Print

စိတ်ကျန်းမာရေးအတွက် ဆိုးတဲ့အကျင့် (၁၀) ချက်

  20-Feb-2018
Preview Image


            စိတ်ဓာတ် ကျစေသည့် အကြောင်းရင်း အများစုသည် ကျွနု်ပ်တို့ ထိန်းချုပ်ခြင်းငှာ မစွမ်းသာသော ဘောင်ပြင်ဘက်က ကိစ္စများကြောင့် ဖြစ်ရသည်။ ချစ်ခင်ရသူ သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်း၊ ငွေကြေးအကျပ်အတည်း တွေ့ခြင်း စသည် စသည်ဖြင့် ထိန်းချုပ်ခြင်းငှာ မစွမ်းသာတာများကို ခဏမေ့ထားပြီး ထိန်းချုပ်ခြင်းငှာ စွမ်းသာသော နေ့စဉ်ဘဝ အလေ့အထ လေးများကို ပိုကောင်းအောင် ပြုပြင်ခြင်းဖြင့် စိတ်ဓာတ်ကျစေမည့် အလားအလာများကို ချေဖျက်ပြီးသား ဖြစ်သွားနိုင်သည်ကို စာဖတ်သူ သတိထားမိပါ သလား။

            ကိုယ် ဖေ့စ်ဘွတ်ခ်၊ တွစ်တာသုံးနေပုံ၊ လေ့ကျင့်ခန်း လိုက်စားမှုရှိမရှိကအစ ကုန်ကုန်ပြောရလျှင် ကိုယ်လမ်းလျှောက်ပုံ အထိသည် ကိုယ့်စိတ်ကို အတက်အကျ အမျိုးမျိုးဖြစ်စေ နိုင်သည်ကို စာဖတ်သူ သတိထားမိပါ၏လား။ ကိုယ့်ကို စိတ်ဓာတ်ကျ စေမည့် ဘက် အလေးကဲနေစေသော အပြုအမူများကို ပြုပြင်ပြောင်းလဲ လိုက်ခြင်းဖြင့် စိတ်လန်းဆန်းသူ တစ်ယောက်ဖြစ်လာ နိုင်သည်။ အောက်တွင် စိတ်ဓာတ်ကျစေ နိုင်သည့် နေ့စဉ်ဘဝ အပြုအမူ (၁၀) ခု ကို ဖော်ပြထားပြီး မည်သို့ ပြုပြင် သင့်ပုံများကိုပါ တစ်ဆက်တည်း ဖော်ပြထား ပါသည်။


၁။ လမ်းလျှောက်ရင် လေးလေးကန်ကန် ထိုင်းထိုင်းမှိုင်းမှိုင်း။

            ကျွနု်ပ်တို့ စိတ်အခြေအနေသည် ကျွနု်ပ်တို့ လမ်းလျှောက်ပုံကိုပါ လွှမ်းမိုးမှုရှိသည်။ ပျော်နေရင် ခြေလှမ်း တက်တက်ကြွကြွ၊ စိတ်ညစ်နေလျှင် မတက်မကြွ ထိုင်းထိုင်းမှိုင်းမှိုင်း။ စိတ်က လမ်းလျှောက်ပုံကို လွှမ်းမိုးသည့် နည်းတူ၊ ပြောင်းပြန်အားဖြင့် လမ်းလျှောက်ပုံကလည်း စိတ်ကိုပြန်လွှမ်းမိုးမှု ရှိကြောင်း မကြာသေးခင်ကမှ ထွက်လာသော စစ်တမ်း တစ်ရပ်က ဖော်ပြသည်။ ခန္ဓာကိုယ် အပြုအမူဆိုင်ရာကုထုံးနှင့် စိတ်ဝေဒနာ သုတေသနဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။ သုတေသနတွင် လူနှစ်စုပါသည်။ ပထမတစ်စုကို လက်လည်းမလွှဲ၊ ခြေလည်း လေးတိလေးကန် အနေအထားနဲ့ လျှောက်ခိုင်းသည်။ ဒုတိယ တစ်စုကိုကား တက်တက်ကြွကြွ လျှောက်ခိုင်းသည်။ ထိုသို့ လမ်းလျှောက်နေစဉ် ဖြစ်နေသည့် စိတ်ခံစားချက်များကို စစ်တမ်းမေးခွန်းများဖြင့် ဖော်ထုတ်သည်။ ထိုအခါ ပထမတစ်စုသည် ဒုတိယတစ်စုထက် အဆိုးအပျက်များကို တွေးမိနှုန်း ပိုများသလို၊ ပါးစပ်ကလည်း အဆိုးအပျက်ကိစ္စ ပြောမိနှုန်းပိုများကြောင်း တွေ့ခဲ့ရသည်။


ပျော်အောင် ။ ။ ရင်ကိုကော့ မေးကို မော့ပြီး တက်ကြွသည့် စတိုင်ဖြင့် လမ်းလျှောက်ပါ။ ထိုအခါ စိတ်သည်လည်း အလိုလို အကောင်းဘက် ကို ပိုတွေးမိလာမည်။


၂။ ဘာတွေ့တွေ့ ဓာတ်ပုံရိုက်သည်။

            စမတ်ဖုန်း ကင်မရာများသည် ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးလောက်နီးပါး အားကိုးလ ရလာသည်တွင် လူတိုင်းလိုလို ဘယ်ပဲရောက်ရောက် ဓာတ်ပုံလေး တချပ်ချပ် ရိုက်လာကြသည်။ ရောက်သည့် နေရာကိုစိတ်နဲ့ ၀င်ခံစားခြင်းမရှိ။ ဓာတ်ပုံအဖြစ် ရိုက်ကာ မမ်မိုရီကတ်ထဲသာ ထည့်ကြသည်။ ဦးနှောက်နှင့် နှလုံးသားထဲမဝင်။ “စိတ်ပညာ သိပ္ပံဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု စစ်တမ်းတစ်ရပ်တွင် လူနှစ်စုကို ပြတိုက်သွားကြည့်ခိုင်းသည်။ တစ်စုကို ဒီအတိုင်း ကြည့်စေသည်။ နောက်တစ်စုကို ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက ရိုက်ခွင့်ပေးသည်။ ပြတိုက်သွားပြီး ပြန်လာသော ထိုနှစ်စုကို ပြတိုက်မှာ ပြထားတာများ ပြန်မေးသော အခါဒီအတိုင်း ကြည့်လာသူများသည် မှတ်မိမှုအများဆုံးဖြစ်ပြီး ဓာတ်ပုံရိုက်လာသူများကား မှတ်မိမှု အနည်းဆုံးဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ကင်မရာများသည် အသုံးမချတတ်ပါက မျက်လုံးရှေ့ကာ ကာထားမည့် ပဝါပါးများသဖွယ် ဖြစ်သွားနိုင်သည်ဟု စစ်တမ်းက သတိပေးထားသည်။


ပျော်အောင် ။ ။ တစ်ခုခုကို ဓာတ်ပုံရိုက်လိုသည်ဆိုလျှင်ပင် ကိုယ်ရိုက်လိုတာကို သေချာကြည့်ပြီးမှရိုက်ပါ။ အကောင်းဆုံး ကတော့ နောက် နည်းနည်းဆုတ် မျက်လုံးထဲ သေချာဝင်အောင် ကြည့်ပြီးခံစားပါ။ ထိုသို့မှ သဘာဝပတ်ဝန်းကျင် ထဲက ကြုံတွေ့ရသမျှကို စိတ်ကခံယူမှတ်သားထားနိုင်မည်။ ထိုသို့မှ စိတ်ထဲမှတ်သားထားတာများ မရှိလျှင် ဗလာဖြစ်နေသော စိတ်သည် ပျော်ရွှင်မှုနဲ့ ဝေးနေလိမ့်မည်။


၃။ အနိုင်ကျင့်သူများကို ပစားပေးထားမိခြင်း။

            ကျောင်းမှာမှ အနိုင်ကျင့်ခံရတာမဟုတ်။ အမေရိကန်လုပ်သား (၃၅) ရာခိုင်နှုန်း (၅၄ သန်း) သည် အလုပ်ခွင်ထဲမှာ ပုံစံ တစ်မျိုးမျိုးဖြင့် အနိုင်ကျင့်ခြင်းခံရဖူးကြောင်း “အလုပ်ခွင်တွင်း အနိုင်ကျင့်ခြင်းဆိုင်ရာ လေ့လာရေးအဖွဲ ့”၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပုံစံတစ်မျိုးမျိုးဖြင့် အနိုင်ကျင့်ခြင်းကိုခံရပါ များလာသည့်အခါ မိမိကိုယ်ကို ည့ံဖျင်းသူဟုထင်လာ တတ်သည်။ ထိုသို့ ထင်လာခြင်းသည် ကိုယ့်ကိုယ်ကို ကျေနပ်အားရသောဘဝ ထူထောင်ရေးတွင် ကြီးမားသော အနှောင့်အယှက်ဖြစ်သည်။ ကြာလာလျှင် မနက်မနက်အိပ်ရာကထကာ အလုပ်သွားချင်စိတ်ပါ ပျောက်လာနိုင်သည်။ ထိုသို့ ဖြစ်ပြီဆိုလျှင် ဘဝတိုးတက်ရေး ကိုပါ ထိခိုက်တော့မည်။ စိတ်ပျော်ဖို့လည်း မရှိတော့။


ပျော်အောင် ။ ။ အနိုင်ကျင့်သူများကို ထိပ်တိုက်ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ အနိုင်ကျင့်လို့ မရမှန်း သိသွားလျှင် နောင် အနိုင်ကျင့် ရဲတော့မည် မဟုတ်။ ကူညီနိုင်မည့်သူ တစ်ဦးဦးကို အကျိုးအကြောင်း ပြောပြကာ အကြံ ဉာဏ် တောင်းခံခြင်းဖြင့်လည်း ပြဿနာ ပြေလည် နိုင်သည်။


၄။ ကျန်းမာရေး မလိုက်စား။

            တစ်ပတ်ကိုသုံးကြိမ် တက်တက်ကြွကြွ လေ့ကျင်ခန်းလုပ်လျှင် စိတ်ကျဝေဒနာ ခံစားရနိုင်ခြေ (၁၉) ရာခိုင်နှုန်း နည်းသွားကြောင်း JAMA Psychiatry ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ၁၉၅၈ ခုနှစ်တွင် မွေးဖွားခဲ့ သူများကို အသက် (၅၀) ရောက်သည်အထိ လေ့လာထားချက်အရ ကျန်းမာရေး လေ့ကျင့်ခန်းများများလုပ်လေ စိတ်ကျဝေဒနာ ခံစားရနိုင်ခြေ နည်းသွားလေဖြစ်ကြောင်း တွေ့ခဲ့ရသည်။ စိတ်ဓာတ်ကျနေ သူသည် မတက်ကြွဆုံး လူဖြစ်သလို၊ မတက်ကြွဆုံး လူသည်လည်း စိတ်ဓာတ် အကျဆုံးသူ ဖြစ်ကြောင်း တွေ့ရသည်။ ကိန်းဂဏန်းအားဖြင့် ပြောရလျှင် တက်တက်ကြွကြွ တစ်ကြိမ် နေတိုင်း စိတ်ဓာတ်ကျ နိုင်ခြေ (၆) ရာခိုင်နှုန်း နည်းသွားသည်။


ပျော်အောင် ။ ။ အပြင်ထွက်ပါ။ လှုပ်ရှားပါ။ ရေးကြီးခွင်ကျယ် ကိစ္စမျိုးမှမဟုတ်။ လမ်းထိပ်ထွက် မုန့်ဝယ်တာကအစ လှေကား တက်တာအဆုံး တက်တက်ကြွကြွလေး လုပ်ကြည့်ပါ။


၅။ အချိန်ဆွဲသူကြီး။

            လုပ်စရာရှိတာမလုပ်ဘဲ နေ့ရွှေ့ ညရွှေ့ လုပ်ထားမိသည့် အလုပ်များကို စာရင်းချကြည့်ပါ။ ဘာကြောင့် ရွှေ့နေမိလဲ စဉ်းစားပါ။ ပျင်းလို့ ရွှေ့နေ မိသည် ဆိုလျှင်တော့ ကုစရာ ဆေးမရှိတော့။ လုပ်ရမှာ ကြောက်လို့၊ စိတ်ရှုပ ်မခံနိုင်လို့ ဆိုတာမျိုး ဆင်ခြေပေးမိသည် ဆိုလျှင်တော့ ထိုသို့ အချိန်ဆွဲ နေခြင်းသည် ကိုယ့်ကျောပေါ်မှာ ဝန်ထုပ်တွေပိုများ သထက်များလာအောင် စုတင်နေခြင်းနဲ့သာ တူလိမ့်မည်။ကြာလေ လေးလေနှင့် စိတ်ပျော်စရာ မရှိတော့။


ပျော်အောင် ။ ။ လုပ်ရမှာ ဝန်လေးနေသည့် အလုပ်မျိုး မလုပ်ခင် စိတ်ပေါ့ပါးသွားအောင် သီချင်းနားထောင်တာမျိုး၊ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးပါ။ ထိုသို့လုပ်ခြင်းဖြင့် လုပ်ရတာ စိတ်ဖိစီးခြင်းအစား ပျော်ရွှင်ခြင်းဖြစ်လာလိမ့်မည်။


၆။ အဆိပ်သင့် ဆက်ဆံရေးထဲမှာ ပိတ်မိနေသည်။

            အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်း ဆက်ဆံရေး စသည်တို့မှာ အဖုအထစ် ဖြစ်နေခြင်းကို အဆိပ်သင့် ဆက်ဆံရေးဟုခေါ်သည်။ လူအများအပြား စိတ်ညစ်သည် စိတ်ညစ်သည်နှင့်သာ ပြောနေသည်၊ ဘာကြောင့် ညစ်ရသည်ကို အကြောင်းရင်း မဖော်ထုတ်ဖြစ်ကြ။ အများစုကြီး စိတ်ညစ်စိတ်ဓာတ်ကျစေသည့် အကြောင်းရင်းကား အဆိပ်သင့် ဆက်ဆံရေး များကြောင့် ဖြစ်ကြောင်း စိတ်ပညာရှင်များက ဆိုသည်။ မိသားစုနဲ့ အဆင်မပြေ၊ အိမ်ထောင်ဘက်က ကိုယ့်ကိုမလေးစား စသည် တို့သည် စိတ်ထဲမှာ အဆိပ်သင့်နေတတ်သည်။


ပျော်အောင်။ ။ အဆိပ်သင့် ဆက်ဆံရေး ဖြစ်နေရသည်ဟု ထင်ရသူများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ ကြားခံ လူတစ်ယောက်ယောက် အကူအညီဖြင့်သော်လည်းကောင်း ဖြေရှင်းပါ။


၇။ ခံစားချက်တွေ များလွန်းသည်။

            လမ်းလျှောက်ရင်း ပလက်ဖောင်း အက်ကွဲကြောင်းထဲ ခြေချော်ကျပြီး ဟပ်ထိုးလဲတော့မလို ဖြစ်သွားပါက ပုခုံးတွန့်ပြီး အင်း...ဖြစ်ကို ဖြစ်ရမယ်ဟု ပြံုးလိုက်တာမျိုးပင် မလုပ်နိုင်ဘဲ လောကကြီးကို ဆဲဆိုသည်အထိ ဖြစ်လာပြီဆိုလျှင်တော့ ကိုယ် ခံစားချက်တွေ များလွန်းနေပြီဆိုတာ သတိထားပါ။ အသေးအမွှားလေးတွေကို ရယ်ပစ်နိုင်အောင် ကြိုးစားပါ။ ခလုတ် တိုက်တာကအစ လောကကြီးကို ဆဲရသည်အထိ စိတ်ဝန်ပိနေပြီဆိုလျှင် တစ်ကယ်တမ်း ကြီးမားသည့်ကိစ္စများ ကြံုလာရပါက ကိုယ့်စိတ်သည် ဝန်ထုပ်အောက်မှာ ပြားသွားဖို့သာ ရှိတော့မည်။


ပျော်အောင် ။ ။ ရယ်မောခြင်းသည် စိတ်ကျခြင်းကို ကုစားဖို့ ပထမဆုံးနှင့် အကောင်းဆုံး ဆေးဝါးဖြစ်သည်ကို အမြဲသတိရပါ။


၈။ မအိပ်မနေ အသက်ချွေ။

            အိပ်စက်ခြင်းသည် ခန္ဓာကိုယ် ယန္တရားကို ဆီဖြည့်ပေးခြင်း ဖြစ်သည်။ ဆီရှိမှ ကားမောင်းနိုင်မည်။ အိပ်စက်ခြင်းရှိမှ ခန္ဓာကိုယ် ပုံမှန်လည်ပတ်နိုင်မည်။ အိပ်စက်ခြင်းသည် စိတ်ပိုင်းရော၊ ကိုယ်ပိုင်း လုပ်ငန်းဆောင်တာများကိုပါ လွှမ်းမိုးမှုရှိသည်။ မိမိအတွက် လိုအပ်သောအိပ်ချိန် မလုံလောက်လျှင် ဆီမရှိသော ကားပမာ ဖြစ်နေမည်။


ပျော်အောင် ။ ။ အိပ်ရေး မဝစေသည့် အကြောင်းများကို စာရင်းချရေးပါ။ ကုစားနိုင်မည့် နည်းလမ်းကို စဉ်းစားကာ လက်တွေ့ လုပ်ပါ။


၉။ ကိုယ်ပိုင်ချိန် မရှိ။

            ကလေးတွေ ကိစ္စ၊ အလုပ် ကိစ္စ၊ အိမ်မှု ကိစ္စ၊ လူမှု ကိစ္စ စသည် စသည်ဖြင့် ရှိသမျှအချိန် သူများကို ပေးနေရပြီး ကိုယ့်အတွက် ကိုယ်ကား အချိန်မပေးနိုင်ဖြစ်နေ ဖြစ်နေလျှင် စိတ်ကျခြင်း၊ စိတ်နုံုးခြင်းများက ကိုယ့်ဆီရောက်လာတော့မည် ဆိုတာ သတိရလိုက်ပါ။ ကိုယ်တစ်ယောက်တည်း အေးအေးလူလူ လုပ်ချင်တာလုပ်နေ နိုင်အောင် (၁၀) မိနစ် လောက်ဖြစ်ဖြစ်၊ တစ်နာရီလောက်ဖြစ်ဖြစ်၊ တစ်ရက်လောက်ဖြစ်ဖြစ် အချိန်ရအောင် ဖန်တီးပါ။ ကိုယ်ပိုင်ချိန် ဖန်တီး ရယူခြင်းသည် စိတ်ထဲက ဝန်ထုပ်များကို ဆေးချပစ်ခြင်းနှင့်လည်း ဆင်တူ၏။


ပျော်အောင် ။ ။ သူများအတွက် အချိန်ပေးသလို ကိုယ့်အတွက်လည်း အချိန်ပေးပါ။ အလုပ်များ သူများ အချိန်ဇယားပါဆွဲပြီး ကိုယ့်အတွက် အချိန်သပ်သပ်ဖယ်ပါ။


၁၀။ ဘယ်သူနဲ့မှ မယ်မယ်ရရ စကား မပြောဖြစ်။

            ဖေ့စ်ဘွတ်ခ် တွစ်တာ ဆိုရှယ် မီဒီယာ ခေတ်ကြီးမှာ အွန်လိုင်းက အချိန်မရွေး ဆက်သွယ်နိုင်ကြသဖြင့် အပေါင်းအသင်း များနဲ့ အဆက်အသွယ်မပြတ် ရှိနေသည်မှန် သော်လည်း တကယ်တမ်း ဘယ်သူနဲ့ အားရပါးရ စကားပြောဖြစ်လဲ ပြန်စဉ်းစားရင် ဘယ်သူနဲ့မှ မပြောဖြစ်တာ သိရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် နားလည်စေသည့် မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ဆက်ဆံရေးမျိုးသည် မျက်နှာချင်းဆိုင် လူချင်းတွေ့မှသာ ဖြစ်နိုင်မည်။ ထို့ကြောင့် ချစ်သူခင်သူ မိတ်ရင်းဆွေဖော်များနဲ့ လူချင်း တွေ့ အားရပါးရ စကားပြောတာ တစ်လကို ဘယ်နှကြိမ်ရှိလဲ ပြန်စဉ်းစားပါ။ ကြိမ်ရေ တိုးနိုင်သမျှ တိုးအောင် ကြိုးစားပါ။ ရင်ဘတ်နဲ့ ပေါင်းလို့ရသော လူရင်းများများရှိလေ ဘဝက နေပျော်စရာ ကောင်းလေဆိုတာ သုတေသန များစွာကလည်း လက်တွေ့ပြသ ထားကြပြီးဖြစ်သည်။


ပျော်အောင် ။ ။ တစ်ပတ်ကို တစ်ကြိမ်လောက် မိသားစုဝင်များနဲ့ ဖြစ်စေ၊ မိတ်ဆွေ တစ်ယောက်ယောက်နဲ့ ဖြစ်စေ တွေ့ဆုံ နိုင်အောင် ကြိုးစားပါ။


Credit : The Messenger




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18