Print

စိတ်ကျန်းမာရေး ရှေးဦးသူနာပြု (သို့) ကနဦး စိတ်ကျန်းမာရေး စောင့်ရှောက်မှ...

  29-Apr-2018
Preview Image

စိတ်ကျန်းမာရေး ရှေးဦးသူနာပြု (သို့) ကနေဦး စိတ်ကျန်းမာရေး စောင့်ရှောက်မှုဆိုတာက လူတစ်ယောက်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ တော်တော်ကိုဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အချိန်မှာ ကူညီပေးဖို့အတွက် ပေါ်ပေါက်လာရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။  စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုခြင်းဆိုတာက ရိုးရိုးရှေးဦးသူနာပြုစုခြင်းဆိုတာကနေ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာ ရှေးဦးသူနာပြုစုကြသလိုပဲ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ ရှေးဦးသူနာပြူစုတယ်ဆိုပြီးတော့ ချဲ့ထွင်ပေါ်ပေါက်လာတဲ့ ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ လူတွေအတော်များများက စိတ်ဝေဒနာတွေခံစားရတယ်။ စိတ်ကျန်းမာရေးထိခိုက်မှုတွေ ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခံစားကြရတယ်။ 


အဲဒီလိုဖြစ်ပေါ်ခံစားရတဲ့ အချိန်မှာ တကယ့်ပညာရှင်တွေ ကူညီမှု၊ ပြုစုမှု၊ ကုသမှုတွေကို မရနိုင်ကြသေးတာရှိသလို ရဖို့ အလှမ်းဝေးနေကြတာတွေ၊ နှောင့်နှေးနေကြတာတွေလည်း ရှိပါတယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးဆိုးရွားရွား ခံစားကြရတာတွေမှာ မိမိကိုယ်ကိုမိမိ သတ်သေလိုတဲ့ ဆန္ဒတွေ၊ စိတ်တွေ၊ ပေါ်ပေါက်လာသည်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင်၊ ဒဏ်ရာအနာတရတွေဖြစ်အောင် ကြိုးစားကြတာတွေရှိတယ်။ တချို့ကတော့လည်း ယောက်ယက်ခတ် ပျာလောင်ခတ်နေပြီးတော့ စိုးရိမ်သောကတွေ ပြင်းထန်ပြီးတော့ သေတော့မှာပဲဆိုတဲ့ အနေအထားနဲ့ ပြေးလွှားတုန်ရင် ကြောက်လန့်နေတာမျိုးတွေ ရှိသလို လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ ယုံမှားလွန်၊ သံသယလွန်စိတ်တွေ ပေါ်ပေါက်ပြီးတော့ ဆိုးဆိုးဝါးဝါး စိတ်ဝေဒနာ ရုတ်တရက် ခံစားလာရတာမျိုးတွေလည်း ရှိပါတယ်။ 


အဲလိုမျိုးဖြစ်တဲ့အချိန်မှာ ထိရောက်တဲ့၊ သင့်တော်တဲ့ စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုတဲ့ နည်းလမ်းနဲ့ ကူညီပေးလိုက်မယ်ဆိုရင် အဲဒီဝေဒနာခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရတဲ့သူဟာ သူ့ကိုယ်သူ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထား ရောက်မသွားနိုင်တော့သလို အခြားသူတွေကို အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားကိုလည်း ရောက်မသွားနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


ရလာနိုင်တဲ့အကျိုးကျေးဇူးတွေ


စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုတဲ့နည်းကို သင်ပေးလိုက်တဲ့အခါကျတော့ လူတွေက ဘယ်လိုတွေ တိုးတက်လာလဲ၊ ဘယ်လိုတွေ အကျိုးကျေးဇူးရှိလာသလဲ ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ တိုးတက်မှုတွေ၊ အားရကျေနပ်စရာတွေရှိတာကို တွေ့ရပါတယ်။ ဒီလိုမျိုးစိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတဲ့သူတွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေပြီးတော့ ပြုစုစောင့်ရှောက်မှုတွေ၊ ကူညီမှုတွေရအောင် နည်းလမ်းတွေအစုံ သုံးပြီးတော့ Mental Health First Aid သင်ကြားပေးတာဖြစ်ပါတယ်။ ခန္ဓာကိုယ် ရှေးဦးသူနာပြုစုနည်းတွေ သုံးသလိုပဲ စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုနည်းတွေ သုံးလိုက်တဲ့အတွက် စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ လက္ခဏာတွေ ပေါ်ပေါက်နေပြီဆိုတာမျိုးကို သိနားလည်သွားပြီး ကူညီနိုင်မှာ ဖြစ်ပါတယ်။ 


စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုနည်းတွေကို ဘယ်သူတွေကို သင်ပေးသလဲဆိုတော့ လူမှုရေးစောင့်ရှောက်မှုပေးတဲ့ ဝန်ထမ်းတွေကို အရင်သင်ပေးမှာပေါ့။ လူမှုရေးစောင့်ရှောက်မှုပေးတဲ့ ပညာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဆေးလူမှုဆက်ဆံရေးဆိုင်ရာ အရာရှိတွေကို သင်ပေးကြပါမယ်။ အရေးပေါ်ကားတွေမှာပါတဲ့ ဝန်ထမ်းတွေကိုလည်း စိတ်ကျန်းမာရေးရှေးဦးသူနာပြုစုနည်းကို သင်ကြားပေးထားမယ်။ နောက်မိသားစုဝင်တွေပေါ့။ စိတ်ကျန်းမာရေး ပြဿနာရှိတဲ့ သူတွေရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ဒီလိုမျိုးပဲ စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုနည်း တတ်ထားမယ်ဆိုရင် သူတို့ပြုစုစောင့်ရှောက်နေရတဲ့ အုပ်ထိန်းတဲ့ သူတွေအနေနဲ့ သူတို့ ခံစားနေရတာရှိရင် အမြန်ဆုံး အကူအညီပေးနိုင်တဲ့အတွက် အကောင်းဆုံးကုသမှုတွေဆီကို ရောက်သွားနိုင်တယ်။ 


နောက်ပြီး ကျောင်းဆရာ၊ ဆရာမတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေသိကို သိထားသင့်တယ်။ တစ်ခုကတော့ မန်နေဂျာအဆင့်တွေ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ ဌာနဆိုင်ရာတွေမှာရှိတဲ့ မန်နေဂျာတွေ၊ အုပ်ချုပ်သူအဆင့်တွေဟာဆိုရင် သူတို့ရဲ့ လက်အောက်က ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုတွေအတွက် တာဝန်ရှိပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင် စိတ်ကျန်းမာရေး ပြဿနာရှိတဲ့လူတွေကို ကူညီဖို့ စိတ်ဝင်စားတဲ့သူတွေ၊ ဝါသနာပါတဲ့သူတွေ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့လို အမျိုးသမီးရေးရာအဖွဲ့ဝင်တို့လိုနဲ့ ကင်းထောက်လူငယ်တွေလိုမျိုး လူငယ်အဖွဲ့အစည်းတွေ၊ ကြက်ခြေနီလူငယ်တွေ၊ ယာဉ်ထိန်းရဲတွေ၊ ပြည်သူ့ရဲတွေ အပါအဝင် အားလုံးသည် စိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုနည်းကို တတ်ထားသင့်ပါတယ်။


စိတ်ကျန်းမာရေးပြဿနာဆိုတာက လူတိုင်းမှာ ခံစားရနိုင်တယ်။ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်၊ အသက်ကြီးငယ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေကို သတိမထားဘဲနဲ့ ပစ်ပယ်ပြီးတော့ မထားသင့်ပါဘူး။ ခန့်မှန်းပြီးတော့ တွက်ချက်မှုတွေအရ နှစ်စဉ် တစ်နှစ်မှာ လေးယောက်မှာ တစ်ယောက်သည် စိတ်ကျန်းမာရေး ပြဿနာတစ်ခု မဟုတ်တစ်ခု ခံစားနေကြရတယ်လို့ တွေ့ရှိထားတာဖြစ်တဲ့အတွက်ရယ်၊ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် ငွေတွေ သန်းနှင့်ချီပြီးတော့ ဆုံးရှုံးမှုတွေရှိပါတယ်။ ကနဦးစိတ်ကျန်းမာရေး ရှေးဦးသူနာပြုစုစောင့်ရှောင်တဲ့ နည်းတွေကို သုံးပြီး ကူညီရင်း နီးစပ်ရာ သင့်တော်တဲ့ အကောင်းဆုံးဖြစ်မယ့် စိတ်ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးမယ် ဆရာဝန်တွေ၊ ဆေးခန်းတွေ၊ ဆေးရုံတွေကို အမြန်ဆုံး ရောက်အောင် ပို့ပေးခြင်းသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။


Credit: ပါမောက္ခဦးဉာဏ်ဝင်းကျော်


(အတိုင်ပင်ခံစိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18