Print

Empathy နှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု

  29-Jan-2020
Preview Image

         စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပိုင်းမှာ Empathy ဆိုတာ ဘယ်လောက်ထိ တာသွားလဲ၊ ဘယ်လောက်ထိ လိုအပ်လဲ၊ ဘယ်လောက်ထိ အရေးကြီးသလဲ၊ Empathy ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

 

         Empathy ဆိုတာက တခြားသူတစ်ယောက်ရဲ့ မျက်လုံးနဲ့ ကြည့်ပေးတယ်၊ တခြားသူတစ်ယောက်ရဲ့ နားနဲ့ နားထောင်ပေးတယ်၊ တခြားသူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံစားပေးတယ်ဆိုပြီး Empathy ရဲ့ အဓိပ္ပာယ်ကို ထိရောက်အောင် ဖွင့်ဆိုပြထားနိုင်တာ တွေ့ရပါတယ်။ Empathy ဆိုတာ အခြားသူတစ်ယောက်ရဲ့ နေရာကနေ ခံစားနားလည်ပေးနိုင်တဲ့ စွမ်းရည်ပါပဲ။


          Empathy လို့ခေါ်တဲ့ သူ့ရဲ့ရင်ထဲကိုဝင်ပြီး နားလည်လိုက်တာ၊ ခံစားလိုက်တာသည် ကူညီပေးရာရောက်တယ်ဆိုတဲ့ ပရဟိတစိတ်ရဲ့ ကူညီတတ်တဲ့ သဘောတရားလေးရဲ့ အခြေခံအကြောင်းဖြစ်ပါတယ်။


          အခုအချိန်အခါ ဒီလူတွေထဲမှာ ကြည့်လိုက်ရင် အရမ်းတစ်ကိုယ်ကောင်းဆန်လာကြတယ်၊ အတ္တတွေ များလာကြတယ်၊ ဥပမာ ကားမောင်းတဲ့ ကိစ္စလေးကိုပဲ ကြည့်၊ ကားမောင်းသွားတယ်၊ ကိုယ်ကလမ်းမှန်ကနေ သွားတာပဲဆိုပြီး အေးအေးဆေးဆေးမောင်းနေချိန်မှာ အတင်းကြီးဝေါဆို မောင်းချလာတာတွေ၊ လမ်းပြောင်းပြန်မောင်းလာတာတွေ၊ နောက်ကနေ တပွမ်ပွမ်နဲ့ ပွတ်တိုက်ဆွဲသွားတာတွေ၊ မရပ်ရတဲ့နေရာတွေမှာ ရပ်တာ၊ အရှိန်ကိုမထိန်းဘဲနဲ့ မောင်းချင်သလို မောင်းတာတွေရှိတယ်။ ဆိုက္ကားသမားကလည်း ဆိုက္ကားသမားအလျောက်၊ ဆိုင်ကယ်သမားကလည်း ဆိုင်ကယ်သမားအလျောက်၊ လမ်းဖြတ်ကူးသူကလည်း လမ်းဖြတ်ကူးသူအလျောက် သူတို့ဖြစ်ချင်တာ သူတို့လုပ်ချင်တာအတွက်ပဲ ကြည့်ကြတယ်။ သူများကို မကြည့်တော့ဘူး။ အတ္တတွေ လောကကြီးထဲမှာ များလာတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာများလာတယ်။ သူ ဘယ်လိုခံစား နေရမလဲ မတွေးတော့ဘူး။

 

         ပြောရမယ်ဆိုရင် ကျွန်တော်တို့လူတွေမှာရော လူနဲ့နီးစပ်တဲ့ ပရိုင်းမိတ်တွေ၊ ဥပမာ မျောက်ဝံတို့၊ လူဝံတို့မှာရော Mirror Neurones လို့ခေါ်တဲ့ ကြေးမုံအာရုံကြောဆဲလ်လေးတွေရှိတယ်။ ဘာကြောင့် ကြေးမုံအာရုံကြောဆဲလ်လေးတွေလို့ တင်စားပြောရသလဲဆိုရင် လူတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် ကြေးမုံအာရုံကြောဆဲလ်လေးတွေ ရှိတာကြောင့် သူဘယ်လိုခံစားနေရတယ်၊ သူဘယ်လိုပြုမူနေတာလဲ၊ သူ ဒီအပြောအဆိုတွေ ဘာကြောင့်ပြောဆိုတာလဲ၊ သူပြောတာ ဘာကြောင့်များဖြစ်မလဲဆိုတဲ့ Emotional Signal လို့ခေါ်တဲ့ ခံစားချက်သင်္ကေတတွေကို ကိုယ်ခံစားပြီး နားလည်ပေးလို့ရတယ်။ အဲဒါကိုလည်း ဖော်ပြပေးလို့ရတယ်။ ဖတ်ပေးလို့ရတယ်။ သူ့ကြည့်ရတာ စိတ်ညစ်နေပုံရတယ်။ သူ့ကြည့်ရတာတော့ မျက်နှာလေးကို ရွှင်ပြုံးနေတာပဲ၊ ပျော်နေတယ်ဆိုတာကို ခံစားနားလည်ပေးလို့ရတယ်။


သူကတော့ ပျော်တာလည်းမဟုတ်ဘူး၊ မပျော်တာလည်း မဟုတ်ဘူး၊ တချို့ကျတော့ ဒေါသထွက်နေတယ် စသည်ဖြင့် ခံစားလို့ရတယ်။

          စိတ်ကျန်းမာရေးနဲ့ ပတ်သတ်လို့ ပြောကြမယ်ဆိုရင် Empathy Cycle လို့ခေါ်တဲ့ ခံစားနားလည်ပေးတတ်တဲ့ စက်ဝန်းကြီးက ဘယ်လိုတွေ ဖြစ်လာတာလဲ၊ စိတ်ပိုင်းနဲ့ ပတ်သက်ပြီး ကုသမှုပေးနေတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ကုခန်းစိတ်ပညာရှင် (Clinical Psychologist) ဖြစ်ချင်ဖြစ်မယ်၊ ဆွေးနွေးလမ်းညွှန် (Counselling) လုပ်ပေးတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ရိုးရိုးသားသား သူများရင်ဖွင့်တာကို နားထောင်ပေးတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ သူတို့သည် လူနာရဲ့ ဒါမှမဟုတ် ကိုယ့်အချင်းချင်းထဲက ပြောလာဆိုလာတဲ့သူတွေကို ဖွင့်ပြီးတော့ နားထောင်နိုင်တဲ့သူဖြစ်ရမယ်။ ကိုယ့်စိတ်ကို ဘောင်ခတ်မထားရဘူး။ ဘောင်ခတ်ထားရင် အစကတည်းက ဘောင်ခတ်ထားမှတော့ အံမဝင်တော့ဘူး။ ဘောင်ခတ်မထားဘဲ ဖွင့်ပြီးတော့ သူဘာပြောမလဲဆိုတာကို နားထောင်ပေးရမယ်။ ဖွင့်ပြီးနားထောင်ရင် သူ့ခံစားချက်ကို ပဲ့တင်ထပ်ပြီး ခံစားပေးနိုင်တယ်။ အဲဒီလိုခံစားပြီး အဲဒီခံစားချက်အတိုင်း သဘောပေါက်တယ်။ ဒါတွေ ဒါတွေတော့ မင်းစိတ်ပူနေတာပဲ။ ဒါတွေဒါတွေကြောင့် မင်းဝမ်းနည်းနေတာပဲ။ ဒါတွေဒါတွေကြောင့် မင်းပျော်နေတာပဲဆိုပြီး သူခံစားနေရတာတွေကို ကိုယ်သိတဲ့ အကြောင်း ပဲ့တင်ထပ်မှုလေးကို ခံစားပြီး မှန်လေးလိုပဲ ကိုယ်က သူ့ကို ပြောပေးလိုက်မယ်၊ ပြပေးလိုက်မယ်၊ နားလည်အောင် လုပ်ပေးလိုက်မယ်ဆိုရင် ငါပြောတာကို ငါ့ဆရာ သဘောပေါက်ပါလား၊ ငါပြောတာကို သူသဘောပေါက်တာပဲ၊ ကိုယ့်ကို ကုပေးတဲ့သူ၊ ကိုယ်ပြောတာကို နားထောင်ပေးတဲ့ သူက ကိုယ့်ကိုနားလည်ပါလား၊ ကိုယ့်ခံစားချက်ကို တကယ်ကို ထိထိရောက်ရောက် နားလည်ပါလားဆိုတာ သိသွားတဲ့အတွက် အဲဒီလူက ကိုယ့်ကိုပြောတဲ့အခါ ပိုပြီး ပြောချင်လာမယ်။

 

         နောက်တစ်ခုက ဆေးကုတဲ့ နေရာမှာ Empathy ဆိုတဲ့ သူ့ရဲ့လူနာ ဘယ်လိုခံစားနေရတယ်ဆိုတာကို သိပြီးတော့ နားလည်ပေးတဲ့အစွမ်းသည် အင်မတန်အရေးကြီးပါသည်။ မရှိမဖြစ် ရှိကိုရှိရမယ့် အရည်အချင်းပါပဲ။ အဲဒီအရည်အချင်းရှိမှ Empathy ရှိမှ လူနာကို ကုတဲ့နေရာမှာ လူနာဟာ ကျေနပ်မှု အပြည့်ရမှာ ဖြစ်ပါတယ်။ ရောဂါလည်း မြန်မြန်သက်သာမယ်။ ကုန်ကျစရိတ်လည်း အများကြီး သက်သာမယ်။


          အဲဒါကြောင့် Empathy ဆိုတဲ့ လူနာရဲ့ ရင်တွင်းခံစားချက်ကို နားလည်ပေးနိုင်စွမ်းဟာ ဆရာဝန်တွေအတွက်၊ ကုသမှုပြုလုပ်နေတဲ့ ဘယ်လိုဆရာဝန်မျိုးတွေအတွက်မဆို အင်မတန် အရေးကြီးပါတယ်။

Credit : ပါမောက္ခ ဦးဉာဏ်ဝင်းကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18