင်သည် သန့်ရှင်းမှု၊ စင်ကြယ်မှုတို့နှင့်လည်း ဆက်နွယ်နေသဖြင့် ဆေးရုံဆေးခန်းများ၏ ကြမ်းခင်းနှင့် မျက်နှာကြက်များကို အဖြူရောင်သုတ်လိမ်းထားလေ့ရှိသည်။ ထူးခြားချက်အဖြစ် အဖြူရောင်သည် ငြီးငွေ့မှုကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အရောင်များအကြားတွင် ထည့်သွင်းထားသည့် အဖြူရောင်နေရာများကို လူသားများသည် အခြားအရောင်များလောက် စိတ်ဝင်စားချိန် မရှည်ကြာခဲ့ချေ။ ထို့ကြောင့် လက်လီအရောင်းဆိုင်များတွင် ဈေးဝယ်သူများ စိတ်ဝင်စားစေရန် အရောင်များစုံလင်စွာဖြင့် ခြယ်မှုန်းကာ အဖြူရောင်ကို လျှော့ထားကြပေသည်။


အနက်ရောင်

          အနက်သည် မည်သည့်အရောင်မှ မပါရှိသည့်အရောင်ဖြစ်ကာ လူသားများသည် ငယ်စဉ်ကလေးဘဝတွင် အနက်ရောင်ကို ကြောက်ရွံ့လေ့ရှိခဲ့ကြသည်။ သို့သော် ကြီးပြင်းလာချိန်တွင် မိမိကို အခြားသူများက ပိန်သည်ဟုထင်စေရန် အနက်ရောင်ကို အသုံးပြုကြပြန်သည်။ အနက်ရောင်သည် လူသားမသိရှိရဘဲ ဦးနှောက်အပေါ် စိတ်ဝင်စားဖွယ်သက်ရောက်မှုများ ကျရောက်နေပေသည်။

          အနက်ရောင်ဝန်းကျင်သည် ထိရောက်လျင်မြန်သော ရလဒ်များကို ထွက်ရှိစေသည်။ ထို့ကြောင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ဆွဲဆောင်မှုပိုမိုမြင့်နိုင်ကာ ဝတ်စားဆင်ယင်မှုတွင် ခေတ်ဆန်စေသည်ဟု ဆိုသည်။

          သို့သော် အနက်ရောင်နှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်အကောင်းဆုံး အကျိုးသက်ရောက်မှုသည် အနက်ရောင်ဝတ်ဆင်ထားသူကို ရန်လိုသူဟု အထင်ခံရနိုင်ခြင်းဖြစ်သည်။

          အနက်ရောင်ကို သေခြင်းတရား၊ မကောင်းဆိုးဝါးတို့နှင့် ဆက်စပ်တွေးမိကြကာ သုတေသီများက အနက်ရောင်သည် ရန်လိုခြင်းနှင့် ဆက်စပ်နေကြောင်း ၁၉၈၈ ခုနှစ်က ပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းတွင် တွေ့ရှိခဲ့သည်။ ထူးဆန်းသည့် အချက်တစ်ခုမှာ လူများသည် အနက်ရောင်ဖြင့်ကြေညာသည့် ထုတ်ကုန်များကို ပိုမိုဝယ်ယူလိုကြခြင်းပင် ဖြစ်ပေသည်။

Credit : ကောင်းစည်သူ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18