Print

ဆီးချိုရောဂါသည်များ တစ်ရက်မှာ ထမင်းဘယ်လောက် စားသင့်သလဲ?

  25-Feb-2017
Preview Image

ထမင်းဟာ မြန်မာတစ်ယောက်အတွက် လိုအပ်တဲ့အင်အား (ကယ်လိုရီ) ကို အဓိကဖြည့်ဆည်းပေးတဲ့ အစားအစာ ဖြစ်တာမို့ ဆီးချိုဝေဒနာရှင်တစ်ယောက် တစ်ရက်မှာထမင်း ဘယ်လောက် စားသင့်သလဲဆိုတာ သူ့အတွက် တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီပမာဏအပေါ် မူတည်ပါတယ်။

 

ကောက်ညှင်း၊ ဂျုံ၊ ပြောင်း၊ အာလူး၊ စတဲ့ ကစီကြွယ်ဝတဲ့ အခြားအစားအစာတွေ စားသုံးမှု အပေါ်မှာလည်း မူတည်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက်ဟာ သူ့ရဲ့ ကိုယ်အလေးချိန်၊ အရပ်အမောင်း အသက်၊ ကျား -မ၊ ကိုယ်လက်လှုပ်ရှားမှု အခြေအနေတို့အပေါ် မူတည်ပါတယ်။ ဝနေတဲ့ လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ချဖို့၊ ကယ်လိုရီစားသုံးမှုကို လျှော့ဖို့ လိုအပ်တာကြောင့် မဝတဲ့ လူလောက် ထမင်းများများ မစားသင့်ပါဘူး။ ကိုယ်လက် လှုပ်ရှားမှုနည်းသူဟာ ကိုယ်လက်လှုပ်ရှားမှု များတဲ့သူလောက် ထမင်းများများ မစားသင့်ပါဘူး။ ကောက်ညှင်း၊ ဂျုံ၊ ပြောင်း၊ အာလူးစတဲ့ ကစီကြွယ်ဝတဲ့ အခြားအစားအစာတွေ စားသုံးတဲ့ နေ့မှာ ထမင်းကို အချိုးကျ လျှော့ပြီး စားဖို့လိုပါတယ်။

 

ယေဘုယျအားဖြင့် ဆန်၊ ကောက်ညှင်း၊ ဂျုံ၊ ပြောင်း၊ အာလူး၊ စတဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာ အမျိုးမျိုး စားသုံးမှု အားလုံးကို ပေါင်းလိုက်ရင် တစ်ရက်မှာ ကစီခြောက်ပွဲမှ ၁၁ ပွဲ (၆-၁၁ serving) ထိ စားနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ဖို့လိုနေသူ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူက ၆ ပွဲ၊ ၇ ပွဲ၊ ကိုယ်အလေးချိန် လျှော့ဖို့မလိုသူ၊ ကိုယ်လက်လှုပ်ရှားမှုများသူက ၁၀ ပွဲ၊ ၁၁ ပွဲ စသဖြင့် ဖြစ်ပါတယ်။ ကစီကြွယ်ဝတဲ့ အစားအစာတွေရဲ့ ပမာဏကို ပြောတဲ့အခါ ဟာဗိုဟိုက်ဒရိတ် ၁၅-ဂရမ် ပါတဲ့ ပမာဏဟာ တစ်ပွဲ။ တစ်ခါပြင် (one serving) ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ဆိုင်ရှင်တွေ သတ်မှတ်ရောင်းချတဲ့တစ်ပွဲ၊ တစ်ခါပြင်ကို ပြောတာ မဟုတ်ပါဘူး။ ဟင်းခပ်ဇွန်းနှင့် အမောက် ထမင်းသုံးဇွန်းဟာ တစ်ခါပြင် (one serving) ဖြစ်ပြီး အိမ်တွေမှာ သုံးတဲ့ ထမင်းပန်ကန်ပြားနှင့်ဆိုရင် သုံးပုံတစ်ပုံလောက် ရှိပါတယ်။


ဒါကြောင့် ဟင်းခပ်ဇွန်းနှင့် အမောက်ကိုးဇွန်းထည့်ထားတဲ့ ထမင်း တစ်ပန်ကန်ပြားဟာ သုံးပွဲ၊ သုံးခါပြင် (three servings) ဖြစ်ပါတယ်။ ဥပမာ - ကယ်လိုရီ လိုအပ်ချက်နှင့်အညီ တစ်ရက်မှာ ကာဗိုဟိုက်ဒရိတ် ကိုးပွဲ (nine serving) လောက် စားခွင့်ရှိသူတစ်ယောက်ဟာ နေ့လယ်စာ ထမင်းတစ်ပန်ကန် (Three serving) စားတယ်ဆိုရင်၊ အဲဒီနေ့မှာ ထမင်းတစ်မျိုးတည်းမှ ကစီခြောက်ခါပြင် (six serving)၊ ဖြစ်ပါတယ်။

 

ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ အာလူး၊ ပြောင်းဖူးပြုတ်စတဲ့ ကစီကြွယ်ဝတဲ့ အခြားအစားအစာတွေ စားဦးမယ်ဆိုရင် သုံးပွဲ (three serving) လောက် စားနိုင်ပါတယ်။တစ်ရက်မှာ ကာဗိုဟိုက်ဒရိုတ်ကိုးပွဲ စားခွင့်ရှိတဲ့ အဲဒီလူဟာ နေ့လယ်စာမှာ ထမင်းကို ပန်းကန်ပြားရဲ့ သုံးပုံနှစ်ပုံသာ စားတယ်ဆိုရင် အဲဒီနေ့မှာ ထမင်းမှ ကစီလေးခါပြင် (four serving) သာ ရနိုင်တဲ့အတွက် ပေါင်မုန့်၊ အာလူးစတဲ့ ကစီကြွယ်ဝတဲ့ အခြား အစားအစာတွေ ငါးပွဲလောက် စားနိုင်ပါတယ်။ အလျား ၄ လက်မ၊ အနံ လက်မ၊ အထူ လက်မဝက်၊ အလေးချိန် ၃၀ ဂရမ်လောက်ရှိတဲ့ ပေါင်မုန့်ပါးပါးတစ်ချပ်ဟာ တစ်ပွဲ (one serving) ဖြစ်ပါတယ်။ အာလူးငါးကျပ်သားဟာ တစ်ပွဲ (one serving) ဖြစ်ပါတယ်။ တစ်နပ်စီမှာ စားတဲ့ထမင်းပမာဏကို လျှော့ပြီး ကယ်လိုရီလို အပ်ချက်နှင့်လည်း ကိုက်ညီအောင်၊ ကစီကြွယ်ဝတဲ့အခြား အစားအစာတွေလည်း စုံလင်အောင် စားသုံး
ခြင်းအားဖြင့် အာဟာရဓာတ်တွေ ပိုပြီးစုံစုံလင်လင် ရနိုင်ပါတယ်။ 

 

ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်လျော်တဲ့ဆန်
ဆန်မှန်သမျှ ကစီကြွယ်ဝတဲ့အတွက် ထမင်းများများစားရင် သွေးချိုများများ တက်မှာပဲဆိုတာကို ပထမဆုံး နားလည်ထားသင့်ပါတယ်။ သွေးချို အတက်နှေးတဲ့ ဆန်မျိုးရှိသလိုသွေးချိုအတက်မြန်တဲ့ ဆန်မျိုးလည်းရှိပါတယ်။ ဆန်လုံးညိုဟာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ စတဲ့ အာဟာရဓာတ်တွေ ပိုမိုကြွယ်ဝတဲ့အပြင် အစာမျှင်ကြွယ်ဝပြီး သွေးချို အတက်နှေးတာကြောင့် သွေးချိုဝေဒနာရှင်တွေအတွက် ဆန်ဖြူ၊ ဆန်ချောထက် ဆန်လုံးညိုက ပိုပြီးသင့်လျော်ပါတယ်။

 

ဆီးချိုအတက်နှေးတဲ့ ဆန်မျိုးကို ဆီချိုဆန်လို့ ပြောကြတာရှိပါတယ်။ ဆီးချိုတက်နှုန်း အနှေးအမြန်ဟာ ဆန်အမျိုးအစားပေါ်မှာလည်း မူတည်ပါတယ်။ ဆန်ထဲက ကစီဓာတ်ဟာ Anylose ဆိုတဲ့ ပေါ်လီဆက်ခရိုက် (polysaccharide) ဓာတ်ပေါင်း ပါဝင်မှုနည်းလျှင် ဆန်ဟာ သွေးချိုအတက်မြန်ပါတယ်။ Amylase များလျှင် သွေးချိုအတက်နှေးပါတယ်။ အချို့နိုင်ငံတွေမှာ Amylose များအောင် သွေးချိုအတက်နှေးအောင်၊ တမင်ပြုပြင်ထားတဲ့ ဆန်မျိုးတွေရှိပါတယ်။ 

 

ဆီးချိုဆန်ဆိုတဲ့ ဘာစမာတီ (Basmati) ဆန်ဟာ သွေးချို အတက်နှေးတဲ့ ဆန်တစ်မျိုးဖြစ်ပါသည်။ အိန္ဒိယနိုင်ငံမှာ အများအပြား စိုက်ပျိုးဖြစ်ထွန်းပြီး ဆန်လုံးသွယ်တဲ့ ဘာ့စမာတီဆန်ဟာ အခြားဆန်တွေထက် သွေးချိုအတက် သိသိသာသာ နှေးပါတယ်။ ဘာ့စမာတီ ဆန်လုံးညိုဟာ ဘာ့စမာတီဆန်ဖြူထက် သွေးချိုတက်နှုန်း ပိုပြီးနှေးပါတယ်။ ထမင်းစားပြီး နှစ်နာရီသုံးနာရီအတွင်း သွေးထဲမှာသကြားဓာတ် တက်တာများတတ်တဲ့ ဆီးချိုဝေဒနာရှင်အတွက် ဘာ့စမာတီဆန်စားတာ အကျိုးရှိပါတယ်။ ဒါပေမယ့် ရိုးရိုးဆန်စားသည်ဖြစ်စေ၊ ဆီးချိုဆန်စားသည်ဖြစ်စေ စားတဲ့ ထမင်းပမာဏများရင် သွေးထဲကိုရောက်လာတဲ့ သကြားပမာဏများမှာပဲဆိုတာတော့ မမေ့သင့်ပါဘူး။ 

 

“ငါဆီချိုဆန် စားနေတာပဲ၊ သွေးချိုတက်မှာ မဟုတ်ပါဘူး" လို့ထင်ပြီး ထမင်းပိုစားရင် မှားပါလိမ့်မယ်။ ဆီးချိုဆန်အစစ်ကို ခက်ခက်ခဲခဲ ရှာရမယ်၊ စျေးလည်း အဆမတန် ကြီးတယ်ဆိုရင် စားနေကျဆန်ကိုပဲ မိမိတစ်နေ့တာ လိုအပ်တဲ့ကယ်လိုရီပမာဏ၊ စားသင့်တဲ့ ကာဗိုဟိုက်ဒရိုတ် ပမာဏတို့နှင့် ချင့်ချိန်ပြီး အဆင်ပြေအောင် စားလို့ရပါတယ်။ စက်ကြိတ် ဆန်ဖြူချင်း တူရင်စေးတဲ့ ထမင်းက ဖွတ်တဲ့ထမင်းထက် သွေးချိုအတက်ပိုပြီး မြန်တဲ့သဘောရှိပါတယ်။

 

Healthcare.com.mm

Ref:
ဒေါက်တာလှကြည်
Wellness magazine, January 2015, pg.40-41



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18