Print

ဆယ်ကျော်သက်အရွယ်နှင့် စိတ်ကျန်းမာရေးပြဿနာ

  24-Jan-2020
Preview Image

ဆယ်ကျော်သက်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂတ်ပါ။ ဆယ်ကျော်သက်အရွယ်ကို ဆေးပညာအရ အသက် ၁၁ နှစ်မှ ၁၈ နှစ်အရွယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မြန်ဆန်လာသလို စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြောင်းလဲလာပါတယ်။ ဒီအရွယ်မှာ ဖြစ်ပေါ်လာတဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေဟာ အလွန်လျင်မြန်တာကြောင့် ဘဝတစ်ကွေ့ချိုးမှာ ဆယ်ကျော်သက်တို့ ရင်ဆိုင်လာရတာက ရုပ်ပိုင်းဆိုင်ရာနဲ့  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပါတယ်။

          ဆယ်ကျော်သက်အရွယ်မှာ အများအားဖြင့် မိဘအုပ်ထိန်းသူတွေနဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေအကြား အဆင်မပြေမှုတွေ၊ အဖုအထစ်လေးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါလည်းမိဘတွေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့ သူတို့လေးတွေ ဖြတ်သန်းနေရတဲ့ လက်ရှိခေတ်ကာလ ဖြစ်တည်ပြောင်းလဲမှုအပေါ် အဓိက မူတည်တာပေါ့။ အမြင်ချင်း၊ သဘောထားချင်း ရုပ်ဝတ္ထုပေါ်အခြေခံပြီး မတူတတ်ဘူးလေ။ သားနဲ့အဖေ၊ သမီးနဲ့အမေ သီချင်းလေးတွေပဲ အတူနားထောင်ကြည့်ရင် သိသာပါတယ်။

          ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက အင်မတန် လျင်လျင်မြန်မြန် ဖြစ်ပေါ်လာတယ်။ ဒါကို လူပျိုဖော်၊ အပျိုဖော် ဝင်တယ်လို့ ခေါ်တာပေါ့။ အသက်အရွယ်အားဖြင့် မိန်းကလေးဆိုရင် ပျမ်းမျှ ၁၁ နှစ်ပတ်ဝန်းကျင်မှာ စတင်တတ်ပါတယ်။

          မိန်းမပျိုလေးတွေဟာ သားဥအိမ် (Ovary) က ထုတ်လုပ်တဲ့ “မ” ဟော်မုန်း (Oestrogen) ကြောင့် ရင်သားတွေ တင်းရင်းကြီးထွားလာတယ်။ တင်ပါးဆုံရိုးကွင်း ကျယ်ကားလာပြီး ပြည့်တင်းလာတယ်။ မျက်နှာပြင်မှာ အဆီထွက်များလာတာကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။ ချွေးထွက်များပြီး ချွေးနံ့ကိုယ်နံ့ ထွက်လာတတ်ပါတယ်။ ပခုံးသားတွေ လုံးဝန်းပြေပြစ်လာတယ်။ ချိုင်းနဲ့ မျိုးပွားအင်္ဂါတစ်ဝိုက်မှာ မွေးညင်းတွေ ပေါက်တာတတ်ပါတယ်။ အရပ်ရှည်နှုန်းက တစ်နှစ်မှာ ၃ ဒသမ ၅ လက်မနှုန်းနဲ့ ရှည်ထွက်လာကြပါတယ်။

          ဒီအချိန်မှာ မိန်းကလေးတွေရော၊ ယောကျ်ားလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ လျင်မြန်ဖြစ်လာတာ တွေ့ရပါတယ်။ ၁၇ နှစ်အရွယ်ရောက်ပြီဆိုရင် သူတို့ဟာ ယောကျ်ားကြီး၊ မိန်းမကြီးတွေ ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ မိဘတွေထက်ကို ပိုပြီးထွားကျိုင်းလာတယ်။ သူတို့ကိုယ်တိုင်ပဲ လင်ယူသားမွေးနိုင်တဲ့အထိ ဖြစ်လာမယ်။ တစ်ပြိုင်နက်တည်းပဲ သူတို့ဟာ မိဘအုပ်ထိန်းသူတွေစီက ပံ့ပိုးကူညီမှုတွေ လိုမြဲလိုနေဦးမှာ ဖြစ်ပါတယ်။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်၊ ရုပ်ရည်ရူပကာနဲ့ ပတ်သက်ပြီး ကျေနပ်အားရတာတွေ၊ မကျေနပ်တာတွေ မျိုးစုံ ဖြစ်လာတတ်ပါတယ်။ ဒါကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။ ဒီအခါမှာ သူတို့ကို အားပေးတာ၊ နှစ်သိမ့်တာတွေ ရှိသင့်ပါတယ်။ နောက်ပြီး သူတို့ဟာ သူငယ်ချင်းတွေထက် ဖွံ့ဖြိုးတိုးတက်ကြီးထွားမှု နှောင့်နှေးနေတယ်ဆိုရင် ပိုပြီးတော့ အားပေးနှစ်သိမ့်ရမှာ ဖြစ်ပါတယ်။ မင်းလည်းဒီလိုပဲ ထွားလာမှာပါ။ ရင့်ကျက်လာမှာပါလို့  အားပေးနှစ်သိမ့်ပေးရမှာ ဖြစ်ပါတယ်။

          နောက်ပြီး သူတို့နဲ့ သူတို့မိသားစုတွေဟာ ဒီအရွယ်မှာ အသက်အရွယ်အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေ ရှိတယ်ဆိုတာကို သိထားကြရင် စိုးရိမ်စရာ၊ ပူပန်စရာတွေ မရှိတော့ပါဘူး။ အဲဒီတော့ ကြီးထွားဖွံ့ဖြိုးလာတာ၊ တိုးတက်လာတာနဲ့အမျှ ခွန်အားသုံးစွဲမှု (Energy) တွေလိုလာတယ်။ ဒါ့အပြင် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်လည်း ပိုလိုလာမှာ ဖြစ်ပါတယ်။ စောစောအိပ်ရာဝင်ပေမယ့် အိပ်ရာထ နောက်ကျတတ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လူကြီးမိဘတွေက ငပျင်းမလေး ပျင်းနေတယ်ဆိုပြီး စိတ်ဆိုး၊ စိတ်တိုနေလို့ မဖြစ်ပါဘူး။ ဒါကိုတော့ နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒီအရွယ်မှာ Energy သုံးစွဲမှုများတဲ့အတွက် ပိုအိပ်မယ်၊ ပိုစားပါမယ်။

          စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့အတူ ယောကျ်ားလေးတွေဆိုရင် မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ရိတ်ရတာ၊ မိန်းကလေးတွေဆိုရင် ရာသီသွေးပေါ်တာနဲ့အတူ သူတို့အရွယ်မှာ တွေးခေါ်တာတွေ၊ ခံစားရတာတွေလည်း စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲလာပါတယ်။ သူတို့ဟာ မိသားစုရဲ့အပြင်မှာ ပိုပြီးရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံမှုတွေကို ပိုလိုချင်လာတယ်။ အထူးသဖြင့် တန်းတူရွယ်တူသူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံလာတယ်။ မိသားစုထဲမှာ ပေါင်းသင်းဆက်ဆံမှုကလည်း ပြောင်းလဲလာတယ်။ သူတို့ရဲ့ မျက်စိထဲမှာ မိဘတွေဟာ သိပ်အရေးမကြီးတော့ဘူး။ သူတို့ရဲ့ဘဝကို မိသားစုရဲ့ အပြင်မှာပဲ ပိုပြီးဖွံ့ဖြိုးတိုးတက်လာအောင်၊ ပြောင်းလဲလာအောင် လုပ်ချင်လာတယ်။ ပြောရမယ်ဆိုရင် ပြင်ပလောကကြီးကို ပိုစိတ်ဝင်စားလာတယ်။ စူးစမ်းချင်လာတယ်။ ဒီနေရာမှာတင် မိဘနဲ့ သားသမီးကြားမှာ အတွေးအမြင်တွေကွဲလွဲပြီး ပေါင်းသင်းဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာတော့တာပါပဲ။

          မိဘတွေအမြင်မှားလည်း ဆယ်ကျော်သက်လေးတွေကို တစ်ချိန်လုံး သူငယ်ချင်းတွေ တရုန်းရုန်းနဲ့နေနေတာပဲ၊ ဖုန်းပဲပြောနေတော့တာပဲ၊ အင်တာနက်ဆိုင်ပဲသွားပြီး အချိန်ကုန်နေတော့တာပဲ စသဖြင့် မိဘတွေအတွက် အမြင်ကတ်စရာ၊ စိတ်တိုစရာ ဖြစ်နေပေမယ့်လည်း တကယ်တမ်းအရေးကြီးတာက ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေဟာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်နေချင်ကြတယ်ဆိုတာကို နားလည်ထားဖို့ပါပဲ။

          ဆယ်ကျော်သက်ရွယ်ကလေးတွေက ကမ္ဘာလောကကြီးအကြောင်းကို အရမ်းသိချင်၊ လေ့လာချင်နေတဲ့အချိန်၊ ဒီလောကကြီးထဲမှာ သူတို့ဘယ်လိုပုံစံနဲ့ ပါဝင်နေမလဲဆိုတာကို ရှာဖွေနေတဲ့အချိန်ပဲဖြစ်ပါတယ်။ သူတို့ဟာ အတွေ့အကြုံသစ်တွေကို ရှာဖွေစူးစမ်းလေ့လာစမ်းသပ်ချိန်မှာ တချို့က အရမ်းကို အန္တရာယ်များပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ အဲဒီတော့ လူငယ်ဆိုတာ စိတ်လှုပ်ရှားမှုတွေကို သာယာတတ်ကြပါတယ်။ လိုချင်လို့ ရှာဖွေ တတ်တာကို လူကြီးတွေက နားလည်ဖို့ ခက်ခဲကြပါတယ်။ ဒါ့အပြင် ဒါတွေကို အတော်အန္တရာယ်များပါလားလို့ လူကြီးအများစု မြင်တတ်ကြပါတယ်။

          ဆယ်ကျော်သက်အရွယ်မှာ စိတ်အာရုံခံစားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပြောရရင် တချို့က အများကြီးစားတာ တွေ့ရတယ်။ တချို့က အစားအသောက်ကို ဖိစားတာအပြင် ဖိအိပ်တာတွေလည်း ရှိတတ်ကြတယ်။ အဲဒီလို အများကြီးစားပြီး၊ အများကြီး အိပ်တာကြောင့် ကိုယ်အလေးချိန်တွေတက်ပြီး ဝလာတတ်တယ်။ ဒီလိုဝလာတာကိုက သူ့မှာစိတ်အာရုံခံစားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဖိစီးမှုတွေ ရှိလာပြီဆိုတဲ့ လက္ခဏာကို ပြတာပဲဖြစ်ပါတယ်။ စိုးရိမ်စိတ်များရာကနေ Phobia လို့ခေါ်တဲ့ ကြောက်လန့်စိတ်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီကတစ်ဆင့် တက်ပြီးတော့ Panic Attack လို့ခေါ်တဲ့ ပျာယာခတ်ပြီး သေရလောက်မတတ် အစိုးရိမ်လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။

          လက်ရှိသုတေသန ပြုထားချက်တွေအရ ဆယ်ကျော်သက်အရွယ်မှာ အချို့က စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဝေဒနာတွေ (Emotional Disorders)သည် သတိမထားမိဘဲ ရှိနေတတ်သည်။ စိတ်ကျဝေဒနာ (Depression) ဟာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးတွေမှာ ၁၀ ယောက်မှာ လေးယောက်က စိတ်ထဲမှာ ဝမ်းနည်းနေတာ၊ ခံစားနေတာတွေ ရှိတတ်ပါတယ်။ တချို့ကတော့ ငိုတာ၊ မျက်ရည်ကျတာရှိချင်ရှိမယ်။ ဒါ့အပြင် တချို့က တစ်ယောက်ယောက်နဲ့ ခွဲပြီးနေချင်တာ၊ ဘယ်သူနဲ့မှ ရင်မဆိုင်ချင်တော့ဘဲ တစ်ယောက်တည်း တစ်သီးတစ်သန့်နေချင်တာမျိုး (Social With Drow) တွေ ရှိလာတတ်ပါတယ်။

          ဒီအရွယ်မှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ ရှုထောင့်တွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုတွေကို ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာနဲ့ ပံ့ပိုးပေးဖို့က အရေးအကြီးဆုံးပါပဲ။ အထူးသဖြင့် မိဘတွေဆီက၊ ကျောင်းက၊ မိသားစု ဆရာဝန်ဆီက ဒါမှမဟုတ် Family Planning Clinic တွေဆီကနေ ပညာပေးဖို့ အများကြီး လိုအပ်ပါတယ်။ မြန်မာနိုင်ငံက မိဘတွေဟာ ဆယ်ကျော်သက်လေးတွေကို လိင်ကိစ္စနဲ့ပတ်သက်ပြီး မိဘနဲ့သားသမီးကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားမှု မရှိတာကြောင့် ကလေးတွေကလည်း သိချင်၊ မေးမြန်းချင်ပေမယ့် မမေးရဲဘဲ ထင်ရာ၊ မြင်ရာ လျှောက်လုပ်တတ်တာကြောင့် အန္တရာယ်ပိုရှိနိုင်ပါတယ်။

          ဆယ်ကျော်သက်အရွယ်မှာ Risk Taking Lifestyle ရှိတဲ့ မြီးကောင်ပေါက်တွေဟာ လိင်ကိစ္စနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ရောဂါတွေ ကြုံတွေ့ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုတွေပြုခြင်းဟာ အန္တရာယ် ကြီးများကြောင်းကို သူတို့တွေ သိရှိထားဖို့ လိုပါတယ်။

          ဆယ်ကျော်သက်အရွယ် အတော်များများကတော့ အရက်နဲ့ ဆေးလိပ်ကို စမ်းသပ်သုံးစွဲတတ်ကြတယ်။ တချို့ကတော့ တရားမဝင်တဲ့ မူးယစ်ဆေးဝါးတွေကို စမ်းသပ်ပြီး သုံးစွဲလေ့ရှိကြတယ်။ အင်္ဂလန်မှာ ၁၅ နှစ်အရွယ် ကလေး ၃ ယောက်မှာ ၁ ယောက်ဟာ တစ်ချိန်သို့မဟုတ် တစ်ချိန်မှာ မူးယစ်ဆေးတစ်မျိုးမျိုးကို စမ်းသပ်သုံးစွဲဖူးတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ မူးယစ်ဆေးဝါးနဲ့ အရက်ကို ပုံမှန်အမြဲတမ်း သုံးတာကတော့ ပုံမှန်သုံးစွဲတယ်ဆိုရင် ၁၅ နှစ်အရွယ်ခြောက်ယောက်မှာ တစ်ယောက်လောက်က ပုံမှန်သုံးစွဲတဲ့အဆင့်ထိ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။

          ဆယ်ကျော်သက်အရွယ်မှာ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တာ နည်းတယ်ဆိုကြပေမယ့် စိတ်ကျ၊ စိတ်ကြွရောဂါတွေ၊ စိတ်ကစဉ့်ကလျားရောဂါဟာ ဒီအရွယ်လေးတွေမှာ စပြီးဖြစ်တတ်ပါတယ်။

          နောက်တစ်ခုကတော့ Parental Shock မိဘတွေ ထိတ်လန့်စရာ ကိစ္စမျိုးပေါ့။ လိင်ကိစ္စနဲ့ ပတ်သက်လို့ သူတို့လေးတွေ စတင်ပြီး ပထမဆုံးအတွေ့အကြုံစမ်းသပ်ရှာဖွေတဲ့အခါ မိဘတွေအတွက် ထိခိုက်ခံစားစရာ၊ အံ့သြထိတ်လန့်စရာ ကိစ္စကြီးပဲ ဖြစ်ပါတယ်။ ဒါက ဆယ်ကျော်သက်တွေအတွက် ပထမဆုံး အတွေ့အကြုံဖြစ်သလို၊ မိဘတွေအတွက်လည်း ပထမဆုံး အတွေ့အကြုံဘဲ ဖြစ်ပါတယ်။ အဲဒီအခါမှာ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်ကြီး ဖြစ်ပေမယ့် ဒါကိုကျော်လွန်ပြီးရင် သူတို့အတွက် အကောင်းဆုံးဖြစ်အောင်၊ ပြေလည်သွားအောင် ဘဝသစ်တစ်ခုစနိုင်အောင် စဉ်းစားပြီး ပြုလုပ်ပေးရပါမယ်။

          ကလေးတွေဟာ သူတို့ရဲ့ ဆယ်ကျော်သက်ကာလကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး ရင်ဆိုင်ကျော်ဖြတ်သွားနိုင်ကြမှာဖြစ်လို့ မိဘတွေအနေနဲ့ အန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်အောင် မြီးကောင်ပေါက်ကလေးတွေရဲ့ ကိုယ်ပိုင်အချိန်ကာလနဲ့ အခွင့်အလမ်းတွေကို သွားပြီး မပိတ်ပင်လိုက်ပါနဲ့။ ဆယ်ကျော်သက်လေးတွေကို နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ သိမ်မွေ့စွာကိုင်တွယ်သွားနိုင်ရင် ဆယ်ကျော်သက်လေးတွေရော၊ မိဘအုပ်ထိန်းသူတွေပါ စိတ်ချမ်းသာပျော်ရွှင်ကြရမှာပါ။

Credit : မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18