Print

လျှပ်စစ်အတွက်ကုထုံး

  20-Jun-2020
Preview Image

          ECT ကို စတင်တီထွင်စဉ်ကတော့ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) အတွက်ပဲ အဓိက ကုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ရောဂါဝေဒနာတော်တော်များများကို ECT ပေးကုလာကြတာတွေ့ရတယ်။ Affective Disorder လို့ခေါ်တဲ့ စိတ်ဓာတ်ကျတာတွေ၊ စိတ်ကြွတာတွေ၊ ဆိုးဆိုးဝါးဝါးစိတ်ကြွတာတွေ၊ တခြားစိတ်ဖောက်ပြန်တဲ့ လက္ခဏာရှိတဲ့သူတွေအားလုံးမှာလည်း ECT ပေးပြီး ကုလာကြတာတွေ့ရပါတယ်။

 

         လူနာတွေက ECT ပေးခံရတော့မယ့်အချိန်မှာ ကြောက်တာတွေ၊ လန့်တာတွေရှိတော့ အဲဒါတွေ မဖြစ်အောင် အိပ်ပျော်စေတဲ့ဆေးတွေ၊ စိတ်ငြိမ်စေတဲ့ ဆေးတွေကိုလည်း သုံးလာကြတယ်။ အဲဒီလိုသုံးတဲ့အခါ မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ရှိတယ်။ စိတ်ရိမ်မှု (Anxiety) တွေက လျော့သွားတယ်။ မှတ်ဉာဏ် အပြောင်းအလဲ (Cognitive Changes) တွေ ရှိတယ်ဆိုရင် ဦးနှောက်နားထင်နှစ်ဖက်ကို မရိုက်ဘဲ နားထင်တစ်ဖက်တည်းကိုပဲ သုံးမယ်၊ Unilateral ပေါ့။ လျှပ်ခေါင်း နှစ်ချောင်းကို နှစ်ဖက်မသုံးဘဲ တစ်ဖက်တည်း သုံးကြည့်မယ်ဆိုရင် ECT ပေးတဲ့အခါ မှတ်ဉာဏ်လျော့သွားတာမျိုး သိပ်မရှိတော့တာ တွေ့ရပါတယ်။


          ၁၉၄၀ ခုနှစ်တွေတုန်းက စိတ်ရောဂါဝေဒနာ တော်တော်များများမှာ တခြားဆေးတွေကို သိပ်မသုံးဘဲ ECT ကိုပဲ အဓိကထားသုံးကြတာ တွေ့ရတယ်။ နောက်ပိုင်းတော့ စိတ်ရောဂါကုတဲ့ ဆေးဝါးတွေ၊ စိတ်ကျဝေဒနာသက်သာစေတဲ့ ဆေးဝါးအသစ်တွေ တဖြည်းဖြည်းပေါ်လာတဲ့အခါ ECT ကို သိပ်မသုံးတော့ဘဲ စိတ်ရောဂါကုတဲ့ဆေးတွေကိုပဲ ပြောင်းပြီးသုံးလာကြတယ်။ ဒါပေမယ့် စိတ်ရောဂါကုတဲ့ဆေးတွေ ဘယ်လောက်ပဲသုံးသုံး အဲဒါတွေက ရာနှုန်းပြည့်ပျောက်ကင်းတယ်ဆိုတာ မရှိဘူး။ ပြစ်ချက်တွေကလည်း များတယ်။ ဒီလိုများတဲ့အတွက် ECT အသုံးပြုမှုက လျော့နည်းမလာဘဲ သုံးမြဲသုံးလျက် ရှိနေတာကို တွေ့ရပါတယ်။


လျှပ်စစ်အတက်ကုထုံး (ECT) ကို ရှာဖွေတွေ့ရှိခဲ့တာ ဘယ်သူလဲ၊ ဘယ်သူပိုင်သလဲ

          ချဲရ်လက်တီ (Cerletti)နဲ့ ဘီနီ (Bini) နှစ်ယောက်စလုံးနဲ့ ဆိုင်တယ်လို့ အက်ကေနီရို (Accornero) ကပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သိပ္ပံပညာရပ်ဆိုင်ရာ သေချာလေ့လာမှုတွေမှာ သူတို့နှစ်ယောက်ဟာ သေသေချာချာနဲ့ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ယူဂိုချဲရ်လက်တီ (Cerletti) နဲ့ ဘီနီ (Bini) နှစ်ယောက်စလုံးနဲ့ ဆိုင်တယ်။ ချဲလ်လက်တီရဲ့ နာမည်ကတော့ အမြဲတမ်းရှေ့ကနေလာတယ်။ ဘာကြောင့်လဲဆိုတော့ ချဲရ်လက်တီ (Cerletti) က ဒီ Idea ကိုအရင်ရခဲ့တာ။ Electro Shock လုပ်မယ်၊ တက်မယ်၊ တက်ရင် ဒီလိုရောဂါတွေ ပျောက်မယ်ဆိုပြီး ချဲရ်လက်တီ (Cerletti) ပဲ အရင် ရှာဖွေတွေ့ရှိခဲ့တာပါ။


ECT ပေးကုသတဲ့အခါ ဘာတွေခံစားရသလဲ

          ချဲရ်လက်တီက ECT နဲ့ ပထမဆုံး ကုသမှုပေးတဲ့လူနာက Schizophrenia ကစဉ့်ကလျားဝေဒနာရှင်ပါ။ အဲဒီလူနာကို ECT ပေးလိုက်တယ်၊ ပြီးတော့ ပြန်သတိရလာတယ်၊ သူ့ဘာသာသူ ပြန်ထိုင်နေတဲ့အချိန်၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေးဖြစ်နေတဲ့အချိန်မှာ ‘မင်း ဘာတွေဖြစ်သွားလဲ၊ ဘယ်လိုတွေ ခံစားရလဲ’ လို့ ချဲရ်လက်တီက မေးကြည့်လိုက်တော့ လူနာက ‘မသိဘူး၊ အိပ်ပျော်သွားတယ်လို့ပဲ ထင်တယ်’ လို့ ပြန်ပြောပါတယ်။ အိပ်ပျော်သွားတာလို့ပဲ ပြန်ဖြေတော့ အဲဒီပထမဆုံးလူနာကို နှစ်လအတွင်းမှာ ECT ကို ၁၃ ကြိမ်ပေးလိုက်ပါတယ်။ အဲဒီအခါ သူ့ရဲ့ စိတ်ကစဉ့်ကလျားဝေဒနာဟာ လုံးဝပျောက်ကင်းသွားပြီး ဆေးရုံက ဆင်းသွားတယ်။ ပျောက်သွားပေမဲ့ နှစ်နှစ်လောက်နေတော့ သူ့ကို Follow up ခေါ်တော့ ပြန်ခေါ်လို့ မရပေမယ့် ရောဂါလက္ခဏာ လုံးဝမရှိ၊ သက်သာနေတယ်လို့ သိရပါတယ်။

          ဒီ ECT ကို ချဲရ်လက်တီက ၁၉၃၈ မေမှာ Medical Academy မှာ ECT နဲ့ပတ်သက်ပြီး ပထမဆုံး Public Presentation လုပ်တယ်။ အဲဒီအချိန်ကတည်းကပဲ ECT ကို စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ကို သေသေချာချာကို ပျောက်ကင်းစေတယ်လို့ လက်ခံလာကြပြီး ၁၉၄၃ နောက်ပိုင်း အမေရိကမှာပါ ECT ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာ တွေ့ရပါတယ်။


ဘယ်လိုလူတွေမှာ လျှပ်စစ်အတက်ကုထုံး (ECT) ပေးသင့်သလဲ

          ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီး၊ မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးနဲ့ တပ်မတော်ဆေးရုံကြီးတွေမှာ နောက်ဆုံးပေါ် ECT စက်အသစ်ကြီးတွေ တပ်ဆင်ပြီး အကောင်းဆုံး ကုသမှုတွေ ပေးနေပြီဖြစ်ပါတယ်။ ECT သည် ဘယ်လိုအခြေအနေမျိုးမှာ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြစ်မလဲဆိုတာ ကျွန်တော့်ရဲ့ လူနာရှင်တွေ၊ လူနာတွေတချို့က မေးမြန်းလေ့ရှိပါတယ်။


          ECT ဟာ စိတ်ဓာတ်ကျမှု ပြင်းပြင်းထန်ထန်ခံစားနေရတဲ့အခါ (ဘယ်လောက်တောင် ဆိုးဝါးလဲဆိုရင် လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ ရနေတယ်၊ ယုံမှားလွန်ခြင်းတွေ ရှိနေတယ်၊ သံသယလွန်စိတ်တွေလည်း ရှိနေတယ်၊ စိတ်ဖောက်ပြန်တဲ့ လက္ခဏာတွေရှိနေတယ်၊ မိမိကိုယ်မိမိ သက်သေလိုတဲ့ စိတ်တွေရှိနေတယ်၊ မိမိကိုယ်မိမိ သတ်သေလိုတဲ့ စိတ်တွေရှိနေတယ်၊ အစာစားဖို့လည်း ငြင်းဆန်နေတယ်ဆိုတဲ့သူတွေ ရှိတတ်ပါတယ်) ECT ပေးသင့်တယ်လို့ ကျွန်တော်တို့ ညွှန်လေ့ရှိပါတယ်။


          အထူးသဖြင့် ဒီလိုဆိုးဝါးပြင်းထန်တဲ့ စိတ်ကျဝေဒနာခံစားရတဲ့သူတွေနဲ့ စိတ်ဖောက်ပြန်တဲ့သူတွေမှာ ဆေးဝါးတွေကိုလည်း တော်တော်များများက ခံနိုင်ရည်ရှိပြီး ဆေးဝါးတွေ ပေးရုံနဲ့လည်း တုံ့ပြန်မှု နှေးနေပြီး တောင့်တင်းခံထားသလိုပဲ ရောဂါဝေဒနာမသက်သာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို ဆေးဝါးတွေ အမျိုးမျိုးပြောင်းပေးထားလျက်နဲ့ ဆေးဝါးတွေ နှစ်မျိုး သုံးမျိုး တွဲပေးထားလျက်နဲ့ အချိန်လုံလုံလောက်လောက် ပေးထားလျက်နဲ့ မသက်သာဘူးဆိုတဲ့ စိတ်ကျဝေဒနာရှင်တွေဆိုရင် ECT ကို ပေးကိုပေးသင့်တယ်လို့ ညွှန်လေ့ရှိပါတယ်။ ဒါတင်မကဘူး၊ စိတ်ကြွဝေဒနာခံစားရတဲ့သူတွေ၊ Schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရတဲ့သူတွေမှာလည်း အင်မတန်ကို ဆိုးဝါးပြင်းထန်ပြီး ဆေးဝါးတွေကို ခံနိုင်ရည်ရှိနေတယ်။ ဆေးဝါးတွေကို တုံ့ပြန်မှုနည်းနေတယ်၊ နှေးနေတယ်ဆိုရင် ECT ပေးသင့်တယ်လို့ ဆုံးဖြတ်ကြလေ့ရှိပါတယ်။


          စိတ်ကျဝေဒနာကိုပဲ အဓိကထားပြီး ဆွေးနွေးကြမယ်ဆိုရင် အထူးသဖြင့် သတ်သေဖို့ ကြိုးစားထားတယ်၊ သတ်သေချင်စိတ်တွေ အများကြီးရှိနေတယ်ဆိုတဲ့သူမျိုးတွေမှာ ECT ပေးမယ်ဆို အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ECT ပေးတဲ့အခါမှာ ရောဂါသက်သာလာမှုက မြန်တဲ့အတွက် သတ်သေချင်တဲ့စိတ်တွေ မြန်မြန်လျော့ပါးသွားတဲ့အတွက် လူနာက ကောင်းတဲ့အခွင့်အလမ်း ရလာတယ်။ ပထမဆုံးတစ်ခါနှစ်ခါလောက် ECT ပေးလိုက်တာနဲ့တင် လူနာတော်တော်များများဟာ သက်သာသွားလေ့ရှိပါတယ်။ တချို့ကျတော့လည်း အရင်ဝေဒနာခံစားရတုန်းက ECT ပေးခံရဖူးတယ်။ အဲဒီအချိန်တုန်းကလည်း တစ်ခါနှစ်ခါ ပေးလိုက်ရုံနဲ့ ကောင်းသွားတယ်ဆိုတဲ့သူတွေမှာ နောက်တစ်ခေါက် ရောဂါဝေဒနာ ပြန်ဖြစ်လာတဲ့အခါ သူတို့ကိုလည်း ECT ပဲ ပေးသင့်တယ်လို့ ညွှန်လေ့ရှိပါတယ်။


          တခြားရောဂါတွေကတော့ Catatonia လို့ခေါ်တဲ့ ငြိမ်ပြီး မလှုပ်မယှက်ဖြစ်၊ မစားမသောက်နဲ့ ဖြစ်နေတဲ့ဝေဒနာသည်မျိုးတွေ၊ ဆိုးဆိုးဝါးဝါး စိတ်ဓာတ်ကျပြီး စိတ်ဖောက်ပြန်တဲ့ လူနာမျိုးတွေရှိနေရင် ပေးသင့်တယ်လို့ ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် တချို့စိတ်ကျဝေဒနာခံစားရတဲ့လူနာတွေ စိတ်ကုထုံးနဲ့လည်း မသက်သာဘူးဆိုတဲ့ လူနာတွေကိုလည်း ECT ပေးကိုပေးလေ့ရှိပါတယ်။ ဆေးဝါးတွေကို ခံနိုင်ရည်ရှိနေတဲ့၊ ဆေးမတိုးတော့တဲ့လူနာတွေဆိုရင် လုံလောက်တဲ့ ပမာဏ၊ လုံလောက်တဲ့ကာလတွေနဲ့ ဆေးဝါးတွေကို ထိထိရောက်ရောက် ပေးဖို့လည်း လိုပါတယ်။ လုံလောက်တဲ့ပမာဏနဲ့ လုံလောက်တဲ့ကာလ ပေးလျက်နဲ့မှ သက်သာမလာဘူး၊ ရောဂါရဲ့ သက်သာမှုနှေးနေတယ်။ ဆေးတွေကို အုပ်စုမတူတဲ့ဆေးတွေလည်း အမျိုးမျိုး ပေးပြီးပြီ၊ မသက်သာဘူးဆိုတဲ့သူတွေကိုလည်း ECT ပေးဖို့ စဉ်းစားလေ့ရှိပါတယ်။

Credit : ပါမောက္ခ ဦးဉာဏ်ဝင်းကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18