Print

ဆယ်ကျော်သက်အရွယ်သားသမီးတွေနဲ့ မိဘတွေ စိတ်မညစ်စေဖို့

  28-Jan-2020
Preview Image

          ဆယ်ကျော်သက်အရွယ်များရဲ့ အကြီးမားဆုံး စိတ်သောကဟာ မိဘများက သူတို့ကို လုံးဝနားမလည်ဘူးလို့ ယူဆခြင်းပါ။ ဒါ့ကြောင့်မို့လို့ ဒီအရွယ်ဟာ မိဘများနဲ့ ကတောက်ကဆတ်ဖြစ်ဖို့ အလွယ်ဆုံးဖြစ်ပြီး မိဘများနဲ့ ရန်ဆောင်ဖို့ အများဆုံးအရွယ်လည်း ဖြစ်ပါတယ်။


          ပညာရှင်များရဲ့အဆိုအရ မိဘက သားသမီးအပေါ်ထားတဲ့အချစ်ဟာ မမှားတတ်ပေမယ့် အဲဒီအချစ်ကို ပြသတဲ့နည်းလမ်း မှားနေတတ်ကြောင်း ထောက်ပြထားပါတယ်။ သူတို့ရဲ့ ပညာရေးကို ဖိအားပေးလွန်းပြီး သူတို့ရဲ့ ရင်တွင်းခံစားချက်ကို နားထောင်ပေးတာ နည်းလွန်းမှုကြောင့် အရှေ့တိုင်းမိဘများဆီမှာ ကတောက်ကဆတ် ပိုဖြစ်တတ်ကြောင်း ထောက်ပြထားပါတယ်။ ဒီလိုနဲ့ ကလေးများဟာ သူတို့ရဲ့ စိတ်တံခါးကို တဖြည်းဖြည်း ပိတ်သွားပြီး မိဘများနဲ့ အလှမ်းဝေးသွားပါတော့တယ်။ ဒါကြောင့်မို့လို့ ဆယ်ကျော်သက်အရွယ်သားသမီးများရှိခဲ့ရင် သူတို့နဲ့ အဆက်အသွယ် နည်းလမ်းမှန်ကန်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် မှန်ကန်တဲ့ ဆက်သွယ်တဲ့နည်းလမ်းဆိုတာ ဘာလဲလို့ မေးစရာရှိပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထားအရ၊ အခြေအနေအရ ကွာခြင်းနိုင်ပေမယ့် ပုံမှန်အားဖြင့် အရေးကြီးတဲ့အချက်အချို့ သတိထားရပါမယ်။


          ဆယ်ကျော်သက်သားသမီးများအတွက် မိဘများအနေနဲ့ စိတ်ရှည်ရှည်နားထောင်ပေးတတ်ခြင်းဟာ ပြောဆိုဆုံးမတတ်ခြင်းထက် ပိုမိုထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ငါမိဘပဲ ဆိုတဲ့ဂုဏ်သိက္ခာကြီးကို ဘေးမှာ ခဏအသာထားပြီး အပြန်အလှန်သဘောနဲ့၊ သူတို့လေးတွေကို ဘယ်လိုစဉ်းစားတာလဲ၊ ဘယ်လိုဖြေရှင်းသလဲ၊ ဘယ်လိုဆုံးဖြတ်သလဲ စသည်ဖြင့် များများမေးမြန်းပေးပြီး စိတ်ရှည်လက်ရှည်နားထောင်ပေးပါက သူတို့ကို ပိုမိုနားလည်နိုင်ပြီး လမ်းမှန်ကို ပိုမိုလမ်းကြောင်းပေးဖို့ လွယ်ပါတယ်။


အထိန်းအကွပ် တတ်နိုင်သမျှ နည်းပါစေ။

          မိမိကလေး ပြန်မပြော၊ နားမထောင်ဖြစ်လာရင် မိဘများ သတိထားရပါတော့မယ်။ ဆူလေဆဲလေ၊ ပုန်ကန်လေ ဖြစ်သွားတတ်လို့ပါ။ မိဘများရဲ့ သြဇာက သူတို့အပေါ် သက်ရောက်မှု နည်းပါးသွားပါပြီ၊ ဆူရင် ရိုက်ရင်လည်း မကြောက်တော့တဲ့ သဘောပါ။

          ဒီအရွယ်ကလေးများဟာ ဖိအားများလေ၊ ပြန်ကန်အားများလေပါ။ သူတို့နဲ့များများဆွေးနွေးပါ။ သူတို့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းများကို အကုန်လုံးသိအောင် ပေါင်းထားပါ။ သူတို့ သူငယ်ချင်းအကြောင်းသိတာများလေ၊ ကိုယ့်သားသမီးကို လမ်းကြောင်းဖို့ နည်းလမ်းရလေ ဖြစ်တတ်ပါတယ်။ အထိန်းအကွပ်နည်းပါစေဆိုတာက အထိန်းအကွပ်များလေ ကလေးကို မနိုင်မနင်း ဖြစ်သွားတတ်လို့ပါ။ သူတို့ရဲ့ စိတ်တွင်းစကားနဲ့ သူတို့ရဲ့ စဉ်းစားပုံကို သိအောင်ကြိုးစားရုံက လွဲလို့ အခြားနည်းလမ်းမရှိဘူးလို့ ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ပတ်သက်လို့ နိုင်ငံခြားက မိဘတစ်ဦးက ဒီလိုရေးသားတာကို ဖတ်ရှုမှတ်သားဖူးပါတယ်။

ကလေးရေ၊ ငါ မင်းကိုချစ်တယ်၊

ရှေ့မှာ ဖေဖေ ဒဏ်ရာများစွာနဲ့၊

အကြိမ်ကြိမ် ခြေချော်ခဲ့တဲ့ခရီးလမ်းတစ်ခုကို

သားက သွားကိုသွားမှ ရမယ်လို့ ပိုင်းဖြတ်နေရင်

အခိုင်ခံ့ဆုံး ဖိနပ်တစ်ရံနဲ့

ထီးကောင်းကောင်းတစ်လက် ဆောင်ထားပါ။

ဒုတိယလမ်းကွေ့မှာလည်း အရမ်းချော်ပါတယ်၊

ပဉ္စမလမ်းမှာ သူခိုးရှိတယ်၊

သွားပါ၊ သားရေ

ပြန်လာရင် စားစရာချန်ထားပါတယ်။


Credit: အောင်ကိုလတ်

 

         



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18